ကျွန်တော်တို့က ရှင်းလင်းသေချာတဲ့ ရွေးချယ်မှုတစ်ခုကိုလုပ်ခဲ့ပြီး ကိုယ့်အတွက်လည်းရှင်းတယ်၊ တခြားလူတွေအတွက်လည်း ပွင့်လင်းမြင်သာစွာ ရှင်းပြခဲ့ပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုနဲ့အတူ ကျွန်တော်တို့ မဖောက်မပြန် အမြဲရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုနဲ့အတူတူ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုတဲ့ ပုဂ္ဂိုလ်ရေး ခံစားမှုလည်း ပေါ်ထွက်လာနိုင်ပါတယ်။ လူသားသဘာ၀ အခြေခံသဘောတရားမှာ အတ္တစိတ်က အမြဲရှိနေတာပဲ။ အတ္တရဲ့ အဓိကအလုပ်ကလည်း ကိုယ့်ကိုယ်ကိုယ်လုံခြုံမှုရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ပဲ မဟုတ်ဘူးလား။ ဒါဟာ အတွင်းထဲက ပေါ်ထွက်လာတဲ့စိတ်၊ ကျွန်တော်တို့နဲ့ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ တွေ့နေရတဲ့ လူတိုင်းမှာရှိနေတဲ့ စိတ်ပါပဲ။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ လူတစ်ယောက်က သူ့ရဲ့ ရပ်တည်ချက်တစ်ခုကို ဗြောင်ပြောချလိုက်ပြီဆိုရင်တော့ သူ့ရဲ့အတ္တစိတ်က သူ့ရဲ့ရပ်တည်ချက်ကို ကာကွယ်ရပါလိမ့်မယ်။
တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ လူတွေဟာ သူတို့ရဲ့တန်ဖိုးထားမှုတွေကို ထုတ်ဖော်ကြေညာပြီးပြီဆိုရင်၊ ဒီတန်ဖိုးထားမှုအတိုင်း တစ်သမတ်တည်း လိုက်နာစောင့်ထိန်းတယ်လို့ တခြားသူတွေက မြင်ကြစေချင်တယ်။ ဒီအချက်ဟာ ကျွန်တော်တို့အတွက်လည်း မှန်တယ်။ ကျွန်တော်တို့နဲ့ စေ့စပ်ညှိနှိုင်းဘက်အတွက်လည်း မှန်ပါတယ်။ တန်ဖိုးထားမှုဆိုတာဟာ ကိုင်တွယ်လို့ရတာလည်း မဟုတ်သလို အကောင်အထည်ရှိတာလည်း မဟုတ်ပေမဲ့ လူ့ဘဝရဲ့ နက်ရှိုင်းတဲ့အရည်အချင်း တစ်ရပ်ဖြစ်သလို၊ လူ့ဘဝအတွက် ပြည့်စုံမှုကို ဆောင်ယူပေးနိုင်တယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုများအပေါ်မှာ လေးစားမြတ်နိုးမှုတွေပိုရှိလေ လူ့ဘဝရဲ့ပျော်ရွှင်မှု သုခအရသာ ပိုရှိလေပါပဲ။ ကျွန်တော်တို့ရဲ့ဘဝမှာ စိတ်ဆင်းရဲစရာတွေနဲ့တွေ့တိုင်း တန်ဖိုးထားမှုတွေဟာ ကျွန်တော်တို့အတွက် လမ်းမှန်ကိုပြသပေးမယ့် လမ်းပြမှတ်တိုင်လို အားကိုးနိုင်ပါတယ်။ တန်ဖိုးထားမှုတွေဟာ လိုအပ်ချက်တွေနဲ့ ညီမျှခြင်းပုံသေနည်း ရေးဆွဲလို့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှုရအောင် ကြိုးစားအားထုတ်တဲ့နေရာမှာ အခြေခံကျတဲ့ လိုအပ်ချက်ကဘာလဲ။ လိုအပ်ချက်များကို ဖြည့်ဆည်းရင်းနဲ့ တန်ဖိုးထားမှုကို ရယူနိုင်ရမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ တန်ဖိုးထားမှုဟာ ပွင့်လင်းမြင်သာမှုဖြစ်ရင် ပွင့်လင်းမြင်သာအောင် လုပ်ရမယ့် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရမှာပဲ။ ဘယ်လောက်ဖြည့်ဆည်းပေးရမယ်၊ ဘယ်လိုဖြည့်ဆည်းပေးရမယ်ဆိုတာကတော့ သူ့အတိုင်းအတာနဲ့သူ ရှိပါလိမ့်မယ်။
နောက်တစ်ချက်က တန်ဖိုးထားမှုနဲ့ အဲဒီတန ဖိုးထားမှုကိုရရှိအောင် လုပ်ဆောင်ရတဲ့နည်းလမ်း ဒါမှမဟုတ် မဟာဗျူဟာနဲ့ ရောထွေးမှုမရှိစေသင့်ဘူး။ ကျွန်တော်တို့တန်ဖိုးထားမှုဟာ လှုပ်ရှားသွားလာမှုဆိုလို့ရှိရင် လမ်းပဲလျှောက်လျှောက်၊ စက်ဘီးစီးစီး၊ ကားပဲစီးစီး၊ မိုးပျံပူဖောင်းပဲစီးစီး လှုပ်ရှားသွားလာမှုပါပဲ။ ကိုယ်နဲ့ကိုက်တဲ့ လက်တွေ့ကျတဲ့ရွေးချယ်မှုလုပ်ဖို့သာ လိုတာပါ။ နည်းလမ်းတစ်ခု၊ မဟာဗျူဟာတစ်ခုအပေါ်မှာ စွဲလမ်းမှု သိပ်များသွားတဲ့အခါ ဘာဖြစ်နိုင်သလဲ။ စေ့စပ်ညှိနှိုင်းရေးစားပွဲတွေမှာ ဒါမျိုးအမြဲတမ်းတွေ့နေရတဲ့ကိစ္စပါ။ လှုပ်ရှားသွားလာမှုဟာ ကျွန်တော့်ရဲ့ တန်ဖိုးထားမှုဖြစ်တာမို့ ကျွန်တော့်ရဲ့ လက်ဇပ်ကာကြီး ဆုံးရှုံးသွားတာ ဝမ်းနည်းစရာ အလွန်ကောင်းတာမှန်ပေမဲ့ အခြားမော်တော်ယာဉ်တစ်မျိုးမျိုးရှိနေလည်း လှုပ်ရှားသွားလာနိုင်တာပါပဲ။ တန်ဖိုးထားမှုက မဆုံးရှုံးနိုင်ပါဘူး။ ကျွန်တော်တို့ဟာ အခြားဖြစ်နိုင်ခြေမှန်သမျှကို လျှော့ချပြီး တစ်စုံတစ်ရာအပေါ်မှာသာ အခြေချစဉ်းစားခြင်း ဒါမှမဟုတ် စွဲကပ်နေခြင်း ဖြစ်နေမှသာ အမှန်တကယ် စိတ်မကောင်းစရာ ဖြစ်ရတာပါ။
စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်ရောက်တဲ့အခါ စေ့စပ်ညှိနှိုင်းဖော်တွေရဲ့ တန်ဖိုးထားမှုတွေကို ကျွန်တော်တို့ စောစောသိနိုင်လေ ကောင်းလေပါပဲ။ လူတစ်ဦးချင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့ အတတ်ပညာဆိုင်ရာ တန်ဖိုးထားမှုတွေကို စကားဝိုင်းဖွဲ့ပြောဆိုနေကြရင်းဖြင့် သိနိုင်ကြပါတယ်။ ဘာမဆို ကိုယ်ကသိချင်ရင် ကိုယ်က စပြောရမှာပါပဲ။ ဥပမာအနေနဲ့ ကျွန်တော်က ရိုးသားဖြောင့်မတ်မှု၊ တရားမျှတမှု၊ တန်းတူညီတူရှိမှု၊ တည်ကြည်မှုနဲ့ ပွင့်လင်းမှုကို တန်ဖိုးထားကြောင်း စတင်ပြောကြားခဲ့ပြီး သူတို့ဘက်က တန်ဖိုးထားမှုတွေကိုလည်း ဒီအတိုင်းပဲလားလို့ စူးစမ်းကြည့်ရပါမယ်။ သူတို့ဘက်ကလည်း ဒီအတိုင်းပဲဆိုရင် အလုပ်ဖြစ်ပါပြီ။ ဒါဟာ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်စလုံးအတွက် ဘုံသဘောတူညီချက်ဖြစ်လာပြီး ဆက်လက်ဆွေးနွေးကြရာမှာ အခက်အခဲအကျပ်အတည်းတွေ ဖြစ်လာခဲ့ရင် ကောင်းစွာ အကူအညီရလာမှာ ဖြစ်ပါတယ်။ သူတို့ဘက်ကလည်း အိုကေပြီဆိုရင် ဒီဘုံသဘောတူညီချက်နဲ့အတူ တစ်သမတ်တည်းရှိခြင်း သဘောတရားကို လက်ကိုင်ပြုလို့ရပါပြီ။ ဒါကို နှစ်ဦးနှစ်ဖက်ရှေ့မှောက်မှာ စာနဲ့ရေးပြီး ကြေညာနိုင်ပါတယ်။ ဒီကြေညာချက်ဟာ နောက်ပိုင်းမှာလည်းပဲ တစ်သမတ်တည်းရှိစေဖို့အတွက် တာဝန်ခံမှုအဖြစ် စည်းနှောင်ထားပါလိမ့်မယ်။
တကယ်လို့ အခြားဘက်က ဒီလိုသဘောတူညီမှုမျိုး မရှိဘူးဆိုရင်တော့ ကျွန်တော်တို့က နောက်ထပ် အခွင့်အရေးတစ်ခုကို ထပ်ရှာရပါမယ်။ သူတို့မှာ ဒီလို လုပ်လေ့လုပ်ထမရှိတာ၊ အတွေ့အကြုံမရှိတာလည်း ဖြစ်နိုင်တယ်။ စစချင်းဆိုတော့ တစ်ခုခုသဘောတူရမှာ မယုံသင်္ကာဖြစ်နေနိုင်ပါတယ်။ ကျွန်တော်တို့က ညင်သာစွာကိုင်တွယ်ရပါမယ်။ ပညာပေးခြင်းနဲ့ အားပေးခြင်း နည်းလမ်းများ အသုံးပြုသင့်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒီသဘောထားအတိုင်း လိုက်နာသွားမယ်လို့ ပြောရပါမယ်။ အလုပ်ကိစ္စတွေ ဆွေးနွေးကြရင်း တစ်ခုခုလိုက်လျောပေးရမယ့်ကိစ္စတစ်ခု ရှိတယ်ဆိုပါတော့။ အချိန်ကန့်သတ်ချက် တစ်ခုအတွင်းမှာ ခိုင်မြဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပေးရမယ်လို့ သူတို့က တောင်းဆိုပါတယ်။ ဒါဟာ နည်းပရိယာယ် ဟုတ်မဟုတ် စဉ်းစားရတော့မယ်။ ကျွန်တော်တို့ဘက်က အချိန်ကန့်သတ်ချက် တကယ်လိုသလား မလိုဘူးလား စစ်ဆေးရတယ်။ အချိန်ကန့်သတ်ချက် တကယ်မလိုကြောင်း ပေါ်လွင်လာတဲ့အခါ အခြားတစ်ဘက်က အချိန်ကန့်သတ်ချက်ထားခြင်းဟာ အတင်းလက်ခံလာအောင် ဖိအားပေးခြင်း ဖြစ်တယ်ဆိုပြီး ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှု၊ ဘုံသဘောတူညီချက်နဲ့ တစ်သမတ်တည်းရှိခြင်း သဘောတရားတို့ကို ချပြပြီးရှင်းလင်းရမယ်။ ဒါပေမဲ့ ဒီလိုပြောဆိုမှုဟာ သံတမန်ပရိယာယ် ကြွယ်ဝစွာဖြင့် ရှင်းပြရမှာဖြစ်ပြီး အင်အားကြီးမားတဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်တဲ့ အတ္တမောင်းခလုတ်ကို ဖြုတ်ချလိုက်သလို မဖြစ်အောင်တော့ ဂရုစိုက်ရပါတယ်။
ဒါပေမဲ့ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ် ရောက်လာတဲ့ လူအများစုဟာ ကိုယ်ကျင့်သိက္ခာ စောင့်စည်းနိုင်ကြသူတွေ ဖြစ်တယ်ဆိုတာကိုတော့ မမေ့အပ်ပါဘူး။ ဒါကြောင့် သူတို့ဟာ ပွင့်လင်းစွာဖော်ပြထားတဲ့ တန်ဖိုးထားမှုတွေကို တစ်သမတ်တည်း လိုက်နာစောင့်ထိန်းမှုရှိခြင်း သဘောတရားကို အသေအချာ လိုက်နာကြမှာ ဖြစ်ပါတယ်။
မင်းဗထူး