လှောင်အိမ်ထဲမှာ မျောက်ငါးကောင်ကိုထည့်ပြီး လှောင်အိမ်ရဲ့အမိုးကနေ ငှက်ပျောသီးတစ်ဖီးကို ကြိုးနဲ့ဆွဲကာ လှောင်အိမ်တွင်းကို တွဲလောင်းချထားပေးပြီး အဲဒီငှက်ပျောသီးတက်ယူလို့ရမယ့် လှေကားတစ်စင်းကိုလည်း ထောင်ပေးထားပါတယ်။ ဒါပေမဲ့ မျောက်ငါးကောင်ထဲက တစ်ကောင်က လှေကားပေါ်တက်ဖို့ ခြေချလိုက်တာနဲ့ ကျန်လေးကောင်က ရေအေးနဲ့ပက်လိုက်ပါတယ်။ ဒီလိုနဲ့ မျောက်တစ်ကောင်က လှေကားနားကပ်တာနဲ့ ကျန်အကောင်တွေက ရေအေးနဲ့ အမြဲပက်ပါတယ်။ မကြာခင်မှာပဲ မျောက်တစ်ကောင်က လှေကားနားကပ်တာနဲ့ ကျန်လေးကောင်က အကပ်မခံဘဲ ဝိုင်းတားကြတာကို မြင်လာရပါတယ်။ ဒီအချိန်မှာ မျောက်ငါးကောင်ထဲက တစ်ကောင်ကို အသစ်တစ်ကောင်နဲ့ လဲလိုက်ပါတယ်။ အဲဒီအခါမှာ အသစ်ကောင်က ငှက်ပျောသီးယူဖို့ လှေကားပေါ်တက်ဖို့ပြင်ရင်ပဲ ကျန်လေးကောင်က ဝိုင်းတိုက်ကြခိုက်ကြပါရော။ ဟိုအကောင်လည်း ဘာမသိညာမသိ ခံလိုက်ရတာပေါ့။ နောက်တော့ လှေကားနားကပ်ရင် အဆော်ခံရမယ်ဆိုတာကို သူလည်းသိသွားတယ်။ မကြာမီ နောက်ထပ်မျောက်တစ်ကောင်ကို ထပ်ပြီး အသစ်လဲလိုက်ပြန်ပါတယ်။ အဲဒီအခါမှာ ဒီမျောက်အသစ်က လှေကားနားကပ်ရင် အားလုံးဝိုင်းတိုက်ကြတဲ့အခါမှာ ပထမဆုံး လဲလိုက်တဲ့အကောင်ပါ တက်တက်ကြွကြွပါနေတာ ထူးဆန်းစွာ မြင်ကြရပါတယ်။
နောက်တော့ မျောက်တစ်ကောင်ပြီး တစ်ကောင်လဲလိုက်တဲ့အခါ အသစ်ဝင်လာတဲ့မျောက်တွေဟာ ငှက်ပျောသီးယူဖို့ ကြိုးစားတိုင်း ကျန်အကောင်တွေရဲ့ အတိုက်ခိုက်ခံကြရတယ်။ နောက်ဆုံးတော့ လှောင်အိမ်ထဲမှာ ပထမဆုံးရှိခဲ့တဲ့ ရေအေးအပက်ခံရဖူးတဲ့ မျောက်တွေ တစ်ကောင်မှ မရှိတော့ဘူး။ ဒါပေမဲ့ နောက်ဝင်လာတဲ့ မျောက်တွေဟာ ရေအေး အပက်မခံရဖူးပေမယ့် မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးယူဖို့ကြိုးစားရင် လက်မခံဘဲ ဝိုင်းတိုက်ကြတာပဲဆိုတာ တွေ့ရပါတယ်။ တိုက်တဲ့မျောက်တိုင်းဟာလည်း သူတို့ ဘာလို့လှေကားပေါ်တက်ခွင့်မရတာလဲဆိုတာရော မျောက်အသစ်တွေဝင်လာတိုင်း လှေကားနားကပ်တဲ့အခါ ဝိုင်းတိုက်တဲ့အထဲ ကိုယ်တိုင်ဘာကြောင့် ပါဝင်ဖြစ်တယ်ဆိုတာကိုပါ နားလည်ကြတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနည်းနဲ့ လှောင်အိမ်ထဲက ဘယ်မျောက်မှ နားမလည်တဲ့ လှေကားနားဘယ်ကောင်မှ မကပ်စေနဲ့ဆိုတဲ့ ဥပဒေကြီးက အလိုအလျောက်အတည် ဖြစ်သွားတာပါပဲ။ မိတ်ဆွေများ ခင်ဗျား၊ ကုမ္ပဏီ လုပ်ထုံးလုပ်နည်း မူဝါဒဆိုတာရဲ့ ဖြစ်ပေါ်လာပုံသမိုင်းကလည်း အဲဒီပုံစံပါပဲတဲ့ ခင်ဗျား။
ဥပဒေသ။ ။ လုပ်ငန်းခွင်တွင်း အချို့ခံစားခွင့်များမှာ ရထိုက်သော တရားဝင်အခွင့်အရေးများဖြစ်သော်လည်း အစဉ်အလာခေါက်ရိုးကျိုးလုပ်ထုံးအမှားများဖြင့် တားမြစ်ခြင်းခံရသည်လည်း ရှိတတ်ပါသည်။ မည်သည့်ခံစားခွင့်မှာ ရယူထိုက်သည်၊ မည်သည့်ခံစားခွင့်မျိုးက မရယူထိုက်ဆိုသည်ကို အမှန်အတိုင်း ကျေကျေညက်ညက် နားလည်သိမြင်ပြီး စုပေါင်းရယူခံစားခြင်း၊ သို့မဟုတ် စုပေါင်းတားမြစ်ထိန်းသိမ်းခြင်းကို အထက်အောက် ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ။
ရီနေနိုင်