ဒီဘက်ခေတ်မှာ ကော်ဖီဆိုင်ထိုင်ရင်း အလုပ်လုပ်လာကြတဲ့ အနုပညာတစ်ရပ်ရှိလာနေပါတယ်။ ကော်ဖီဆိုင်မှာ အလုပ်လုပ်လာကြတယ်ဆိုတဲ့နေရာမှာ ပြောချင်တာက ကိုယ်က ကော်ဖီလာသောက်သူတစ်ယောက်၊ ကော်ဖီဆိုင်မှာ လက်ပ်တော့ကွန်ပျူတာနဲ့ထိုင်ပြီးတော့ အီးမေးလ်စစ်၊ စာရွက်စာတမ်းတွေနဲ့ အလုပ်လုပ်တာကိုပြောတာပါ။ တစ်ဆက်တည်းမှာ ဆိုင်တာဝန်ခံ/မန်နေဂျာ မျက်မုန်းမကျိုးအောင်လည်း ကော်ဖီလည်းမှာရင်း၊ ဒါပေမဲ့ ကော်ဖီကို အာစွတ်ရုံလောက်ပဲသောက်ရင်းနဲ့ အလုပ်လုပ်နေကြတာကို မကြာခဏတွေ့ဖူးကြမှာပါ။
အိမ်မှာ အရန်သင့်ကော်ဖီသောက်ရင်း အလုပ်လုပ်လို့ရတာကို ဘာကြောင့်ကော်ဖီဆိုင်ထိုင်ပြီး အလုပ် လုပ်လာကြတာလဲဆိုတာ စဉ်းစားစရာပေ။
ကော်ဖီဆိုင်ထိုင်ရင်း အလုပ်လုပ်လာကြတာရဲ့ ဖြစ်နိုင်တဲ့အကြောင်းအရင်းများစွာရှိနိုင်ပါတယ်။ ဥပမာ- သူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်ထိုင်လေ့ရှိကြရင်း ကော်ဖီစွဲသွားတာက တစ်ကြောင်း၊ ဆိုင်က ကော်ဖီဖျော်စက်လိုမျိူး အိမ်မှာ စက်ဝယ်ထားပြီး ကိုယ်တိုင်ကော်ဖီဖျော်သောက်ပေမယ့် ဆိုင်ဖျော်အရသာမထွက်တာကတစ်ကြောင်း၊ အိမ်မှာအလုပ်လုပ်မယ်ဆိုရင် ညအိပ်ဝတ်စုံနဲ့ပဲ စခန်းသွားပြီး တော့ Facebook ကို မကြာခဏဖွင့်စစ်မိတတ်တယ်၊ နေ့လယ်ခင်းမှာလည်း TV ကြည့်၊ သရေစာတစ်ထုပ်ပြီး တစ်ထုပ်စားရင်း အချိန်တွေကို အလဟဿကုန်သွားတတ်တာတွေကတစ်ကြောင်း ဒီလိုအကြောင်းကြောင်းတွေကြောင့် ယူဆမိပါတယ်။
အခုဆိုရင် ကော်ဖီဆိုင်ဖွင့်တာက ကိုယ့်ကိုယ်ကိုယ် လူ့အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်အောင် ကူ ညီတယ်လို့တောင် ခံစားရစေမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကော်ဖီဆိုင်မှာ တစ်နည်းပြောရရင် ကိုယ့် ဝန်းကျင်မှာ လူတွေကနေထိုင်၊ အသက်ရှူရင်း ကွန်ပျူတာနဲ့ အလုပ်လုပ်နေကြတဲ့အတွက် ကိုယ့်အနေနဲ့ အရေးပါပြီး အကျိုးဖြစ်ထွန်းစေတဲ့အရာကို ဖန်တီးလုပ်ကိုင်နေတယ်လို့ ခံစားရစေမှာပါ။ ဒါကြောင့် လူငယ်တော်တော်များများဟာ ကိုယ်ပိုင် Coffee ဆိုင်များဖွင့်ကြသလို Franchise ယူဖွင့်ကြတာမျိုးလည်း ရှိလာပါတယ်။ သဘောက သူတို့ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုပေမယ့် အင်တာနက် ကွန်ရက် ပေါ်မှာ ဒစ်ဂျစ်တယ်ကိန်းဂဏန်းတွေ ပြန်လှန်ပို့ရင်းနဲ့ အလုပ်ရှုပ်နေကြတယ်လို့ မတွေးမိစေတော့ပါဘူး။
အမှန်ပြောရရင် အများစုက အချိန်ကြာကြာ၊ အနှောင့်အယှက်ကင်းကင်းနဲ့ ကိုယ့်အိမ်မှာအလုပ်ပြီးစီး အောင်လုပ်နိုင်ဖို့ ကိုယ်တိုင်လည်း ယုံကြည်ချက်မရှိပါဘူး။ ဒါကြောင့်လည်း ကိုယ့်မှာ အပြီးသတ်ရက်အမီပြီး ရမယ့်အလုပ်၊ ဒါမှမဟုတ် ပရောဂျက်တစ်ခုရှိလာပြီဆိုရင် လက်ပ်တော့ဆွဲကိုင်ပြီး အနီးအနားရပ်ကွက်ထဲက ဆိတ်ငြိမ်တဲ့ကော်ဖီဆိုင်ကို သွားရတော့တာပါပဲ။ ကော်ဖီဆိုင်မှာဆို အိမ်မှာလို ကိုယ်အလုုပ်လုပ်နေစဉ်မှာ စကားလာပြောမယ့်သူလည်းမရှိ၊ သရေစာမုန့်တွေကလည်း ဘေးမှာမရှိ၊ ဆိုင်မှာကျ ကိတ် ဒါမှမဟုတ် မုန့်ဝယ်စားရင်လည်း ကိုယ့်ဘတ်ဂျက်လျော့မှာဆိုတော့ ဘာမုန့်မှလည်းမစားဖြစ်၊ အဲဒီတော့ ကော်ဖီတစ်ခွက်ကို တစ်ငုံချင်းအရသာခံ သောက်ရင်းနဲ့ အလုပ်ထဲစိတ်နှစ်ပြီး ပြီးမြောက်အောင်လုပ် နိုင်မယ်ဆိုတာ ယုံကြည်ကြပါတယ်။
ဒါပေမဲ့ လ့ူ့အဖွဲ့အစည်းကြားမှာ ကော်ဖီဆိုင်ထိုင်တာနဲ့ပတ်သက်လို့ သဘောထားတွေမတူကြပါဘူး။ ကော် ဖီဆိုင်မှာဆိုရင် တချို့က တခြားသူတွေနဲ့ စကားမပြော ဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ အပေါင်းအသင်းတွေက လည်း သူတို့လက်ပ်တော့၊ စမတ်ဖုန်းတွေပေါ်မှာပဲ အာရုံရှိနေကြပါတယ်။
တစ်ဆက်တည်းပြောစရာရှိတာက ကော်ဖီဆိုင်ထိုင်ရင်း အလုပ်လုပ်ဖို့ပဲ အာရုံရှိကြတဲ့သူတွေက ကော်ဖီ ဆိုင်ထိုင်ပေမယ့် ဘာမုန့်မှမစားပါဘူး။ ကိတ်တွေက ဈေးလည်းကြီး၊ သကြားပါဝင်မှုကများတော့ ကယ်လိုရီတက်မယ်၊ တစ်ကိုက်လောက် ကိုယ့်ဘာသာအလိုလိုက်မိရင် နေ့တိုင်းစားချင်နေတော့မှာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကော်ဖီဆိုင်ထိုင်ရင်း အလုပ်လုပ်လာတတ်ကျတော့ အခုဆိုရင် အလုပ်ပိတ်ရက်၊ အားလပ်ရက်တွေမှာ အလုပ်လုပ်စရာတွေရှိပြီး လပတ်အစီအစဉ်ကြိုဆွဲချင်တဲ့သူတွေကို ကော်ဖီဆိုင်တွေထဲ တွေ့ရမှာပါ။