ပဋိပက္ခ၊ ဝိရောဓိ၊ သဘောထားကွဲလွဲမှု၊ အချေအတင် ဖြစ်ပေါ်မှု၊ သဟဇာတမဖြစ်မှု၊ အငြင်းပွားမှု၊ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ တချို့အဘိဓာန်တွေမှာဆိုရင် အပြိုင်အဆိုင်ဖြစ်မှုဆိုပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြတယ်။ အမည်နာမတွေ ဘယ်လိုပဲတပ်တပ်၊ လူဆိုတာ နှစ်ယောက်နဲ့အထက် အတော်ကြာကြာကလေး ရှိနေကြပြီဆိုရင် သဘောထားကွဲလွဲမှုက ရေချိန်တစ်ခုအထိတော့ တက်လာတတ်ကြတာ သဘာဝပါပဲ။ ဒါကြောင့် ကျွန်တော်တို့ဟာ လူတွေအကြားမှာ ပဋိပက္ခ အနု ၊ အရင့်၊ အသေး၊ အကြီး ရှိနေကြတာတွေကို လက်ခံကြရပါမယ်။ ပြီးတော့ ဒီပဋိပက္ခတွေကို အနိမ့်ဆုံး ရေချိန်အထိ လျော့ကျသွားရအောင်၊ ပဋိပက္ခကြောင့် အပျက်သဘောရလဒ် ဖြစ်ပေါ်နိုင်ခြေရှိနေတာတွေကိုလည်း အောက်ဆုံးအထိ ရောက်သွားအောင် ကျွန်တော်တို့အစွမ်းကုန် ကြိုးစားအားထုတ်ကြရမယ် မဟုတ်ပါလား။
ပဋိပက္ခဖြစ်စရာအကြောင်းတရားတွေက အများကြီးရှိပါတယ်။ အသိဉာဏ်ဆိုင်ရာ ပဋိပက္ခ၊ ကိုယ်ကျင့်တရားဆိုင်ရာ ပဋိပက္ခ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပဋိပက္ခ၊ အဖွဲ့အစည်းဆိုင်ရာ ပဋိပက္ခ၊ လူ့အသိုက်အဝန်းဆိုင်ရာ ပဋိပက္ခ၊ နိုင်ငံရေးသဘောတရားဆိုင်ရာ ပဋိပက္ခ၊ စစ်ပွဲဆိုင်ရာ ပဋိပက္ခ၊ ယုံကြည်မှုဆိုင်ရာ ပဋိပက္ခ၊ အချိုးမညီတဲ့ ပဋိပက္ခစသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။ ပန်းတိုင်ချင်းကွဲလွဲတာ၊ ပါဝင်မှုအရေအတွက် မမျှတတာ၊ ကန့်သတ်မှု ကွာခြားတာတွေက စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ ယုံကြည်မှုဆိုင်ရာတွေ၊ အရိုးစွဲနေတဲ့ ယဉ်ကျေးမှုဓလေ့စရိုက်ဆိုင်ရာ ကိစ္စတွေ မပါဘူးဆိုရင်ပေါ့။
တခြားပဋိပက္ခတွေကလည်း အချိန်ယူပြီး ဖြေရှင်းလို့ ရနိုင်ပါတယ်။ တကယ့်ပြဿနာက ပဋိပက္ခတွေကို အမှန်တကယ် မဖြေရှင်းချင်တာပါပဲ။ ပဋိပက္ခကို နိုင်ငံရေး ဒါမှမဟုတ် စီးပွားရေးကစားဝိုင်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သဘောထားကာ တခြားလူတွေကြားကောင်းအောင် ဖြေရှင်းနေပါတယ်လို့ပြောပြီး အချိန်ဆွဲဆန့်ထားချင်တာမျိုးတွေကတော့ အန္တရာယ်များပါတယ်။ ပဋိပက္ခဆိုတာ ခြိမ်းခြောက်မှုတစ်မျိုးလို့ ဆိုနိုင်ပေမဲ့ သူ့မှာအခွင့်အရေးလည်း ရှိနေပါတယ်။ ပဋိပက္ခတွေကို စနစ်တကျဖြေရှင်းတတ်ရင် နှစ်ဦးနှစ်ဖက်စလုံးအတွက် ပေါင်းစည်းစွမ်းအင် ထွက်ပေါ်လာစေနိုင်ပါ တယ်။ ဒါဟာ နိုင်ငံရေး၊ စီးပွားရေး စကားဝိုင်းတွေမှာ မျှော်မှန်းနိုင်တဲ့ အကျိုးအမြတ်ထက် အဆပေါင်းများစွာ သာလွန်ပြီး စွန့်စားမှုလည်း နည်းမှာအသေအချာပါပဲ။
ရှေ့ပိုင်းမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပြီးပါပြီ။ ပဋိပက္ခကို လျော့ပါးစေလိုသူတိုင်းဟာ စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်မှာ အမှန်စကား၊ လေးစားသမှု၊ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်၊ အပေးအယူ၊ တစ်သမတ်တည်းရှိခြင်း အစရှိတဲ့ သဘောတရားတွေနဲ့ ဖြေရှင်းပေးနိုင်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးစတိုင်လ်တွေ အမျိုးမျိုးရှိကြတဲ့အနက် မူလပထမ 'ရွှေစည်းမျဉ်း'ဆိုတာ ထင်ရှားပါတယ်။ အဲဒါကတော့ 'သူများတွေက သင့်အပေါ် ပြုမူတာ ခံချင်သလိုပဲ၊ သင်ကလည်း သူများတွေအပေါ်မှာ ပြုမူဆက်ဆံပါ' တဲ့။ ဆိုလိုတာကတော့ တခြားလူတွေအပေါ် လေးစားသမှုပြုခြင်းဖြင့် ချိတ်ဆက်မှု ရယူလိုကြောင်း ပြသတာပါပဲ။
ဒီထက်ပိုပြီး အပေါင်းလက္ခဏာဆောင်တဲ့ လွှမ်းမိုးမှုကို ရရှိစေနိုင်တာကတော့ 'ပလက်တီနမ်စည်းမျဉ်း'ပါပဲ။ 'တခြားလူတွေရယူလိုတဲ့ ခံစားမှုအတိုင်းရရှိအောင် သူတို့အပေါ်မှာ ပြုမူဆက်ဆံပါ' တဲ့။ ဒါက ဘာကြောင့် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကိုဖြစ်စေနိုင်သလဲ။ ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားကြည့်ပါ။ သင့်ရဲ့ တန်ဖိုးထားမှုတွေ၊ ဦးစားပေးမှုတွေ၊ သင့်အကြိုက်တွေနဲ့အညီ သင့်အပေါ်မှာ ပြုမူဆက်ဆံတာ ခံရတယ်ဆိုရင်၊ သင့်ရဲ့စိတ်ခံစားမှုက ပိုကောင်းတယ် မဟုတ်လား။ စိတ်ခံစားမှုပိုကောင်းရင် ပဋိပက္ခကို လျော့ပါးစေတာပါပဲ။
ဒီနေရာမှာ ကျွန်တော်တို့ဟာ လူအများစုရဲ့ လက်တွေ့စိတ်ခံစားမှု အခြေအနေတစ်ခုကို နားလည်ထားသင့်ပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ 'ငါ'ဆိုတဲ့ အတ္တစိတ်က တစ်စိတ်တစ်ပိုင်းအနေနဲ့ အမြဲရှိနေပါတယ်။ အဲဒီအတ္တစိတ်ကလည်း ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အလုပ်တစ်ခုကို အမြဲလုပ်ပေးပါတယ်။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပေးတာပါပဲ။ ပုထုဇဉ်လူသားတွေအဖို့တော့ ဒါကမရှိလို့လည်း မဖြစ်ဘူးလေ။ ဆိုးတာကတော့ အတ္တစိတ်က ဒီလောက်နဲ့ရပ်နေတာ မဟုတ်ဘူး။ ကိုယ့်ရဲ့လုံခြုံမှုကို တခြားလူတွေရဲ့စရိတ်နဲ့ ကျခံခိုင်းနေတယ်။ သူများကို အပြစ်တွေတင်တယ်။ တိုင်တန်းတယ်။ မကျေမချမ်းဖြစ်တယ်။ ဒီကနေ တိုက်ခိုက်တယ်၊ လက်စားချေတယ်ဆိုတာ ဖြစ်လာတာပဲ။
နောက်ထပ်စိတ်တစ်ခုက မေတ္တာစိတ်ပါ။ ဒါကလည်း ကျွန်တော်တို့ရဲ့စိတ်ထဲမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါရှိနေတာပါပဲ။ မေတ္တာစိတ်က ပြောဖို့သာလွယ်တယ်။ လက်တွေ့လိုက်လုပ်ဖို့ ခက်ပါတယ်။ အတ္တစိတ်က မေတ္တာစိတ်ကို လက်တွေ့ကျင့်သုံးနိုင်ဖို့ အခွင့်အရေး မပေးလိုဘူး။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်း မကိုက်ညီတော့ဘူး၊ ပဋိပက္ခဖြစ်ချင်လာပြီဆိုတဲ့အခါမှာ မေတ္တာစိတ်ကိုပဲ ရွေးချယ်မလား၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း၊ ခံစားရင်း၊ တွေ့ကြုံရင်းနဲ့ အတ္တစိတ်ကိုပဲ ရွေးချယ်မလား၊ လူတစ်ဦးချင်းစီ အပေါ်မှာပဲ မူတည်ပါတယ်။
ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ ကျွန်တော်တို့ဟာ အတ္တဘက် မဲသာမသွားစေရအောင် လက်သုံးကိရိယာတစ်ခု အမြဲရှိနေဖို့ လိုအပ်ပါတယ်။ အဲဒီကိရိယာကတော့ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲ တစ်လျှောက်လုံးမှာ နှစ်ဖက်စလုံးက လိုက်နာစောင့်ထိန်းပေးရမယ့် ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ပါပဲ။
မင်းဗထူး