၂၀၁၆ ခုနှစ်မှာ Citizen က မိတ်ဆက်လိုက်တဲ့ အလင်းစွမ်းအင်သုံးနာရီတွေက ၂.၉၈ မီလီမီတာနဲ့ ကမ္ဘာမှာ အခုချိန်ထိ အပါးလွှာဆုံး အလင်းစွမ်းအင်သုံးနာရီတွေပဲဖြစ်ပါတယ်။ အလင်းစွမ်းအင်သုံးနာရီတွေအနေနဲ့ Solar Cell တွေက အဝိုင်းပုံရှိပြီးတော့ နာရီလက်တံတွေထိန်းတဲ့ ကိရိယာတွေနဲ့ တညီတည်းမှာထားနိုင်တယ်။ နာရီရဲ့ အစိတ်အပိုင်းတိုင်းကို အထူတစ်မီလီမီတာထက်နည်းအောင် ဒီဇိုင်းလုပ်ထားတယ်။ မော်တာကွိုင်ကိုလည်း အလင်းစွမ်းအင်သုံးနာရီအတွက်ရည်ရွယ်ပြီး အထူတစ်မီလီမီတာထက်နည်းအောင် ဒီဇိုင်းပြုလုပ်ထားပါတယ်။ ဒိုင်ခွက်ကလည်း ပုံဆောင်ခဲလိုပဲ နီလာတုဖြစ်ပြီး ဝ.၁၅ မီလီမီတာပဲထူပါတယ်။ အလင်းစွမ်းအင်သုံးနာရီအတွက် အထူးပြုလုပ်ထားတဲ့ အားပြန်သွင်းနိုင်တဲ့ Backup Cell ဟာ ၃.၇ ဗို့အားရှိပြီး ဝ.၈၇ မီလီမီတာပဲထူပါတယ်။ ခံနိုင်ရည်အားမကောင်းတဲ့အတွက် လက်နဲ့တပ်ဆင်ရတဲ့နာရီတွေပဲဖြစ်ပါတယ်။ Citizen ရဲ့ နာရီအသစ် နှစ်လုံးမှာ မြောင်းတွေကို Ceramic Metal တွေနဲ့ပြုလုပ်ထားပြီး သံချေးမတက်တဲ့ စတီးကိုယ်ထည်ကိုတော့ Duratect လို့ Citizen ကခေါ်တဲ့ စိန်နဲ့တူတဲ့ ကာဗွန်သုတ်လိမ်းထားပါတယ်။ အလွန်ပါးလွှာတဲ့ နာရီတွေနဲ့ပတ်သက်လို့ အရေးကြီးတဲ့အချက် နောက်တစ်ခုက ဒီလိုအလင်းစွမ်းအင်သုံးနာရီတွေကို စက်ရုံကခွင့်ပြုထားတဲ့ နာရီပြင်စင်တာတွေမှာပဲ ပြင်ရပါမယ်။ နာရီရဲ့နောက်ကျောမှာပဲ ကိုယ်တိုင် ဒါမှမဟုတ် တစ်ယောက်ယောက်ဆီမှာ ပြင်တာမျိုးမလုပ်ဖို့ သတိပေးထားပါတယ်။ ဒီနာရီတစ်ခုလုံးကို မြောင်းတစ်လျှောက် ဆက်ထားတဲ့ ဝက်အူလေးခုနဲ့ ပြုလုပ်ထားပြီး ကျောဘက်ခြမ်းအလယ်မှာ အဖုံးနဲ့ချိတ်ထားတာ ဖြစ်ပါတယ်။ ဒီနာရီပုံစံနှစ်မျိုးရဲ့ဈေးတွေက ဒေါ်လာ ၃,၅၀၀ ဖြစ်ပါတယ်။ ဒီဈေးနှုန်းက နည်းပညာအဆင့်မြင့်တဲ့ Quartz နာရီတွေနဲ့ တစ်တန်းတည်းပဲ ဖြစ်ပါတယ်။