တရုတ်နိုင်ငံက ပုဂ္ဂလိကပိုင်လုပ်ငန်းတွေဟာ ပြည်တွင်းပြည်ပနှစ်ဌာနစလုံးမှာ ဂုဏ်သတင်းကျော်ကြားပြီး သြဇာလွှမ်းမိုးမှုရှိလာပါတယ်။ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းတွေဟာ တရုတ်နိုင်ငံရဲ့ ဈေးကွက်စီးပွားရေး အသွင်ပြောင်းလဲမှုဖြစ်စဉ်မှာ အဓိကမောင်းနှင်သူတွေပိုပြီးဖြစ်လာနေတာတွေ့ရပါတယ်။
၂၀၁၇ ခုနှစ် ဇူလိုင်လမှာထုတ်ပြန်ခဲ့တဲ့ Fortune Global 500 စာရင်းမှာ တရုတ်နိုင်ငံက ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေ တိုးပြီးပါဝင်လာနေတာက ဒီအခြေအနေကို အကောင်းသက်သေပြနေပါတယ်။ ယခုနှစ် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ တရုတ်ကုမ္ပဏီ ၁၁၅ ခုအနက် ၂၀ ရာခိုင်နှုန်းလောက်က ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်။ ဒါဟာ တရုတ်နိုင်ငံအတွက်တော့ စံချိန်သစ်တင်နိုင်ခဲ့တဲ့ ပမာဏလို့ဆိုရမယ်။
တရုတ်နိုင်ငံက အသစ်ပါဝင်လာတဲ့ကုမ္ပဏီဆယ်ခုမှာ e-commerce လုပ်ငန်းကြီးဖြစ်တဲ့ Alibaba Group Holding Ltd နဲ့ အင်တာနက်ကုမ္ပဏီ Tencent Holdings Ltd တွေဟာ ထင်ရှားတဲ့ကုမ္ပဏီကြီးတွေဖြစ်တယ်။ Fortune Global 500 စာရင်းမှာ Alibaba ကို အဆင့် ၄၆၂ လို့သတ်မှတ်ပေးခဲ့ပြီး ၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ သူ့ရဲ့အရောင်းဝင်ငွေဟာ ၂၃.၅ ဘီလီယံဒေါ်လာရှိခဲ့တယ်။ Tencent ကတော့ အဆင့် ၄၇၈ ရှိပြီး လုပ်ငန်းလည်ပတ်ငွေ ၂၂.၉ ဘီလီယံဒေါ်လာ ရှိတာတွေ့ရတယ်။
Fortune Global 500 စာရင်းမှာ ပွဲဦးထွက်ပါဝင်လာခဲ့တဲ့ တခြားပုဂ္ဂလိကပိုင်ကုမ္ပဏီတွေကတော့ Jiangsu ပြည်နယ်က ကမ္ဘာ့အကြီးဆုံးချည်ထည်လုပ်ငန်းဖြစ်တဲ့ Hengli Group ၊ Fujian ပြည်နယ်က စီးပွားရေလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Yango Financial Holding နဲ့ Guang-dong ပြည်နယ်က အိမ်ခြံမြေလုပ်ငန်းကုမ္ပဏီ Country Garden တို့ပဲ ဖြစ်ပါတယ်။
ပီကင်းတက္ကသိုလ်က Guanghua စီမံခန့်ခွဲမှုကျောင်းရဲ့ ဒါရိုက်တာ Liu Qiao က ကမ္ဘာ့ထင်ရှားကျော်ကြားတဲ့ ကုမ္ပဏီများစာရင်းမှာ တရုတ်နိုင်ငံက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ တိုးပြီးပါဝင်လာတာဟာ စီးပွားရေးပါဝါသစ်တစ်ခု ပေါ်ထွက်လာမှုကို ကိုယ်စားပြုနေတယ်လို့ ဆိုခဲ့တယ်။ ''ဒီကုမ္ပဏီတွေဟာ တရုတ်စီးပွားရေးရဲ့ အခြေခံအုတ်မြစ်တွေကို အရှိန်အဟုန်ကြီးကြီးနဲ့ ပြောင်းလဲပစ်နေပါတယ်။ သူတို့ဟာ တိုင်းပြည်ရဲ့ပြိုင်ဆိုင်မှုအရှိဆုံးသော ကုမ္ပဏီတွေ ဖြစ်လာလိမ့်မယ်'' လို့ သူက ဆက်ပြောခဲ့ပါတယ်။
ဒါနဲ့ပတ်သက်တဲ့အကြောင်းပြချက်တချို့ကိုလည်း သူကဆက်ပြီးရှင်းပြရာမှာ ဒါဟာ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရချက်ကြီး ကြီးမားမားရှိတာကို သဘောကျကြတာကြောင့်လို့ ဆိုခဲ့တယ်။ ဒီလိုကုမ္ပဏီတွေ ပေါ်ထွန်းလာတာက တရုတ်နိုင်ငံဟာ စီးပွားရေးတိုးတက်မှုခေတ်သစ်တစ်ခုကို မကြာခင်မှာ ထွေးပွေ့လက်ခံရတော့မယ်ဆိုတာ ညွှန်ပြနေပါတယ်။
''တရုတ်နိုင်ငံမှာရှိတဲ့ လုပ်သားဈေးကွက်၊ စက်မှုဇုန်တည်ဆောက်ပုံနဲ့ စားသုံးသူဝယ်လိုအားတွေ၊ ပြည်တွင်းနဲ့ ကမ္ဘာ့အခြေအနေတွေက ဧရာမအပြောင်းအလဲတွေကို သက်သေပြနေပါတယ်။ စွန့်ဦးတီထွင်မှုနဲ့ ဆန်းသစ်တီထွင်မှုက တရုတ်နိုင်ငံရဲ့ စီးပွားရေးအခြေခံအုတ်မြစ်ကို ရှေ့ဆက်ပြီး အပြောင်းအလဲ ဖြစ်စေပါလိမ့်မယ်။ ဒီသဘောအရ အရွယ်အစားကြီးမားမှုနောက်ကိုလိုက်ခြင်းထက် တန်ဖိုးကိုဖန်တီးခြင်းက တရုတ်ကုမ္ပဏီအများစုအတွက် ထိပ်တန်းဦးစားပေးဖြစ်လာခဲ့ပြီ'' လို့ Liu Qiao က ဆိုပါတယ်။
Fortune မဂ္ဂဇင်းကလာတဲ့ အချက်အလက်တွေအရ လက်ရှိအချိန်မှာ တရုတ်နဲ့ အမေရိကန်တို့ဟာ ကမ္ဘာ့အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းကို ဦးဆောင်နေတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ အထင်ကရ ကမ္ဘာ့အင်တာနက်ကုမ္ပဏီခြောက်ခုအနက်မှာ Amazon ၊ Alphabet နဲ့ Facebook တို့ဟာ အမေရိကအခြေစိုက်ကုမ္ပဏီတွေ ဖြစ်ပါတယ်။ ကျန်တဲ့ကုမ္ပဏီသုံးခုကတော့ တရုတ်မှာ အခြေစိုက်ပြီး Alibaba ၊ Tencent နဲ့ JD.com တို့ပဲဖြစ်ပါတယ်။
တရုတ်ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ အောင်မြင်မှုတွေအပေါ်မှာ တကယ်ချီးကျူးရမှာက ဗဟိုအစိုးရရဲ့ ထောက်ပံ့မှုတွေကို ဖြစ်ပါတယ်။ ဗဟိုအစိုးရအနေနဲ့ ထွန်းသစ်စစီးပွားရေးလုပ်ငန်းတွေကို မက်လုံးတွေ အမျိုးမျိုးပေးပြီး သက်ဆိုင်ရာကဏ္ဍအလိုက် သူ့နယ်ပယ်နဲ့သူ ''ထိတ်ထိတ်ကြဲလေးတွေ'' ဖြစ်လာစေခဲ့ပါတယ်။
စက်မှုနဲ့သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးဌာနက ဦးဆောင်တဲ့ အဓိကအစိုးရဌာန ၁၆ ခုနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့က ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက လမ်းညွှန်ချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလမ်းညွှန်ချက်က ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ "Made in China 2025" ဆိုတဲ့ မဟာဗျူဟာကို ဖော်ဆောင်ဖို့အတွက် ပိုပြီးအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့ ဆိုပါတယ်။
ဒီလမ်းညွှန်ချက်နဲ့အညီ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်အဆင့် ဓာတ်ခွဲခန်းတွေ ထူထောင်နိုင်ဖို့ တိုက်တွန်းအားပေးခဲ့ပါတယ်။ စက်မှုလုပ်ငန်းဆိုင်ရာ ထိန်းချုပ်မှုစနစ်တွေ၊ စက်မှုလုပ်ငန်းသုံး ဆော့ဖ်ဝဲလ်တွေ၊ ကွန်ပျူတာချစ်ပ်တွေ၊ အာရုံခံကိရိယာတွေနဲ့ Cloud စနစ်တွေလို ကဏ္ဍတွေမှာ ပုဂ္ဂလိကပိုင်းက ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း တရုတ်အစိုးရက ကြိုဆိုခဲ့ပါတယ်။
အံ့ဘုန်းကျော်