တဖက်ကမ်းသို့ဖြတ်ကူးခြင်း

ကမ္ဘာ့စီးပွားရေးတွင် တရုတ်နိုင်ငံ၏စီးပွားရေးကဏ္ဍ တစ်စထက်တစ်စ တိုးဝင်နေရာယူလာခြင်းကို မျက်ဝါးထင်ထင် မြင်နေရချိန်ဖြစ်သည်။ စမတ်ဖုန်းမှအစ ဇိမ်ခံပစ္စည်းထုတ်လုပ်မှုများအလယ် ကမ္ဘာ့ခရီးသွားလုပ်ငန်းကဏ္ဍ၌ တစ်နှစ်ထက်တစ်နှစ် အရေအတွက်ပိုတိုးလာနေသော တရုတ်ခရီးသွားဧည့်သည်များအဆုံး ကဏ္ဍတိုင်းလိုလိုတွင် ထိပ်ဆုံးသို့တက်ရန် ဟန်ပြင်နေသော တရုတ်နိုင်ငံ၏ စီးပွားရေးလောကတွင် နိုင်ငံတကာအထိခြေလှမ်းနိုင်သော ကုမ္ပဏီအများစုဖြင့် အားဖြည့်ထားသည်။ ပြီးခဲ့သည့် နှစ်များအတွင်းမှစပြီး မျက်မှောက်အချိန်အထိ ကမ္ဘာ့စီးပွားရေးလောကထဲ ခြေကုပ်ယူလာသော၊ အမေရိကန်နိုင်ငံအထိ တစိမ့်စိမ့်တိုးဝင်နေရာယူလာသော တရုတ်ကုမ္ပဏီများ၏အခြေအနေနှင့် မိမိနိုင်ငံတွင်းမှာသာမဟုတ် နိုင်ငံရပ်ခြားသို့ဖြန့်ကြက်ကာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ချင်သူများအဖို့ တရုတ်ကုမ္ပဏီများ၏ အမှားများထဲမှ သင်ခန်းစာရယူနိုင်ရန် ဤဆောင်းပါးက ရည်ရွယ်သည်။

chinacompanies1

တရုတ်နိုင်ငံစီးပွားရေးပမာဏအရ နောက်ဆုံးတစ်နေ့ ကမ္ဘာ့စီးပွားရေးဇာတ်ခုံပေါ်တွင် တရုတ်စီးပွားရေးလုပ်ငန်းများသည် ကြီးမားသည့်ကဏ္ဍမှ ပါဝင်လိမ့်မည်ဆိုခြင်းမှာ မည်သို့မျှရှောင်လွှဲမရသည့် အခြေအနေဖြစ်သည်။

လွန်ခဲ့သည့် ၁၅ နှစ်အတွင်း တရုတ်ကုမ္ပဏီများ နိုင်ငံရပ်ခြားသို့ ပုံစံမျိုးစုံနှင့် စွန့်စားသွားရောက်ခဲ့ခြင်းပြီး အချို့မှာ အောင်မြင်ကြသည်ကို တွေ့ရသည်။ သူတို့သည် အသေးစားလုပ်ငန်းအရေအတွက် ထောင်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြပြီး အချို့မှာလည်း အောင်မြင်ကြသည်။ သို့သော် ဒေါ်လာသန်းတစ်ထောင်နှင့်အထက် တန်ဖိုးရှိသော ပူးပေါင်းလုပ်ကိုင်မှုများနှင့်  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက်မှာမူ အခြေအနေက တစ်မျိုးဖြစ်သည်။ သဘောတူညီထားပြီး မလုပ်ဖြစ်သည့် လုပ်ငန်းပေါင်း ၅၆ ခုနှင့် အစိုးရကျောထောက်နောက်ခံပြုထားသော ကုန်ပစ္စည်းသိုလှောင်သည့် လုပ်ငန်း ၃၉ ခု ရှိခဲ့ပြီး နောက်ပိုင်းတွင် ကြွယ်ဝချမ်းသာသူများက ဟိုတယ်လုပ်ငန်း၊ ဘောလုံးကလပ်သင်းများစသည့် အကျိုးအမြတ်များသည့် လုပ်ငန်းများကို အလုအယက်သိမ်းကျုံး လုပ်ကိုင်ခဲ့ကြသည်။

အချို့သော ကုန်သွယ်မှုများသည် မည်ကဲ့သို့သော ကျိုးကြောင်းဆင်ခြင်မှုကိုမျှ မလိုက်နာခဲ့ပေ။ မကြာသေးမီက HNA ဟုခေါ်သည့် လေကြောင်းလိုင်းနှင့် ခရီးသွားလုပ်ငန်းပိုင်ရှင် ဟိုင်နန်းပြည်နယ်မှ သူဌေးကြီးတစ်ဦးက ဂျာမနီနိုင်ငံမှ Landesbank ဘဏ်အားဝယ်ရန် စဉ်းစားခဲ့ကြောင်းနှင့် ယင်းနိုင်ငံမှပင် Deutsche Bank ၏ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ တရုတ်ကုမ္ပဏီများအနေနှင့် ၎င်းတို့နိုင်ငံခြားတွင် စွမ်းဆောင်နိုင်သည့် အစွမ်းအစကို သိရှိသဘောပေါက်ရန်မှာ ပိုမိုယုံကြည်စိတ်ချလောက်သည့် ချဉ်းကပ်သုံးသပ်မှုမျိုး လိုအပ်ပေသည်။

၂၀ ရာစုခေတ်အချိန်က ဗြိတိန်နိုင်ငံ၏ဥပမာ၊ ထို့နောက် အမေရိကန်နိုင်ငံတို့၏ အတွေ့အကြုံများအရ၊ နိုင်ငံတစ်ခုနှင့်တစ်ခု ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံရာတွင် စီးပွားရေးအင်အားကြီးမားသူများက နယ်စပ်ဖြတ်ကျော်စုပေါင်းကုန်သွယ်မှု အရင်းအနှီးအစုစပ်ရှယ်ယာဝေစုကို ကြီးစိုးချယ်လှယ်လေ့ရှိကြကြောင်း သတိပြုသင့်သည်။ ယနေ့တရုတ်နိုင်ငံ၏ဝေစုမှာ ကမ္ဘာ့ GDP ၏ ၁၅ ရာခိုင်နှုန်းနှင့် စုစုပေါင်း စတော့ရှယ်ယာဝေစု၏ ၁၃ ရာခိုင်နှုန်းတို့ထက်နည်းသည့် ၄ ရာခိုင်နှုန်းသာ ရှိသည်။ နိုင်ငံ့ခေါင်းဆောင်များက ၎င်းတို့၏လုပ်ငန်းရှင်များအား ပိုမိုသွက်လက်စွာ လှုပ်ရှားကြစေလိုကြသည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမှား ၃ ခု . . .

Dalian Wanda ကုမ္ပဏီပိုင်ရှင် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပြီး တရုတ်ပြည်တွင် အချမ်းသာဆုံး သူဌေးတစ်ဦးလည်းဖြစ်သူ Wang Jianlin က တရုတ်ကုမ္ပဏီများအနေနှင့် ကမ္ဘာတစ်ဝန်း လုပ်ငန်းမလည်ပတ်နိုင်လျှင် တရုတ်နိုင်ငံသည် အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာလိမ့်မည်မဟုတ်ဟု အခိုင်အမာဆိုခဲ့သည်။ ထို့အတွက် အဆောတလျှင် လုပ်ကိုင်ကြသည့်အခါ တရုတ်ကုမ္ပဏီတို့သည် အမှားများပြုမိခဲ့ကြသည်။ တရုတ်နိုင်ငံတွင် ၂၀၀၅ ခုနှစ်ကတည်းက စီးပွားရေးလုပ်ငန်းတစ်ခုလုံး၏ သုံးပုံနှစ်ပုံမှာ ဒေါ်လာတစ်ဘီလီယံနှင့် အထက်ရှိသည့် လုပ်ငန်းများ ဖြစ်သည်။ ယင်းတို့အနက်တစ်ဝက်ခန့်မှာ ပြဿနာအခက်အခဲကဏ္ဍသုံးမျိုးနှင့် ရင်ဆိုင်ခဲ့ကြရသည်။

ပထမကဏ္ဍတခုမှာ အစိုးရထိန်းချုပ်သည့် သဘာဝအရင်းအမြစ်များကို ဝယ်ယူသိုလှောင်ထားမှုများဖြစ်သည်။ ဥပမာအားဖြင့် ကုန်ကြမ်းရရှိရေး သေချာစေရန်အတွက် ရည်ရွယ်သော်လည်း လုပ်ငန်းများစွာတွင် အချိန်ရွေးချယ်မှုမှားယွင်းခဲ့ကြသည်။ တရုတ်ကုမ္ပဏီ CNOOC - China National Offshore Oil Corporation မှနေ၍ Nexen ဆိုသည့် ကနေဒါရေနံကုမ္ပဏီ၏ တစ်စိတ်တစ်ပိုင်းအား ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၁၇ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းသည် ဈေးနှုန်းမြင့်တက်နေသောအချိန်ဖြစ်သည့် ၂၀၁၀ နှင့် ၂၀၁၄ ခုနှစ်ကြားကာလများ ဖြစ်နေခဲ့သည်။

ဒုတိယအခက်အခဲကဏ္ဍတွင် သြဇာရှိသည့် ကုမ္ပဏီကြီးများမှ အကြွေးငွေဖြင့် သို့မဟုတ် (မူဝါဒချမှတ်သူများ ယုံကြည်စိတ်ချစွာအပ်နှံထားသည့်) ကုမ္ပဏီကြီးများ၏ အသေးစားအာမခံရန်ပုံငွေများကို အသုံးပြု၍ စိတ်လွတ်ကိုယ်လွတ်ဝယ်ယူမှုများပါဝင်သည်။ ဤကဲ့သို့သော ကုမ္ပဏီကြီးလေးခုဖြစ်သည့် HNA ၊ Dalian Wanda ၊ ရှန်ဟဲတွင် အခြေစိုက်သည့် Fosun နှင့် Anbang ကုမ္ပဏီများသည် ဇိမ်ခံဟိုတယ်ကြီးများ၊ ပေါ်တူဂီဘဏ်တစ်ခု၊ ရုရှားနိုင်ငံရှိ ရွှေတွင်းနှင့် ရွက်လှေတည်ဆောက်သည့်လုပ်ငန်းများ အပါအဝင် ပိုင်ဆိုင်မှုများစွာအတွက် ဒေါ်လာဘီလီယံပေါင်းတစ်ရာကျော်သုံးစွဲခဲ့သည်။ ယင်းဝယ်ယူမှုအားလုံးသည် လုပ်ငန်းလည်ပတ်မှုရှုထောင့်မှကြည့်လျှင် ကျိုးကြောင်းဆီလျော်မှု သိပ်မရှိလှပေ။ Fosun နှင့် Anbang ကုမ္ပဏီတို့က ၎င်းတို့၏ ငွေကြေးစာရင်းများထုတ် ဖော်ပြရာတွင် အကြွေးငွေနှင့် လုပ်ငန်းအသားတင်အမြတ်တို့၏ အချိုးမှာ ရှစ်ဆ နှင့် ၁၃ ဆ အသီးသီးတို့ရှိကြသည်။

နောက်ဆုံးကဏ္ဍမှာကား ကြီးမားသည့်ဆုံးရှုံးမှုများဖြစ်သည်။ ဒေါ်လာတစ်ဘီလီယံနှင့်အထက် တန်ဖိုးရှိသည့် လုပ်ငန်းသဘောတူညီမှု စုစုပေါင်းဒေါ်လာ ၂၃၀ ဘီလီယံဖိုးခန့်သည် ဝယ်ယူသူ သို့မဟုတ် တရုတ်အစိုးရတို့၏ စိုးရိမ်မှုများကြောင့်၊ သို့မဟုတ် လက်ခံသည့် နိုင်ငံဘက်မှ ဆက်ဆံရေးအဆင်မပြေမှုကြောင့် ပျက်ပြားခဲ့ရသည်။ ရလဒ်အားဖြင့် ''တရုတ်နိုင်ငံမှ ဝယ်ယူသူများသည် ယုံကြည်စိတ်ချရမှုမရှိ'' ဟူသော အထင်အမြင်ကိုသာ ရရှိခဲ့သည်။ အခြားနိုင်ငံများသည် နိုင်ငံခြားကုမ္ပဏီများနှင့် ပါဝင်ပူးပေါင်းမှု သို့မဟုတ် အပြီးအပိုင်ဝယ်ယူမှု သဘောတူညီချက်များအပေါ်တွင် ရပ်တည်ခဲ့ကြသည်။ (Mergers and Acquisitions) ၁၉၈၉-၁၉၉၀ ခုနှစ်က ဂျပန်ကုမ္ပဏီများသည် အမေရိကန်နိုင်ငံ Hollywood စတူဒီယိုနှင့် Rockefeller Center တို့အား ဝယ်ယူခဲ့ပြီး၊ ၂၀၀၅-၂၀၁၅ ခုနှစ်များတွင် အိန္ဒိယကုမ္ပဏီများအပြား နိုင်ငံရပ်ခြားတိုင်းပြည်များတွင် အဆမတန်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် တရုတ်နိုင်ငံအတွက်မူ ထိုသို့မဟုတ်ခဲ့ပေ။ တရုတ်၏ရင်းနှီးမြှုပ်နှံမှုနှင့် ဝယ်ယူမှုများသည် ပိုမိုကြီးမားသည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံခြားရှိ တရုတ်ကုမ္ပဏီများ၏ အားနည်းချက်များက ပြည်တွင်းရှိကုမ္ပဏီများအပေါ် ရိုက်ခတ်မှုများရှိခဲ့သည်။

တရုတ်အစိုးရထိန်းချုပ်သည့် ကုမ္ပဏီများသည် ဘဏ္ဍာရေးကဏ္ဍတွင် မဆင်မခြင်ပြုလုပ်တတ်သည်။ ၎င်းတို့သည် ''နိုင်ငံခြားရှိ ပုဂ္ဂလိကပြိုင်ဘက်များနှင့် တရုတ်အစိုးရ၏ စီးပွားရေးကဏ္ဍအား ဝင်ရောက်စွက်ဖက်နေမှုကို စွပ်စွဲထောက်ပြသည့် နိုင်ငံရေးသမားများအား'' တန်ပြန်တုံ့ပြန်လိုဟန်ရှိသည်။ တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့်မူ၊ အတိုးနှုန်းသက်သာသောချေးငွေများနှင့် အစုရှယ်ယာဝင်များ ထုတ်ဖော်ရန် တွန့်ဆုတ်နေမှုတို့က ၎င်းတို့အား အကြွေးနွံနစ်နေသူများ၊ ချယ်လှယ်အမြတ်ထုတ်လိုသူများဟု ထင်မြင်ယူဆစေခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုထွက်ငွေသည် တစ်နှစ်တာချင်း နှိုင်းယှဉ်ချက်အရ ၂၀၁၇ ခုနှစ်၏ ပထမသုံးလပတ်အတွက် ၄၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အကြောင်းရင်းအားဖြင့် အစိုးရတွင်လည်း တာဝန်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

မည်သို့ဆိုစေ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခြင်းက ကမ္ဘာနှင့်ယှဉ်သည့် စီးပွားရေးလုပ်ငန်းတွင် ပိုမိုသင့်တော်သည့်နည်းလမ်းဖြစ်သည်ဟု ဆိုရပေမည်။ အစိုးရကျောထောက်နောက်ခံရှိသည့် ကုမ္ပဏီများအနေနှင့် နိုင်ငံခြားတိုင်းပြည်များအား ၎င်းတို့သည် ကြီးမားသည့်ကုန်သွယ်မှုကို အခြေခံသည့် လည်ပတ်မှုများပြုလုပ်နိုင်သည်ဟူသော နည်းလမ်းသစ်များဖြင့် ဆွဲဆောင်ကြမည် ဖြစ်သည်။ Chem China - China National Chemical Corporation ကုမ္ပဏီမှ Swiss ဓာတုဗေဒကုမ္ပဏီတစ်ခုဖြစ်သည့် Syngenta အား ဒေါ်လာ ၄၆ ဘီလီယံဖြင့် မကြာမီကမှ ဝယ်ယူခဲ့သည်။ အစိုးရပိုင်ငွေကြေးရန်ပုံငွေအဖွဲ့၏ China Investment Company (CIC) ကလည်း ဥရောပ၏ ကုန်ပစ္စည်းသိုလှောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် Logicor - European Logistics, Wareh-ousing & Distribution အား ဒေါ်လာ ၁၄ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

chinacompanies2

M & A သဘောတူညီချက်များ . . .

တရုတ်ပုဂ္ဂလိက ကိုယ်ပိုင်ကုမ္ပဏီများအနေနှင့် အကျိုးအမြတ်အငမ်းမရရှာဖွေသည့်၊ အမြတ်အစွန်းဦးစားပေးလွန်းသည့် သဘောတူညီချက်များအစား လုပ်ငန်းနှင့်ဆီလျော်သည့် သဘောတူညီချက်များပေါ်တွင် ဦးတည်အာရုံစိုက်ရန် ပို၍လိုလားကြသည်။

ပြီးခဲ့သည့်နှစ်က အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့် Haier ကုမ္ပဏီသည် General Electric Co. ၏ လျှပ်စစ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းအား ဝယ်ယူခဲ့သည်။ ဤလုပ်ငန်းသဘောတူညီချက်များပင်လျှင် မသေချာမရေရာသည့် လုပ်ငန်းများဖြစ်နေခဲ့သည်။ မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီ Geely သည် ၂၀၁၀ ပြည့်နှစ်က ဝယ်ယူခဲ့သည့် Volvo ကား ထုတ်လုပ်ရေးတွင် အောင်မြင်ခဲ့သည်။ သို့သော် ကွန်ပျူတာထုတ်လုပ်သည့် Lenovo ကုမ္ပဏီသည် Motorola ကုမ္ပဏီ၏ Handset ထုတ်လုပ်မှုလုပ်ငန်းအား ၂၀၁၄ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးကတည်းက ရုန်းကန်နေခဲ့ရသည်။ သို့တိုင်အောင်ရေရှည်တွင် ၎င်းတို့သည် အခြားလုပ်ငန်းအားလုံးထက် အောင်မြင်မှုရရှိနိုင်ခြေအများဆုံးရှိသည့် အခွင့်အရေးရှိနေကြသည်။ တရုတ်ပြည်၏ အင်တာနက်ကုမ္ပဏီများ ငွေကြေးတောင့်တင်းလာသည်နှင့်အမျှ နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်ကြလိမ့်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က Tencent Co. သည် ဖင်လန်နိုင်ငံရှိ Supercell ဆိုသည့် Game ကုမ္ပဏီတစ်ခုကို ဒေါ်လာကိုးဘီလီယံ ပေး၍ဝယ်ယူခဲ့သည်။

အတိတ်ကာလက စီးပွားရေးအင်အားကြီးလုပ်ငန်းရှင်များသည် နိုင်ငံခြားတွင် ထိုနိုင်ငံ၏ အမျိုးသားရေးလက္ခဏာများနှင့် မိမိရပ်တည်လိုသည့် အခြေအနေများ ဖော်ဆောင်နိုင်ရန် ကိုယ်တိုင်အသင်းအဖွဲ့ဖွဲ့စည်းတည်ထောင်ကြရသည်။ ၁၉ ရာစုနှစ်က ဗြိတိသျှကုမ္ပဏီများသည် ရပ်ဝေးစီးပွားရေးလုပ်ငန်းများလည်ပတ်ရန်အတွက် အုပ်ချုပ်ရေးကိုယ်စားလှယ်များ ခန့်ထားကြသည်။ အမေရိကန်ကုမ္ပဏီများသည် ၁၉၇၀ ပြည့်နှစ်များမှစ၍ နည်းပညာများ၊ နယ်စပ်လွတ်လပ်ခွင့်များ အသုံးပြုပြီးသော်လည်းကောင်း၊ နိုင်ငံသားများပိုင်ဆိုင်သည့်လုပ်ငန်းများကို စုစည်းလုပ်ကိုင်ခြင်းအားဖြင့်သော်လည်းကောင်း နိုင်ငံတကာရှိ အမေရိကန်နိုင်ငံသားပိုင်လုပ်ငန်းများကို ချောမွေ့စွာလည်ပတ်နိုင်အောင် လုပ်ဆောင်ခဲ့ကြသည်။

တရုတ်ကုမ္ပဏီများသည် အစိုးရဦးဆောင်သည့် စီးပွားရေးစနစ်မှ ထွက်ပေါ်လာပြီး၊ အကာအကွယ်များ ဝန်းရံထားသည့် ကမ္ဘာတွင်းသို့ ချဉ်းနင်းဝင်ရောက်လာကြရသည်။ ၎င်းတို့ရည်မှန်းသည့် ပန်းတိုင်များသို့ရောက်လိုသည်ဆိုလျှင် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိရန် အလို့ငှာ ကိုယ်ပိုင်နည်းလမ်းများ ရှာဖွေကြရဦးမည်ဖြစ်သည်။

တရုတ်ကုမ္ပဏီများက ဝယ်ယူထားသော အမေရိကန်ကုမ္ပဏီ ၁၀ ခု

တရုတ်စီးပွားရေးလုပ်ငန်းတွေဆိုင်ထားကြတဲ့ နိုင်ငံတကာမှာ စီးပွားရေးလည်ပတ်လုပ်ကိုင်လျက်ရှိတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေကိုလည်း ဖော်ပြလိုက်ရပါတယ်။

Chicago Stock Exchange

ဒီကိစ္စရပ်ကို လက်ရှိလုပ်ကိုင်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ အမေရိကန်လုံခြုံရေးနဲ့ ငွေကြေးလဲလှယ်ရေးကော်မရှင်က အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး အတည်ပြုချက်မရသေးပါဘူး။ တရုတ်ပြည်ရဲ့ Chongqing Casin Enterprise အုပ်စုကတော့ တရုတ်ကုမ္ပဏီတွေ အမေရိကန်ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ခွင့်ရရှိဖို့အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဈေးနှုန်းကိုတော့ တရားဝင်မကြေညာပေမယ့် Bloomberg ကတော့ အမေရိကန်ဒေါ်လာသန်းတစ်ရာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

AMC

၂၀၁၂ ခုနှစ်မှာ အမေရိကန်ရဲ့ အကြီးဆုံးရုပ်ရှင်ရုံကို Dalian Wanda အုပ်စုက အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။ Dalian ကို ဦးစီးနေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် Wang Jianlin က ဟောလိဝုဒ်ကို မျက်စိကျနေတာဖြစ်ပြီး အရေးပါတဲ့ ရုပ်ရှင်စတူဒီယိုတစ်ခုကိုလည်း ထပ်မံဝယ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ AMC က Carmike Cinemas ကို သူ့ရဲ့အစုရှယ်ယာအတွက် အမေရိကန်ဒေါ် လာ ၁.၂ ဘီလီယံနဲ့ ထည့်သွင်းခဲ့ပါတယ်။ မနှစ်က Paramount Pictures ရဲ့ ပင်မအစုရှယ်ယာကိုဝယ်ဖို့ Jianlin ရဲ့ အဆိုတင်သွင်းမှုကို Paramount ရဲ့ ပင်မကုမ္ပဏီ Viacom က လက်မခံခဲ့ပါဘူး။

Smithfield Foods

ဒီ ၇.၁ ဘီလီယံတန်တဲ့ ဝယ်ယူမှုကို ၂၀၁၃ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတစ်ခုအနေနဲ့ အမေရိကန်လုပ်ငန်းကဏ္ဍတစ်ခုကို ပမာဏအများဆုံးနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဗာဂျီးနီးယားဒေသအခြေစိုက်ဖြစ်တဲ့ Smith-field Foods က အမေရိကန်စားသောက်ကုန်ကဏ္ဍရဲ့ အရေးပါတဲ့ စားသောက်ကုန်တစ်ခုဖြစ်ပါတယ်။ Smithfield Foods ကို စတင်ဝယ်ယူချိန်မှာ အခက်အခဲတွေရှိခဲ့ပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုပေးနိုင်ခဲ့ပြီး ရောင်းအားပိုမိုမြင့်တက်လာခဲ့ပါတယ်။

Legendary Entertainment Group

AMC ကို ဝယ်ယူပြီးတဲ့နောက်ပိုင်း Dalian Wanda က သူ့ရဲ့ပြဇာတ်ရုံတွေနဲ့အတူ တွဲဖွင့်ဖို့ ရုပ်ရှင်စတူဒီယိုတစ်ခုကို ၂၀၁၆ ခုနှစ်မှာ ထပ်ဝယ်လိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန်တဲ့ ဝယ်ယူမှုက Dalian ကို Jurassic World ၊ Warcraft ၊ Pacific Rim ရုပ်ရှင်တွေမှာ အစုစပ်ရှယ်ယာရှင်ဖြစ်စေခဲ့ပါတယ်။

GE Appliances

GE Appliances ရဲ့ အဓိကကုန်ပစ္စည်းတွေဖြစ်တဲ့ မီးဖို၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တွေနဲ့ အခြောက်ခံစက်တွေကို ထုတ်လုပ်လာခဲ့တာ နှစ်ပေါင်းတစ်ရာကျော်ရှိခဲ့ပါပြီ။ ဒါပေမဲ့ မနှစ်ကစပြီး မီးဖိုချောင်သုံးပစ္စည်းတွေရဲ့ ပင်မကုမ္ပဏီကြီးက တရုတ်စီးပွားရေးလုပ်ငန်းရှင်ပိုင်ကုမ္ပဏီ ဖြစ်သွားပါပြီ။ တရုတ်ကုမ္ပဏီ Qingdao Haier ရဲ့ အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံတန်ဖိုးရှိတဲ့ ငွေပေးချေမှုက တရုတ်ပြည်ရဲ့ နိုင်ငံရပ်ခြားစီးပွားရေးကဏ္ဍမှာ အကြီးမားဆုံးအောင်မြင်မှုဖြစ်စေခဲ့ပါတယ်။ GE Appliances ကုမ္ပဏီရဲ့ အရင်နေရာဖြစ်တဲ့ Louisville ၊ Kentucky မှာပဲ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

The Waldorf Astoria

နာမည်ကြီးလှတဲ့ Manhattan ဟိုတယ်ကိုဝယ်ယူလိုက်သူကတော့ Anabang အာမခံအုပ်စု ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Manhattan ဟိုတယ်ကို အမေရိကန်ဒေါ်လာနှစ်ဘီလီယံနဲ့ စတင်ဝယ်ယူချိန်က လူသိနည်းခဲ့ပေမယ့် အခုချိန်မှာတော့ ရင်းနှီးမြှုပ်နှံသူတွေကြား ရေပန်းစားနေတဲ့ အာမခံကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ U.S. Insurer Fidelity & Guaranty ကိုလည်း ဝယ်ယူခဲ့ပြီး Starwood Resorts ကို ထပ်မံဝယ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒီလိုမျိုး ငွေကြေးကဏ္ဍအရင်းအနှီးများတဲ့ကုမ္ပဏီကို ဘယ်သူက အဓိကစီမံခန့်ခွဲနေသလဲဆိုတာ ဘယ်သူမှအတိအကျ မသိကြပါဘူး။

Strategic Hotels & Resorts

Anabang အာမခံအုပ်စုရဲ့ ဟိုတယ်လုပ်ငန်းပိုင်းစိတ်ဝင်စားမှုက Waldorf နဲ့ Starwood မှာပဲ ရပ်တန့်နေတာမဟုတ်ပါဘူး။ မနှစ်က Blackstone အုပ်စုက သူ့ရဲ့အဆင့်မြင့်ဟိုတယ်တွေကို အမေရိကန်ဒေါ်လာ ၃.၉၃ ဘီလီယံနဲ့ တရုတ်ကုမ္ပဏီတစ်ခုကို ရောင်းချပေးလိုက်ပါတယ်။ ဒီဝယ်ယူမှုက Anabang ကို ပိုင်ဆိုင်မှုတိုးပွားစေခဲ့ပြီး California ပြည်နယ်က Ritz-Carlton ၊ Arizona ပြည်နယ်က The Fairmont Scott-sdale နဲ့ Jackson Hole ၊ Wyoming က Four Seasons Resort တို့ ပါဝင်ပါတယ်။

Riot Games

၂၀၁၁ ခုနှစ်မှာ တရုတ်ကုမ္ပဏီဖြစ်တဲ့ Tencent က Riot ရဲ့ ပင်မအစုရှယ်ယာကို အမေရိကန်ဒေါ်လာ သန်းလေးရာနဲ့ ဝယ်ယူခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကျန်ရှိနေသေးတဲ့ Riot ကုမ္ပဏီအစုရှယ်ယာတွေကို ထပ်မံဝယ်ယူလိုက်ပါတယ်။ ပမာဏဘယ်လောက်ထပ်ပေးချေပြီး ဝယ်လိုက်သလဲဆိုတာ မဖော်ပြခဲ့ပါဘူး။ Acti- vision-Blizzard နဲ့ “Ge-ars of War” creator Epic Games တွေမှာလည်း Tencent ရဲ့ ရင်းနှီးမြှုပ်နှံမှုအစုရှယ်ယာတွေ ပါဝင်ပါတယ်။

Ingram Micro

လူသိနည်းတဲ့ Ingram Micro က Apple ကုမ္ပဏီရဲ့ iPhone ၊ Cisco ကုမ္ပဏီရဲ့ Network ပိုင်းဆိုင်ရာ စက်ပစ္စည်းတွေကို အဓိကထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ မနှစ်ကတရုတ်ပြည်ရဲ့ HNA အုပ်စုက Ingram Micro ကို အမေရိကန် ဒေါ်လာ ၆ ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။ ဒီဇင်ဘာလမှာ အပြီးအစီး ငွေချေပြီးတဲ့နောက်ပိုင်း Ingram Micro ရဲ့ အစုရှယ်ယာရောင်းဝယ်မှုတွေကို ပိတ်သိမ်းခဲ့ပေမယ့် ကုမ္ပဏီရဲ့အရင်နေရာ Irvine ၊ California မှာပဲ အရင်ကစီမံခဲ့တဲ့ အမှုဆောင်အရာရှိချုပ်က ဆက်လက်စီမံဆောင်ရွက်နေပါတယ်။

Motorola Mobility

၂၀၁၂ ခုနှစ်၊ Google က Motorola Mobility ကို ဝယ်ယူခဲ့ပြီး နှစ်နှစ်အကြာမှာ တရုတ်ကုမ္ပဏီ Lenovo ကို အမေရိကန် ဒေါ်လာ ၂.၉ ဘီလီယံနဲ့ ပြန်လည်ရောင်းချလိုက်တဲ့အကြောင်းကို အတိအလင်းကြေညာခဲ့ပါတယ်။ ဒီဝယ်ယူမှုက Lenovo ကို ကမ္ဘာ့တတိယအကြီးမားဆုံး စမတ်ဖုန်းတီထွင်သူဖြစ်စေခဲ့ပါတယ်။

အောင်ကို (တောင်ငူ)