တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ပရဟိတလုပ်ငန်းများ

chinacharity1

Bill Gate နဲ့ Warren Buffett တို့နှစ်ဦးဟာ ၂၀၁၀ ပြည့်နှစ်မှာ တရုတ်ဘီလီယံနာသူဌေးတွေနဲ့ ညစာစားပွဲ ပြုလုပ်ခဲ့ချိန်က တရုတ်လုပ်ငန်းရှင်သူဌေးတွေကို ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လာဖို့ စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ထင်သလို ဖြစ်မလာခဲ့ဘဲ တရုတ်လုပ်ငန်းရှင်သူဌေးအားလုံးက ပရဟိတလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ ကတိမပြုခဲ့ကြပါဘူး။ ဒါက တရုတ်သူဌေးတွေ ဆင်းရဲမွဲတေနေတယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ဒီကနေ့ အမေရိကန်ထက်တောင် တရုတ်က ဘီလီယံနာသူဌေးတွေ ပိုပြီးပေါ်ထွက်လာခဲ့ကြပါတယ်။ Alibaba ကုမ္ပဏီပိုင်ရှင်သူဌေးကြီး Jack Ma ကတော့ သူနဲ့လုပ်ဖော်ကိုင်ဖက်လုပ်ငန်းရှင်တွေ ခုလိုပရဟိတလုပ်ငန်းအပေါ် စိတ်မဝင်စားကြတာဟာ တွန့်တိုမှုကြောင့်မဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ ပရဟိတလုပ်ငန်းနယ်ပယ်ဟာ မြေစမ်းခရမ်းပျိုး ကာလဖြစ်တဲ့အတွက်ကြောင့်ပါလို့ ရှင်းပြပါတယ်။ ''အရင်ကထက်တော့ အများကြီးတိုးတက်လာပါပြီ။ ဒါပေမဲ့ ပရဟိတ အလှူအတန်းပြုလုပ်ရာမှာ တရုတ်က အမေရိကန်ထက် နောက်ကောက်ကျ ကျန်ရစ်နေဆဲပါ'' လို့ တရုတ်နွယ်ဖွား အမေရိကန်သူဌေး Oscar Tang က ပေကျင်းမှာပြုလုပ်ခဲ့တဲ့ ညစာစားပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဟားဗက်တက္ကသိုလ်ပညာရှင်တွေက တရုတ်နိုင်ငံက အလှူရှင်တွေရဲ့ လှူဒါန်းမှုစာရင်းကို လေ့လာခဲ့ကြပါတယ်။ အရင်တုန်းက အလှူအတန်းရက်ရောတဲ့ တရုတ်အလှူရှင်တွေဟာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဖြစ်ကြပြီး ပညာရေးကဏ္ဍမှာ အများဆုံးလှူဒါန်းတတ်ကြပါတယ်။ လှူဒါန်းမှုအများစုက သူတို့ရဲ့မွေးရပ်ဇာတိပြည်နယ်တွေက အထက်တန်းစားတက္ကသိုလ်တွေအတွက် ဖြစ်ပါတယ်။ ဒါအပြင် အခုလိုလှူဒါန်းမှုတွေကလည်း နိုင်ငံရေးစနစ်နဲ့ သဟဇာတဖြစ်စေဖို့ ဂရုတစိုက်ချဉ်းကပ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါက မဖွံ့ဖြိုးတဲ့ ပြည်နယ်တွေက ချို့တဲ့နေတဲ့ကျောင်းတွေကိုတော့ မျှော်လင့်ချက်ကင်းမဲ့စေပါတယ်။

အခုလို စီးပွားရေးတိုးတက်ပြောင်းလဲလာတဲ့အချိန်မှာတော့ ငယ်ရွယ်တဲ့ဘီလီယံနာလုပ်ငန်းရှင်တွေက ဒီမိုကရက်တစ်ဆန်တဲ့ ပရဟိတလုပ်ငန်းဘက်ကို ပိုပြီးအားသန်လာတဲ့ အပြောင်းအလဲတစ်ရပ် ပေါ်ပေါက်လာပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က နယူးယောက်မှာ Alibaba ရဲ့ ပရဟိတအလှူအတန်း အစပျိုးတဲ့အနေနဲ့ Jack Ma နဲ့ ကုမ္ပဏီပူးတွဲတည်ထောင်ခဲ့သူ Joseph Tsai တို့ဟာ ကုမ္ပဏီပိုင်ဆိုင်မှုရဲ့ ၂ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ကာလတန်ကြေး ဒေါ်လာနှစ်ရာဘီလီယံကို ကုမ္ပဏီရဲ့ ပရဟိတဖောင်ဒေးရှင်းထဲ လှူဒါန်းခဲ့ကြပါတယ်။ Tencent ကုမ္ပဏီပိုင်ရှင် တရုတ်ဘီလီယံနာသူဌေးကြီး Pony Ma ကလည်း ပြီးခဲ့တဲ့ဧပြီလက ကုမ္ပဏီရဲ့ ဒေါ်လာနှစ်ဘီလီယံတန်တဲ့ ရှယ်ယာကို ကုမ္ပဏီရဲ့ ပရဟိတဖောင်ဒေးရှင်းကို လှူဒါန်းမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ တရုတ်လုပ်ငန်းရှင်အများစုဟာ သူတို့ရဲ့ပရဟိတလုပ်ငန်းအတွက် ဦးဆောင်မှုနောက်ကို လိုက်လာခဲ့ကြပါတယ်။ ငယ်ရွယ်တဲ့လုပ်ငန်းရှင်တွေဟာဆိုရင်လည်း သက်ကြီးပိုင်းတွေထက် သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတို့လို နိုင်ငံရေးအရ အရေးပါတဲ့အခန်းကဏ္ဍတွေမှာ ပိုပြီးအလှူအတန်းလုပ်လာခဲ့ကြပါတယ်။ ဒါအပြင် အင်တာနက်ပေါ်က Whizzy လို ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ ပရဟိတလုပ်ငန်းတွေကို ပိုပြီးတိုးတက်ခေတ်မီလာအောင် အထောက်အပံ့ပေးလာကြပါတယ်။

အခုလိုလုပ်ရပ်တွေရဲ့ အကျိုးကျေးဇူးအနေနဲ့ကတော့ ပရဟိတလုပ်ငန်းတွေရဲ့ ချို့ယွင်းအားနည်းချက်တွေ ပေါ်လွင်လာတာဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုအားနည်းပြီး သင့်တင့်တဲ့ စီမံခန့်ခွဲမှု မရှိကြတာကိုလည်း တွေ့မြင်လာကြပါတယ်။ စီမံခန့်ခွဲမှုက ညံ့ဖျင်းသလို လတ်တလောနှစ်အတွင်းမှာ အထင်ကရ ပရဟိတအဖွဲ့အစည်းတွေက အလွဲသုံးစားပြုလုပ်မှုတွေလည်း ရှိလာခဲ့ပါတယ်။ များစွာသော သုတေသန အဖွဲ့အစည်းတွေနဲ့ အသိပညာပေး အစီအစဉ်တွေကလည်း အခုလိုပြဿနာတွေကို ထောက်ပြနိုင်ဖို့ နှောင့်နှေးကြန့်ကြာခဲ့ကြပါတယ်။

chinacharity2

နောက်ဆုံးအနေအထားမှာ ပရဟိတလုပ်ငန်းတွေအတွက် တရုတ်အစိုးရရဲ့သဘောထားက ပိုပြီးအံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ တရုတ်အစိုးရအာဏာပိုင်တွေက ကိုယ်ပိုင်ပရဟိတလုပ်ငန်း ဆောင်ရွက်သူတွေကို သံသယကြီးစွာ ကာလရှည်စောင့်ကြည့်နေခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ အစိုးရရဲ့ ပျက်ကွက်မှုတွေအပေါ် လူထုကနားလည်သဘောပေါက်လာနိုင်တဲ့အတွက်ပါ။ ဒါကြောင့်လည်း အစိုးရရဲ့ အာရုံစိုက်စောင့်ကြည့်မှုကို မခံလိုကြတဲ့ အလှူရှင်တွေဟာ ပရဟိတလုပ်ငန်းအတွက် တွန့်ဆုတ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ အခုနှစ်မှာတော့ ဖိအားပေးမှုတွေကြောင့် ပရဟိတလုပ်ငန်း ဥပဒေတွေကို ပြင်ဆင်လာခဲ့ပြီး အလှူအတန်း ပြုလုပ်ဖို့ရာ ပိုပြီးလွယ်ကူလာပြီဖြစ်ပါတယ်။ နောက်ပြီး ဒေသတွင်း ပရဟိတလုပ်ငန်းတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ စီမံခန့်ခွဲမှုတွေအတွက် စည်းမျဉ်းဥပဒေတွေကိုလည်း အစိုးရက ပြဋ္ဌာန်းလာခဲ့ပါတယ်။ အခုလို အကောင်အထည်ဖော်ဆောင်ရွက်လာမှုတွေဟာ အခြေခံမူဟောင်းတွေနဲ့ ခိုင်မာမှုရှိခဲ့မယ်ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ ပရဟိတလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတွေဟာ ပိုပြီးဖွံ့ဖြိုးတိုးတက်လာဖို့ သေချာလို့နေပါတယ်။

ကိုဇေ (ရေဦး)

Ref:The emperor’s gift , The Economist