နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စသဖြင့် အဆင့်ဆင့် အပြောင်းအလဲ များ ပြုလုပ်ခဲ့တဲ့ လက်ရှိအစိုးရသက်တမ်း ၅ နှစ်တာကာလ၏ ဒုတိယပိုင်း လပေါင်း ၃၀ တွင် ဦးစားပေး ပြုပြင်ပြောင်းလဲသင့်သည်များကို ဦးလှမောင်ရွှေ၊ ဒုတိယဥက္ကဋ္ဌ (UMFCCI)၊ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ဝင်နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။ [caption id="attachment_6808" align="alignnone" width="192"] ဦးလှမောင်ရွှေ
ဒုဥက္ကဋ္ဌ (UMFCCI)၊
အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ဝင်[/caption] ကျွန်တော့်အမြင်အရ မြန်မာနိုင်ငံရဲ့အကူးအပြောင်းဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က ကြိုတင်မျှော်လင့်ခန့်မှန်းခဲ့တဲ့သူတွေ အကုန်မှားတယ်လို့ ထင်ပါတယ်။ ကျွန်တော်အပါအဝင် ကြိုတင်မှန်းဆခဲ့တဲ့သူတွေ အကုန်လုံးမှားပါတယ်။ ပြောချင်တာက ဒီကနေ့ ရောက်နေတဲ့အခြေအနေမျိုးကို ၂၀၁၆၊ ၂၀၁၇ ခုနှစ်လောက် မှ ရောက်မယ်လို့ ကျွန်တော်တို့အနေနဲ့စဉ်းစားခဲ့တာဖြစ်ပါတယ်။ အခုတော့ ဒီအခြေအနေရောက်နေပြီဆိုတာကို တွေ့ရပါတယ်။ အခုလိုအခြေအနေကိုရောက်နေပေမဲ့ တချို့ကဏ္ဍတွေမှာတော့ ရောက်ရှိလာတဲ့အနေအထားအပေါ်မှာ ပြည်သူလူထုရဲ့စဉ်းစားတဲ့ပုံစံတွေက ကွဲလွဲမှုတော့ရှိနေပါတယ်။ အဲဒါဘာလဲဆိုရင်တော့ ဥပမာ- နိုင် ငံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ကဏ္ဍတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးကတော့ အားလုံးထင်တာထက်ကို အများကြီးပြောင်းသွားတာကို တွေ့ရပါတယ်။ လူမှုရေးကိစ္စရပ်တချို့လည်း ပြောင်းသွားတာကို တွေ့ရပါ တယ်။ ဥပမာ - မီဒီယာဆိုရင် အများကြီးပြောင်းသွားပါတယ်။ ဒါပေမဲ့ စီးပွားရေးကျတော့ ပြုပြင်ပြောင်းလဲ မှုတွေက သူတို့ဆီမရောက်ဘူးလို့ အောက်ခြေလူထုက ခံစားမှုတွေရှိနေတဲ့အတွက် ဘာမှမထူးဘူးလို့ တုံ့ပြန်တာမျိုး ကြားရပါတယ်။ အချိန်ယူရမယ့် စီးပွားရေးပြုပြင်ပြောင်းလဲမှု နိုင်ငံတစ်နိုင်ငံ ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့ ကိစ္စဟာ အချက်အလက်တွေအများကြီးပေါ်မှာ မူတည်နေတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် နိုင်ငံရေးအပြောင်းအလဲကတော့ ထိပ်ပိုင်းခေါင်းဆောင်တွေကပြင်လိုက်တယ်ဆိုရင် U-turn လှည့်လိုက်တယ်ဆိုရင်တော့ မြန်မြန်စလို့ရနိုင်တယ်။ ဥပမာ- ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ လက်ဆွဲနှုတ်ဆက်လိုက်တဲ့အချိန်ကစပြီး နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေက အင်မတန်မြန်တာကို တွေ့ရပါတယ်။ ဒီလိုပဲ နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေးဖိတ်ခေါ်လိုက်တဲ့အခါမှာ အားလုံးသိတဲ့အတိုင်း တုံ့ပြန်မှုရလဒ်ကောင်းတချို့ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဆက်လက်လုပ်ဆောင်သွားဖို့တော့ လိုပါ တယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ပိုလွယ်တယ်လို့ခံစားရပေမဲ့ စီးပွားရေးကျတော့ အဲဒီလောက် မလွယ်ကူပါဘူး။ နှစ်ပေါင်းအတော်များများ ဖြတ်သန်းခဲ့တဲ့ စနစ် ကနေ နောက်စနစ်တစ်ခုကိုသွားတဲ့အခါမှာ စိန်ခေါ်မှုတွေအများကြီး ရှိနေပါတယ်။ အဓိကစိန်ခေါ်မှုတွေကတော့ ပထမတစ်အချက်က Lack of Capacity ၊ ဒုတိယ အချက်ကတော့ Information ကိုပေးပို့နိုင်တာနဲ့ လက်ခံနိုင်တဲ့နေရာမှာ အကန့်အသတ်တွေရှိနေပါတယ်။ Lack of Information ဖြစ်နေပါတယ်။ တတိယအချက်ကတော့ ပြုပြင်ပြောင်းလဲမှုအပေါ်မှာ သံသယကြီးမှုနဲ့ Risk ရှိနေတာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေးဖြစ်စဉ်မှာရော ငြိမ်းချမ်းရေး ဖြစ်စဉ်မှာပါ တွေ့ရပါ တယ်။ ကဏ္ဍအားလုံးတိုးတက်ဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်က အရေးပါ အစိုးရအနေနဲ့ လက်ရှိကျန်နေတဲ့သက်တမ်းမှာ ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ ကဏ္ဍအားလုံးက ချိတ်ဆက်နေတာဖြစ် တဲ့အတွက် ပထမဆုံးအနေနဲ့ လက်ရှိ ထိုက်သင့်သလောက်အခြေအနေကိုရောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လက်ရှိအစိုးရကနေ ဦးဆောင်ပြီး ပိုကောင်းတဲ့အခြေ ခံကောင်းတွေရအောင် မဖြစ်မနေလုပ်ပေးဖို့လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ ၂၀၁၅ ခုနှစ်မှာ အထက်မှာပြောခဲ့သလိုပဲ သံသယတွေ၊ မတင်မကျကိစ္စတွေနဲ့ ပဋိပက္ခ စက်ဝန်းက (Conflict Cycle) ပြန်လည်ကောင်းနိုင်ပါတယ်။ ဒါကြောင့် ပြည်တွင်းမတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေရှိနေမယ်ဆိုရင်လည်း ပြည်တွင်းမှာ လုပ်ငန်းဆောင် ရွက်နေတဲ့သူတွေရော၊ နိုင်ငံတကာအဖွဲ့အစည်းတွေက လူတွေရော ဒီနိုင်ငံဟာ မတည်ငြိမ်တဲ့နိုင်ငံလို့ သတ်မှတ်ရင် ဘယ်သူမှဒီမှာ လာလုပ်မှာမဟုတ်ပါဘူး။ အခုတော့ ဒါကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ယူဆပါတယ်။ Stakeholder တွေအားလုံး ပါဝင်ဖို့လို ဒုတိကအချက်ကတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဖြစ်တယ်။ အခုဟာက ပြည်သူလူထုအနေနဲ့ ဒီဖြစ်စဉ်မှာ ယုံကြည်ပြီးတော့ Stakeholder အားလုံးက လိုက် ပါဆောင်ရွက်ဖို့ဆိုရင် သူတို့ကိုမြင်သာထင်သာအောင်ရှင်းပြဖို့ လိုပါတယ်။ အကူးအပြောင်းရဲ့ စိန်ခေါ်မှုတွေကို သေသေချာချာရှင်းပြဖို့ လိုပါတယ်။ မရေရာမသေချာမှု ဟာ ကျွန်တော်တို့နိုင်ငံ တစ်ခုတည်းမှာပဲ ဖြစ်နေတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ ရှိနေတယ်ဆိုတာကို ပြည်သူလူထုသိရှိနားလည်ဖို့ လိုပါတယ်။ နောက်တစ်ချက် က မော်တော်ကား Policy ကို အခုအစိုးရအသစ်လက်ထက်မှာပြောင်းလိုက်တယ်။ အခုဆိုရင် ဂျပန်ကလာတဲ့ Pickup တစ်စီးကို သိန်း ၆၀ လောက်နဲ့ဝယ်စီးလို့ ရနေပြီဖြစ်တယ်။ ဒါပေမဲ့ အလယ်လတ်တန်းစားတွေအတွက် ကားကအဆင်ပြေပြန်တော့ လမ်းက ကျပ်ပြန်တယ်။ တယ်လီဖုန်းဆိုရင်လည်း တန်ဖိုးနည်း ဖုန်းတွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး နိုင်ငံတကာကုမ္ပဏီတွေဝင်လာတဲ့အတွက် ၂၀၁၄ ခုနှစ်မှာဆိုရင် ပိုပြီးမြင်သာထင်သာရှိလာနိုင်ပါတယ်။ လိုအပ်ချက်တွေရှိနေသေး စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက်ကတော့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ လက်ရှိအစိုးရအနေနဲ့ ဒါကို ၂၀၁၅ ခုနှစ်ကုန်အထိ လုပ်ကိုလုပ်ရမယ့် သဘော ရှိနေပါတယ်။ ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှုနဲ့ Service ဘက်မှာ လုပ်ငန်းချော ချောမွေ့မွေ့ ဆောင်ရွက်ဖို့အတွက် Barrier တွေကို ထပ်လျော့ချပေးဖို့လိုပါတယ်။ သူတို့လည်း အခုလုပ်တော့လုပ်နေပေမယ့် ဒီထက်ပိုပြီး ထပ်လုပ်ဖို့လိုပါတယ်။ အစိုးရအနေနဲ့ မဖြစ်မနေလုပ်ရမှာကတော့ Infrastructure ဖြစ်ပါတယ်။ Infrastructure လို့ဆိုရာမှာ အစိုးရအနေနဲ့ ကျန်နေတဲ့သက်တမ်းအတွင်းမှာ Good Governance နဲ့ပတ်သက်ပြီး ဆောင်ရွက်နိုင်တယ်။ နောက်ပြီး Business Entry လို့ခေါ်တဲ့ စီး ပွားရေးလုပ်ငန်းတွေ ဝင်ရောက်လာရာမှာ အဟန့်အတား ဖြစ်စေတဲ့ ကြိုးနီစနစ် (Red Tape) ပုံစံမျိုးရှိနေသေးတာတွေ ကိုကိုင်တွယ်ဖြေရှင်းပြီး လွယ်လွယ်ကူကူ ဝင်ရောက်လာနိုင်ဖို့အတွက် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ပြီးတော့ ပြည်သူလူထုအနေနဲ့ ပိုပြီးမြင်သာထင်သာရှိပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ Level Playing Field ဖြစ်ကြောင်းကို စီးပွားရေးလုပ်ငန်းတွေမြင်လာအောင်လို့ လုပ်ပေးနိုင်ဖို့လိုပါတယ်။ အောက်ခြေထိရောက်အောင် လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ကိစ္စတွေ ဥပမာ- တယ်လီဖုန်းကိစ္စတွေ လုပ်နေသလို တစ်ဖက်မှာလည်း မီတာခတက်မယ်ဆိုတာမျိုးကို အချိန်တိုတိုလေးအတွင်းမှာ ပြောတာမျိုးဆိုရင် ပြည်သူလူထုက မသက် မသာဖြစ်ရတာတွေကိုပြင်ဖို့ လိုပါတယ်။ မီတာခတက်မယ်ဆိုရင်လည်း ဘာကြောင့် တက်မယ်ဆိုတာမျိုးကို တိတိကျကျ သေသေချာချာ ရှင်းပြဖို့လိုပါတယ်။ Public Serivce တွေကိုလည်း ဒီထက် လျင်လျင်မြန်မြန်နဲ့ဆောင်ရွက်ပေးနိုင်ဖို့ လိုပါတယ်။ Public Policy တွေရေးဆွဲတဲ့အခါမှာလည်း အချို့ကိစ္စတွေကို ပြန်ပြီး Review လုပ်ပြီးတော့ ဒီထက်ပိုကောင်းအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ အဓိကစိန်ခေါ်မှု လေးချက် ကျွန်တော်တို့နိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းပေါ်ပေါက်လာဖို့ Democratization ကိုသွားတဲ့နေရာမှာ အဓိက စိန်ခေါ်မှုလေးချက်ကို ကျွန်တော့်အနေ နဲ့ မြင်မိပါတယ်။ နံပါတ်တစ်အချက်က လူတစ်ဦးချင်းရဲ့ ဝင်ငွေနဲ့ပတ်သက်ပြီး GDP (PPP) က သိပ်နည်းနေတဲ့အတွက် သီအိုရီအရ အဲဒါကလည်း စံနှုန်းတစ် ရပ်ဖြစ်တော့ Transition က ကြာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒုတိယအချက်ကတော့ လူတစ်ဦးချင်းစီရဲ့ Capacity မြင့်မားရင် Transition မြန်မယ်လို့ပြောတယ်။ ဒါလည်း ကျွန်တော်တို့နိုင်ငံက အားနည်းနေပါတယ်။ တတိယအချက်ကတော့ Institution တွေ ဖြစ်တယ်။ Institution တွေအားကောင်းရင် Democratization မြန် မယ်လို့ ပြောကြတယ်။ ဒါကလည်း လုပ်နေဆဲဆိုတော့ ဆက်ပြီးအားကောင်းအောင်လုပ်ဖို့ လိုပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ Democratization မှာ နောက်ပြန်ဆွဲစေနိုင်တဲ့ အကြီးဆုံးသော Barrier က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ ဖြစ်ပါတယ်။ အဲဒီစိန်ခေါ် မှုလေးချက်ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းဟာ ကြာနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့က ရွေးချယ်စရာ မရှိပါဘူး။ ဒီလေးချက်ကို စိန်ခေါ်မှုအနေနဲ့ စဉ်းစားပြီး အားလုံးက ကျော်လွှားနိုင်ဖို့ လိုပါတယ်။