CEO များနှင့် ချိတ်ဆက်နိုင်မည့်နည်းလမ်း ၂၂ သွယ်

11မည်သည့်အလုပ်အကိုင်တွင်ဖြစ်စေ စီးပွားရေး၊ ဒါမှမဟုတ် နိုင်ငံရေးနယ်ပယ်တွင်ဖြစ်စေ မည်သူနှင့်သိသည် မည်သူနှင့် ချိတ်ဆက်ထားသည် (Who’s Who) ဆိုသည်မှာ  အခြားအရည်အချင်းများထက် အရေးကြီးကြောင်း ခေါင်းဆောင်တိုင်း ထိပ်တန်းတာဝန်ယူထားသူတိုင်း သိရှိကြပါသည်။ ဦးဆောင်သူတစ်ယောက်အဖို့ ချိတ်ဆက်ကွန်ရက် (Network) ရှိခြင်းဖြင့် အကြံဉာဏ်များ ဖလှယ်ခြင်း၊ အကြံဉာဏ်သစ်များ အကြံဉာဏ်ကောင်းများရရှိခြင်း၊ အမှားများကို သင်ယူပြင်ဆင်ခြင်း ပြင်ဆင်နိုင်ခြင်းနှင့် အချိန်ကိုစနစ်တကျအသုံးချတတ်ရန် သိရှိနိုင်ပါသည်။ ချိတ်ဆက်ကွန်ရက်မှတစ် ဆင့် မိမိ၏လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်မှုရှိစေသည့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ငန်းရှင်များ၊ ပညာရှိများ၊ ကျွမ်းကျင်သူများနှင့် ဖောက်သည်များကို တွေ့ဆုံနိုင်ခွင့်ရခြင်းကြောင့် မိမိစီးပွားရေးအတွက်  လွန်စွာအရေးပါလှပါသည်။

          လက်ရှိမြန်မာနိုင်ငံတွင် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ အမျိုး သမီးစွမ်းဆောင်ရှင်များအသင်း၊ MYEA ၊ Yaung President Organization ၊ လုပ်ငန်းနယ်ပယ်အသင်းအလိုက်ဖွဲ့ စည်းထားသည့် ညီနောင်အသင်းများရှိပါသည်။ စာဖတ်သူအနေဖြင့်လည်း လက်ရှိအနေထားမှ နောက်တဆင့် တက်လှမ်းရန် ဆန္ဒရှိပါက ချိတ်ဆက်ကွန်ရက်၏ အရေးပါမှုကို သိရှိနားလည်ပြီး ပြင်ဆင်ထားရန် လိုအပ်လှပါသည်။

၁။ မိမိအတွက် ကိုက်ညီသည့် CEO များနှင့် ချိတ်ဆက်မိရန်

ချိတ်ဆက်ကွန်ရက်၏ အဓိကရည်ရွယ်ချက်တစ်ခုမှာ မိမိအားခွန်အားရရှိစေပြီး တိုးတက်မှုရှိစေကာ မိမိနှင့်ယုံကြည်ချက်၊ ခံယူချက်၊ တူညီသူဖြစ်ရုံမျှမက မိမိ၏လုပ်ငန်းနယ်ပယ်ကို သိရှိသူဖြစ်ရန် လိုအပ်ပါသည်။

          CEO တစ်ဦးအား သူနှင့်တွေ့ဆုံနိုင်ရန် မိမိယုံကြည်စိတ်ချရသည့် မိတ်ဆွေများမှတစ်ဆင့် စုံစမ်းလေ့လာခြင်း၊ လုပ်ငန်းနယ်ပယ်တွင် ဩဇာကိတ္တမရှိသူများအား ချဉ်းကပ်ခြင်းနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများသို့ ဝင်ရောက်ခြင်းကို လုပ်ဆောင်ရန်ဖြစ်ပါသည်။

          ယခင်က CEO များနှင့် တွေ့ကြုံဖူးပါက ထိုအတွေ့အကြုံများကိုလည်း မမေ့သင့်ပါ။ CEO တချို့ကို စနစ်တကျရွေးချယ်ရန် နက်ရှိုင်းသောဆက်နွှယ်မှုတည် ဆောက်ထားသင့်ပါသည်။

၂။     မိမိအိမ်စာကြိုတင်ပြင်ဆင်ပါ

မိမိချဉ်းကပ်လိုသည့် CEO စာရင်းပြုစုပြီးသည်နှင့် ထိုသူတို့၏ လုပ်ငန်းများကို အသေးစိတ်သိရှိလေ့လာထားရန် လိုအပ်ပါသည်။ ထို့ CEO တို့၏ ဆန္ဒလိုအပ်ချက်နှင့် စိတ်ဝင်စားစိတ်အားထက်သန်သည့်  အရာများကို သိရှိ ထားရန်လိုအပ်ပါသည်။ ထိုသူတို့၏ Social Media များ ကိုလေ့လာခြင်း၊ အင်တာဗျူးထားသည်များကို ဖတ်ရှုခြင်းနှင့် ကိုယ်တိုင်ရေးဆောင်းပါးများရှိပါက ဖတ်ရှုလေ့လာထားခြင်းဖြင့် စိတ်ဝင်စားစရာအချက်ကို အခြေခံ၍ တွေ့ဆုံခွင့်ရပါက အကျယ်ချဲ့မေးမြန်းနိုင်ပါသည်။

၃။ ချိန်ဆကွန်ရက်လုပ်ရန် အချိန် (သို့မဟုတ်) စနစ်တကျပြင်ဆင်ပါ

အားလပ်ရက်ခရီးထွက်ရန်အတွက် အချိန်ကိုစနစ်တကျ ပြင်ဆင်သကဲ့သို့ CEO များနှင့် ချိတ်ဆက်မိရန်အတွက် တစ်နှစ်တာအချိန်ဇယားရေးဆွဲသင့်ပါသည်။

          အနီးကပ်၍ စီးပွားရေးဆိုင်ရာကွန်ဖရင့်များ တက်ရောက်၍ ထိပ်တန်း CEO တစ်ယောက်တွေ့ရန် မဖြစ်နိုင်ပါ။ ကြိုတင်ပြင်ဆင်ထားမှသာ ထိပ်တန်း CEO များ တက်ရောက်သည့် အစည်းအဝေးများ၊ ကွန်ဖရင့်များကို အချိန်ယူတက်ရောက်နိုင်မည်ဖြစ်ပါသည်။

၄။ အခြေနေကို ဖန်တီးယူတတ်ပါစေ

CEO တစ်ယောက်အနေဖြင့် စာဖတ်သူအား ချဉ်းကပ်ရန်  ဖြစ်နိုင်ခြေနည်းလွန်းလှသဖြင့် မိမိအနေဖြင့်သာ အခြေနေ ဖန်တီး၍ ချဉ်းကပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပါသည်။ Social Media မှ တစ်ဆင့်၊ ဒါမှမဟုတ် E-mail ဖြင့်၊ ဒါမှမဟုတ် ပွဲတစ်ပွဲတွင် မိတ်ဆက်ခြင်းတို့ လုပ်ဆောင်ရန် ဖြစ်ပါသည်။

          CEO များနှင့် သိရှိရန် ကြိုးစား၍ အချိန်ယူရန် တစိုက်မတ်မတ်လုပ်ဆောင်ရန်ဖြစ်သော်လည်း တစ်ဖက်စွန်းရောက် ကိုယ်ကျိုးသာကြည့်၍ မလုပ်ဆောင်ရန် သတိပြုရန်လိုအပ်ပါသည်။ ထို CEO တို့၏ အချိန်နှင့်အနေအထားကို လေးစားရန် အထူးဂရုစိုက်သင့်ပါသည်။

၅။ မိမိကို သတိပြုမိပါစေ

စာဖတ်သူအား CEO တစ်ဦးအနေဖြင့် မည်သည့်အကြောင်း ကြောင့် စကားပြောချင်၊ ဆက်ဆံချင်ရန် အကြောင်းရှိပါ သနည်း။ CEO တစ်ဦးမှ မိမိအားသတိပြုမိစေရန် စနစ်တကျလုပ်ဆောင်ပြင်ဆင်ရန် လိုအပ်ပါသည်။ မိမိ၏ ကိုယ်ပိုင် Blog တွင်ဖြစ်စေ မဂ္ဂဇင်းများတွင်ဖြစ်စေ ဆောင်းပါးများရေးသားခြင်း အခွင့်အရေးရပါက စကားဝိုင်းများ ကွန်ရက်များတွင် စကားပြောဆိုခြင်းနှင့် အခြားသူများကို လေ့ကျင့်သင်ကြားပေးခြင်းတို့လုပ်ဆောင်ခြင်းဖြင့် လူအများက မိမိကို စိတ်ဝင်တစားဆက်သွယ်လာမည် ဖြစ်ပါသည်။

၆။ ရည်ညွှန်းစာ (သို့မဟုတ်) သတင်းအချက်အလက် မေတ္တာရပ်ခံခြင်း

CEO အားလုံးနီးပါး အလုပ်နှင့်အစည်းအဝေးများဖြင့် ပိ နေပြီး အချိန်ကို အကျိုးရှိစွာတန်ဖိုးရှိစွာ အသုံးချသူများ ဖြစ်သော်လည်း ထိုသူတို့အများစုမှာ ကူညီလိုစိတ်ရှိကြပါသည်။ ထိုသူတို့အား မိမိ၏အချိန်ဇယားမှဖဲ့၍ တွေ့ ဆုံခွင့်၊ ဒါမှမဟုတ် ဖုန်းပြောဆိုခြင်းများ မေတ္တာရပ်ခံပါက လုပ်ဆောင်ရန် ခက်ခဲသော်လည်း ရည်ညွှန်းစာ၊ ဒါမှမဟုတ် သတင်းအချက်အလက်ရေးသားပေးပါရန် အကူအညီတောင်းခံမေတ္တာရပ်ခံခြင်းကိုမူ လိုလိုလားလား ကူညီတတ်ပါသည်။  ထိုမှတဆင့် သတိပြုရင်းနှီးမှုရယူပြီးနောက် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးရန် အခွင့်အရေးရလာ နိုင်ပါသည်။

၇။ မမေ့နိုင်လောက်သော အမှတ်တံဆိပ်ဖန်တီးထားရန်

CEO များမှာ လုပ်ငန်းနှင့် အခြေနေပေါ်မူတည်၍ လူရာပေါင်းများစွာ  ထောင်ပေါင်းများစွာ ဆက်ဆံနေရသည် ဖြစ်ရာ စာဖတ်သူသည်လည်း အမှတ်ရစရာတစ်ခုခုရှိမနေပါက ထိုသူများကဲ့သို့ လူအများစုထဲ ပျောက်ကွယ်သွား မည်ဖြစ်ပါသည်။ လူအများနှင့်အတူ တမူထိုးထွက်မှုရှိရန် မိမိ၏ပုဂ္ဂိုလ်ရေး၊ ဒါမှမဟုတ် အလုပ်အကြောင်း စိတ်ဝင်စားဖွယ်ရာ တင်ဆက်ပြောပြတတ်ရန် ပြင်ဆင်ရန်လို အပ်သကဲ့သို့ မိမိနှင့်လိုက်ဖက်သည့် အဝတ်အစားပုံစံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ရန်လိုအပ်ပါသည်။

၈။ မိမိလုပ်ငန်းနယ်ပယ် ထဲထဲဝင်ဝင် သိရှိနေပါစေ

မိမိ လုပ်ငန်းနယ်ပယ်ရှိ CEO များမှာ နောက်ဆုံးပေါ် သတင်းအချက်များနှင့် ဖြစ်နိုင်ခြေအနေထားကို အချိန်နှင့် တပြေးညီသိနိုင်ကြသူများဖြစ်ပါသည်။ ထို့ကြောင့် ထိုသို့သော CEO များနှင့်တွေ့လျှင် စာဖတ်သူသည် မိမိ လုပ်ငန်းနယ်ပယ်နှင့်ပတ်သက်၍ ဂဃနဏ သိထားရန် လိုအပ်လှပါသည်။

၉။ မိမိလက်ရှိ အသိုင်းအဝန်းကို ပြန်လည်ဆန်းစစ် စိစစ်ပါ

မိမိ၏လက်ရှိ အသိုင်းအဝန်း၏ ချိတ်ဆက်ကွန်ရက်ကို ပြန်လည်ဆန်းစစ်ပါ။ ထိုကွန်ရက်တွင် မိသားစု၊ မိတ်ဆွေ သူငယ်ချင်း၊ ကျောင်းနေဖက်၊ သင်ဆရာ ကြားဆရာ၊ မိမိ မှ လေးစားရသူများ ပါဝင်ပါသည်။ အထူးသဖြင့် ထိပ်တန်း CEO များကို မိတ်ဆက်ပေးနိုင်သူများပါရှိရန် အထူးလိုအပ်ပြီး ထိုသူများကြောင့် CEO အနေဖြင့် စာဖတ်သူ၏ E-mail ဖတ်ရန်၊ ဒါမှမဟုတ် ဖုန်းပြောကြားခြင်း၊ ဒါမှမဟုတ် ကွန်ဖရင့်များတွင် ငါးမိနစ်ခန့် တွေ့ဆုံဆွေးနွေးခွင့် ရရှိနိုင်ပါသည်။

၁၀။ စိတ်အနှောင့် အယှက်မဖြစ်ပါစေနှင့်

အခြေအနေနှင့် အချိန်ခါရ၍ CEO တစ်ယောက်နှင့် တွေ့ဆုံခွင့်ရလျှင် သူ၏အချိန်ကို လေးစားသောအားဖြင့် တောပြောတောင်ပြော အရည်မရအဖတ်မရပြောဆိုခြင်း ရှောင်ရှားရန် လိုအပ်ပါသည်။

(၁) မလိုအပ်သော မေးခွန်းများမေးခြင်းမှ ရှောင်ရှားပါ

မေးခွန်းများတရစပ် မေးမြန်းခြင်းကို သတိပြုရန် လိုအပ် ပါသည်။ ရိုးသားပျူငှာစွာဖြင့် နှုတ်ဆက်ဂါရဝပြုခြင်း၊ ဒါမှမဟုတ် လတ်တလောအောင်မြင်မှု၊ လုပ်ဆောင်မှုတစ်ခု ခုကို ချီးမွမ်းခြင်းကိုသာ လုပ်ဆောင်သင့်ပါသည်။

(၂) အချိန်တိုအတွင်း ထိထိမိမိ ပြောဆိုဆက်ဆံပါ

 CEO အများစုမှာ အချိန်ပိုမရှိတတ်သဖြင့် မိမိကိုယ်မိတ်ဆက်ရာ၌ E-mail ဖြစ်စေ လူချင်းတွေ့ဆုံရာ၌ဖြစ်စေ ထိ ထိမိမိ ပြောဆိုရေးသားနိုင်ရန် လိုအပ်ပါသည်။ ဖြစ်နိုင်လျှင် ဝါကျတစ်ကြောင်းတည်းနှင့် လုပ်ပေးနိုင်သည့် အကြောင်းအရာကို ဖော်ပြနိုင်ရန် လိုအပ်ပါသည်။

(၃) အဓမ္မအတင်းအကြပ် မလုပ်ဆောင်ပါနှင့်

တစ်ခါတရံစာဖတ်သူ၏ E-mail ကို CEO က အကြောင်း မပြန်သည်ကိုလည်း ကြုံတွေ့ရပါလိမ့်မည်။ စိတ်ပျက်ရန် မလိုဘဲ ကိုယ်ကအကြိမ်ကြိမ် ကြိုးစားစေလိုပါသည်။ သို့သော် နေ့စဉ်အနှောင့်အယှက်ပေးသကဲ့သို့ ဆောင်ရွက်ခြင်းမျိုး လုံးဝရှောင်ရှားသင့်ပါသည်။

၁၁။ အချိန်လေးစားရန် လိုအပ်ပါသည်

စီနီယာအမှုဆောင်အရာရှိချုပ်အများစုမှာ မိမိ၏တန်ဖိုးရှိသည့် အချိန်ကို စနစ်တကျသုံးတတ်သူများဖြစ်ရာ စာ ဖတ်သူများအနေဖြင့် ပြောရမည့်ကိစ္စအကြောင်းအရာကို လိုတိုရှင်းပြောဆိုနိုင်ရန် လိုအပ်လှပါသည်။ ဥပမာဆိုရသော် သင့်အနေဖြင့် Bill Gates ကို တွေ့ဆုံရန် အခွင့်အရေးသည် နည်းပါးလှသည်ဖြစ်ရာ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်ခု၏ အပေါ်ဆုံးထပ်မှ ဓာတ်လှေကားထဲတွင် အမှတ်မထင်တွေ့ဆုံမိသည်ဆိုပါစို့။ ဓာတ်လှေကားစတင် ဆင်းသက်သည်နှင့် Bill Gate က သင့်ကိုမှတ်မိနေရန် ပြောဆိုတင်ဆက်နိုင်သူဖြစ်ရပါလိမ့်မည်။

          အသိပေးလိုသည့်အရာ အသိပေးပြောဆိုပြီး နောက် ပြက္ခဒိန်ကို အသုံးချပြီး ချက်ချင်းလုပ်ဆောင်ရန် စီစဉ်ပါ။ CEO အဆင်ပြေမည့် အချိန်ကို မေးမြန်း၍ အသုံးပြု၍ Google Calender ချက်ချင်းဆောင်ရွက်ပါက CEO လည်းအမှတ်ရနေမည်ဖြစ်ပါသည်။

၁၂။ အကောင်းဆုံးအချိန်မှာ ညနေစောင်းဖြစ်ပါသည်

လူတချို့က CEO များကို ဆက်သွယ်ရန် အကောင်းဆုံး အချိန်မှာ နံနက်ခင်းဟု ဆိုကြပါသည်။ အကြောင်းပြချက်မှာ နံနက်ခင်းတွင် အလုပ်များသေးသည့်အတွက် မိမိကို အကြောင်းပြန်ရန် ဂရုပြုမိရန် လွယ်ကူသည်ဟု ဆိုလိုပါသည်။ လူအများစုက ညနေစောင်းရုံးဆင်းခါနီးအချိန်တွင် အကောင်းဆုံးဟုယူဆကြပါသည်။ ထိုအချိန်တွင် CEO များမှာ အလုပ်လက်စသပ်နေသည့်အချိန် မနက်ဖြန်အတွက် ပြင်ဆင်နေရသည့်အချိန်၊ E-mail များ ရှင်းနေရချိန်ဖြစ်သဖြင့် အချိန်ရှိနိုင်ကြောင်း သုံးသပ်ကြလေသည်။ ဘာသာပြန်သူအနေဖြင့်ဆိုလျှင် နေ့လည်ထမင်းစားချိန် တစ်နာရီ၊ တစ်နာရီခွဲသည် အကောင်းဆုံးဖြစ်သည်ဟု ယူဆပါသည်။

၁၃။ မိမိလုပ်ကိုင်နိုင်သည့် အရာများကို ကမ်းလှမ်းပါ

ပုထုဇဉ်လူသားများပီပီ CEO များသည် ကိစ္စရပ်အားလုံးကို တတ်သိကျွမ်းကျင်မည်မဟုတ်ရာ ယင်းတို့လုပ်ဆောင် ရသည့်အလုပ်၊ ဒါမှမဟုတ် တာဝန်များနှင့်ပတ်သက်၍ ထိရောက်စွာ လုပ်ဆောင်နိုင်မည့် လုပ်ဆောင်သင့်သည့် မိမိ ကျွမ်းကျင်မှုရှိပါက ရိုးသားစွာကမ်းလှမ်းရန်ဖြစ်ပါသည်။

၁၄။ ဆိုရှယ်မီဒီယာ၏ ပါဝါကို အသုံးချပါ

ထိပ်တန်းအရာရှိများကို ထိရောက်စွာဆက်လုပ်နိုင်သည့် အရာတစ်ခုမှာ ဆိုရှယ်မီဒီယာပင်ဖြစ်ပြီး ဥပမာ- LinkedIn တွင် တိကျသောလုပ်ငန်းနယ်ပယ်၊ ကျွမ်းကျင်မှု၊ အရည်ချင်းများကို ဖော်ပြထားတတ်ပါသည်။ သို့သော် “မိမိနှင့်ပတ်သက်သည့် အကြောင်းအရာများကို တစိုက် မတ်မတ်တင်ခြင်းမျိုးကို ရှောင်ရှားသင့်ပါသည်။ LinkedIn မှတစ်ဆင့် CEO များကို သိလိုသည့်ကိစ္စ၊ အကြံဉာဏ် တောင်းယူမေးမြန်းနိုင်ပါသည်။ လုပ်ငန်းနယ်ပယ်ဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေးနိုင်ပါသည်။

၁၅။ လုပ်ငန်းနယ်ပယ်အလိုက် အဖွဲ့အစည်းများကို ပါဝင်ပတ်သက်ပါ

အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်ကွန်ရက်တည်ထောင်ခြင်းသည် လွယ်ကူပြီး ထိရောက်မှုရှိသော်လည်း တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းထက် ထိရောက်မှု မရှိပေ။ မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းဖြင့် ကျွမ်းဝင်ရင်းနှီး မှုရှိသကဲ့သို့ ယုံကြည်မှုလည်း တည်ထောင်နိုင်ပါသည်။

          မည်သူမဆို မိမိအဆင်ပြေနှစ်သက်သူနှင့်သာ အလုပ်လုပ်တတ်သည့် သဘာဝရှိရာ မျက်နှာချင်းဆိုင် တွေ့ဆုံမှုသည် E-mail ထက် အဆသုံးလေးဆ အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရှိရပေသည်။ ထို့ကြောင့် UMFCCI အပါဝင် သက်ဆိုင်သည့် လုပ်ငန်းနယ်ပယ်အလိုက် အဖွဲ့အစည်းများတွင် ပါဝင်ပတ်သက်ရန် လိုအပ်ပါသည်။  

၁၆။ ပထမဆုံးအကြိမ် တွေ့ဆုံစဉ် တစ်စုံတစ်ခုရောင်းရန် မကြိုးစားပါနှင့်

CEO အများစုသည် မိမိလုပ်ငန်း၏ အသေးစိတ်ကိုသိရှိရန်  ခက်ခဲတတ်ကြပြီး ပါဝင်ပတ်သက်ခြင်းလည်း မရှိတတ်ကြပေ။ ထိုသို့တွေ့ဆုံခွင့်ရစဉ် တစ်စုံတစ်ခုရောင်းချရန်ထက် ရေရှည်ခိုင်ခန့်နိုင်သည့် ဆက်ဆံမှုထား၍ တည်ဆောင်ရန် ဖြစ်ပါသည်။ တစ်ဦးတည်းဆုံးဖြတ်ရသည့် လုပ်ငန်းမျိုးဆိုပါက အခြေနေကြည့်၍ ရောင်းနိုင်ပါသည်။

၁၇။ တိကျသော အစီအစဉ်တစ်ခုပြင်ဆင်ထားပါ

CEO တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးရန် အခွင့်အရေးရပါက  စနစ်တကျသေချာစွာပြင်ဆင်ပြီး မိနစ်သုံးဆယ်ထက် မပိုဘဲ တင်ပြဆွေးနွေးနိုင်ရမည်။ အချိန်ကို လေးစားသောအားဖြင့် ရှုပ်ထွေးခက်ခဲသော စကားရပ်များ၊ ပုံပြဂရပ်များထက် ရှင်းလင်းရိုးသားသော တင်ပြချက်များ၊ Slide များဖြင့် ဆွေးနွေးရန်ဖြစ်ပါသည်။ အရေးကြီးဆုံးမှာ CEO စိတ်ဝင်စားနိုင်သည့် ကိုက်ညီသည့် အကြောင်းအရာများ ဖြစ်သင့်ပါသည်။

၁၈။ မှန်ကန်ရိုးသားဖြောင့်မတ်မှုရှိပါစေ

CEO အများစုသည် လူအများစုနှင့်အမြဲတမ်းထိတွေ့ ဆက်ဆံနေရရာ လူ့မနောကိုဆန်းစစ်နိုင်ပြီး လိမ်လည် လှည့်ဖြား ကြွားဝါပြောဆိုခြင်းကို သိရှိခံစားနိုင်ပါသည်။ ရိုးသားစွာ ဖြောင့်မတ်စွာ လေးစားစွာဖြင့် ပြောဆိုတင်ပြပါ။ မိမိ၏ စိတ်သဘောအမှန်အတိုင်း ဆက်ဆံရန်ဖြစ်ပါသည်။

၁၉။ ဝတ်စားဆင်ယင်မှု

သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ပါ။ ကွမ်းစားခြင်း၊ ဆံပင် သပ်သပ်ရပ်ရပ်ဖီးခြင်း၊ ကိုယ်အနံ့မရှိစေခြင်းကို သတိပြု ရန်ဖြစ်ပါသည်။ မိမိအလုပ်တာဝန်နှင့် ထိုက်တန်စွာ ဝတ်ဆင်ရန်ဖြစ်ပြီး ကြွားဝါးလွန်းခြင်းသည် ပထမဆုံးဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း သတိပြုစေလိုပါသည်။

၂၀။ ယုံကြည်စိတ်ချရမှု မထိခိုက်ပါစေနှင့်

စာဖတ်သူ၏ ဆွေးနွေးတင်ပြချက်တွင် ဂဏန်းများ၊ ဂရပ်များပါရှိပါက ဂဃနဏ သိရှိကျေညက်ရန် လေ့လာထားရန်လိုပြီး CEO ၏ သိရှိမေးမြန်းမှုကို အထစ်အငေါ့မရှိ ပြောကြားနိုင်ရန် လိုအပ်ပါသည်။ မိမိ၏တင်ပြချက်ကို သေချာမရှင်းလင်းနိုင်ပါက CEO ၏ ယုံကြည်လက်ခံမှု ရရှိနိုင်မည်မဟုတ်သဖြင့် အခွင့်အရေးကောင်းများ ဆုံးရှုံးသွားနိုင်ပါသည်။

၂၁။ ပရိသတ်ကို လေ့လာတတ်ရန် လိုအပ်ပါသည်

သုတေသနစစ်တမ်းများအရ လူတစ်ဦးအနေဖြင့် တစ်စုံတစ်ယောက်၏ တင်ပြမှုကို စကားလုံးအားဖြင့် ၁၅ ရာ ခိုင်နှုန်းသာ သဘောပေါက်ပြီး ကိုယ်ခန္ဓာအပြုအမူမှ ၅၅ ရာခိုင်နှုန်း အသံအနေအထားမှ ၃၀ ရာခိုင်နှုန်းမှ တစ်ဆင့်ခံစားသိရှိကြပါသည်။ ထို့ကြောင့် စာဖတ်သူအနေဖြင့် တင်ပြဆွေးနွေး နေစဉ် CEO အပါအဝင်နားထောင်ရ သူတို့၏ ကိုယ်ခန္ဓာအမူအရာ မျက်လုံးအနေအထားကို လေ့လာရန် လိုအပ်ပါသည်။ စိတ်ဝင်စားမှုရှိသည်ဟု မယုံကြည်ဟုထင်လျှင် အားစိုက်၍ ဂရုတစိုက်ပြောဆိုရမည်ဖြစ်ပါသည်။

၂၂။ ကျေးဇူးတင်ကြောင်း ပြန်ကြားရန်

ကျွန်တော်တို့မြန်မာလူမျိုးသည် “ကျေးဇူးတင်ပါတယ်” ဟူသော စကားကို ချွေတာသုံးစွဲတတ်ကြပါသည်။ တစ်ဖက်လူ၏ တင်ပြဆွေးနွေးချက်လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ နှုတ်နှင့်သာမက E-mail ဖြင့် CEO အား အချိန်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဂရဝတရားဖြင့် အသိပေးသင့်ပါသည်။ ရိုးသားပျူငှာလေးစားမှု ပြုသူကို လူတိုင်းမှတ်မိတတ်ကြရာ အခွင့်အခါကြုံလျှင် ထို CEO မှ နောက် CEO တစ်ဦးအား မိတ်ဆက်ပေးရန် လွယ်ကူတတ်ကြသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးပွဲပြီးပါက နောက်ဆက်တွဲ ဖုန်းဖြင့်သော်လည်းကောင်း၊ E-mail ဖြင့်သော်လည်းကောင်း အကျိုးအကြောင်းသိရန် ဆက်သွယ်ရန်လိုအပ်ပါသည်။

Ref: Internet

မောင်သာ

(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)