Andy Annett
Managing Director
Today Ogilvy & Mather Myanmar
Brexit ရဲ့ ရိုက်ခတ်မှု . . .
ဒီ Brexit ဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဗြိတိန်နိုင်ငံရေးသမိုင်းကြောင်းမှာ အလွန်ထူးခြားတဲ့ ဖြစ်စဉ်တစ်ရပ် ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအဖြစ် အံ့သြတုန်လှုပ်မှုနဲ့အတူ UK ရှိ လူတိုင်းအပေါ် အကျိုးသက်ရောက်မှုတွေရှိခဲ့ပါတယ်။ ဒီအခြေအနေနဲ့ နိုင်ငံတကာမှာ UK ရဲ့ အနေအထားနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ဂယက်ရိုက်ခတ်မှုတွေကို ပြောပြချင်ပါတယ်။
နောက်ခံသမိုင်း . . .
UK ဟာ England ၊ Wales ၊ Scotland ၊ Northern Ireland တို့နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ Gibraltar ရဲ့ အဆုံးမှာရှိတဲ့ Spain တောင်ပိုင်းဟာလည်း Brexit ဆန္ဒခံယူပွဲမှာ မဲပေးခဲ့ပါတယ်။ ဒီဒေသဟာ ၁၉၇၃ ခုနှစ် ကစပြီး EU ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ UK ဟာ တစ်ခါတစ်ရံမှာ တုံ့ဆိုင်းနေတတ်တဲ့ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေမှာ သူဟာ အထူးအဆင့်အတန်းတစ်ရပ်နဲ့ တည်ရှိခဲ့ပါတယ်။ UK ဟာ ယူရိုဘုံငွေကြေးကိစ္စမှာ လုံးဝမပါဝင်ခဲ့ပါဘူး။ နိုင်ငံတွေကြားနယ်စပ်တွေကို ဖွင့်ပေးရမယ့် Schengen Agreement မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံလည်းမဟုတ်ပါဘူး။ EU ဟာ မူလအစမှာ ကိုးနိုင်ငံသာရှိခဲ့ပေမဲ့ အခုဆိုရင် ၂၈ နိုင်ငံအထိ ပါဝင်လာခဲ့ပါတယ်။ ဒီလိုဖွဲ့စည်းရာမှာ အရင်က အရှေ့ဥရောပရဲ့ ကွန်မြူနစ်နိုင်ငံတွေနဲ့ တခြားပိုဆင်းရဲတဲ့နိုင်ငံတွေ ဥပမာ - Bulgaria ၊ Romania စတာတွေကိုလည်း EU ကို ဝင်ခွင့်ပြုခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တာက မူလအစကတည်းက အသင်းဝင်ဖြစ်ခဲ့ပြီး ကြွယ်ဝချမ်းသာတဲ့ အဖွဲ့ဝင်နိုင်ငံတချို့ကို မကျေမချမ်းဖြစ်စေခဲ့ပါတယ်။ EU ဟာ ASEAN လို အဆင့်မြင့်အဖွဲ့အစည်းတွေထဲမှာ ပိုပြီးခိုင်မာတောင့်တင်းတဲ့အဖွဲ့ဖြစ်ပါတယ်။ ဥပမာ - သူ့မှာ နိုင်ငံများစွာသုံးတဲ့ ငွေကြေးစနစ် ရှိပါတယ်။ ဗဟိုပါလီမန်စနစ်နဲ့ သူ့ရဲ့အဖွဲ့ဝင်နိုင်ငံအားလုံး လိုက်နာရမယ့်ဥပဒေကိုလည်း ပြဋ္ဌာန်းထားနိုင်ခဲ့ပါတယ်။
UK ရဲ့ ပြည်သူတွေဟာ EU နဲ့ ပတ်သက်ပြီး ရှုပ်ထွေးနေတဲ့အမြင်ရှိပါတယ်။ ဒါကိုလည်း စာနယ်ဇင်းလောကက မကြာခဏထောက်ပြလေ့ရှိပါတယ်။ UK ရဲ့ တချို့ဒေသတွေဖြစ်တဲ့ Scotland ၊ Wales နဲ့ Northern Ireland တို့ဟာ သူတို့ရဲ့ ပိုဆင်းရဲတဲ့ဒေသတွေအတွက် EU ဆီက များပြားတဲ့ထောက်ပံ့ငွေတွေနဲ့ အကျိုးရှိခဲ့ပါတယ်။ ဒါပေမဲ့ EU ဟာ သူ့ရဲ့နှစ်စဉ်နှစ်တိုင်း ကြီးမားတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ပါလီမန်အတွက် ယူရိုငွေ သန်းပေါင်းထောင်ပေါင်းများစွာ သုံးဖြုန်းပါတယ်။ ဗျူရိုကရက်ဆန်တဲ့ လုပ်ငန်းတစ်ရပ်အဖြစ် အမြင်ခံရပါတယ်။ EU ရဲ့ ပါလီမန်ဟာ မရှင်းလင်းတဲ့ ဥပဒေတွေကို မကြာခဏ ပြဋ္ဌာန်းပြီး UK ကို လိုက်နာစေခြင်း၊ အရှေ့ဥရောပနိုင်ငံတွေကို ဝင်ရောက်လာသူတွေ UK ကို ဝင်ရောက်လာခြင်း၊ တခြား ဘယ် EU နိုင်ငံမှာမဆို ရှိတဲ့သူတွေအတွက် EU နိုင်ငံတွေမှာ နေထိုင်ပြီး လုပ်ကိုင်နိုင်တဲ့ ပေါ်လစီချပေးခဲ့ပါတယ်။ ဒီလိုကိစ္စတွေက တချို့ဒေသတွေကို မကျေမချမ်းဖြစ်စေခဲ့ပါတယ်။
ယေဘုယျအနေနဲ့ပြောရမယ်ဆိုရင် လက်ဝဲဘက်ကိုယိမ်းတဲ့ Labour Party ဟာ EU ကို ထောက်ခံနေစဉ်မှာ Conservative Party ဟာ EU ကို အမြဲဆန့်ကျင်နေတာကြောင့် ဒီကွာခြားချက်ဟာ Conservative Party အတွင်းမှာ အမြဲတမ်းလိုလို ပြဿနာတစ်ရပ်ဖြစ်ခဲ့ပါတယ်။ သေးငယ်ပေမဲ့ သိသိသာသာနိုင်ငံရေး လှုပ်ရှားမှုလုပ်ဆောင်တတ်တဲ့ Party တစ်ခုဖြစ်တဲ့ UKIP (UK Independence Party) ဟာလည်း ပေါ်ထွက်လာခဲ့ပြီး သူဟာ EU ကနေ UK ကို ထုတ်ဖို့အတွက် အစီအစဉ်ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာပြုလုပ်တဲ့ နောက်ဆုံးအမျိုးသားရွေးကောက်ပွဲမှာ အံ့သြစရာကောင်းလောက်အောင်ပဲ Conservative Party က အာဏာရခဲ့ပါတယ်။ ဒီကာလမှာ လူကြိုက်များတဲ့ပါတီဖြစ်ပြီး နောက်ထပ်လေးနှစ် အာဏာရမှာဖြစ်တာကြောင့် ဗြိတိန်ဝန်ကြီးချုပ် David Cameron ဟာ ပြည်တွင်းဆန္ဒခံယူပွဲ ကျင်းပပြီး EU ကနေ ထွက်သင့်၊ မထွက်သင့် ပြဿနာကို အပြီးအပြတ်လုပ်ဆောင်ဖို့ ဆန္ဒရှိလာပါတယ်။ EU ကနေ ထွက်ခွာလိုသူတွေ စိတ်အေးသွားရမယ်လို့ ယူဆရတဲ့ နှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ သူယူဆသဘောပေါက်တဲ့ လုပ်ငန်းစီမံကိန်း တစ်ရပ်ကို EU နဲ့ UK တို့ ပိုပြီး သီးခြားဖြစ်မယ့် စည်းကမ်းချက်တွေကို တင်ပြညှိနှိုင်းခဲ့ပါတယ်။ ဆန္ဒခံယူပွဲကို ၂၀၁၆ ခုနှစ်၊ ဇွန်လမှာ ကျင်းပဖို့ကြံရွယ်ခဲ့ပါတယ်။ ဒီလိုကျင်းပတဲ့အခါ EU ကနေထွက်လိုသူတွေဟာ EU မှာ ဆက်လက်နေထိုင်လိုသူတွေနဲ့ Party ကို ကိုယ်စားမပြုဘဲ၊ သူတို့အနေနဲ့ ပါတီရဲ့စည်းကမ်းတွေကို လိုက်နာဖို့မလိုဘဲ သူတို့ဆန္ဒအတိုင်း ထောက်ခံမဲပေးဖို့ သတ်မှတ်ပေးခဲ့ပါတယ်။ ဝန်ကြီးချုပ် David Cameron ဟာ UK ကို EU မှာ ဆက်လက်တည်ရှိဖို့ အမာခံထောက်ခံသူတစ်ယောက် ဖြစ်ပါတယ်။ တခြားဆန္ဒခံယူမှုတွေမှာလည်း ဆက်လက်တည်ရှိနေဖို့ အကြံပေးခဲ့ပါတယ်။
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်း . . .
ဒီရွေးကောက်ပွဲအတွက် ဆန္ဒခံယူပွဲဟာ ရှည်လျားပြီး အလွန်ပြင်းထန်ကာ အန္တရာယ်ရှိပါတယ်။ ရိုက်ခတ်မှုဟာ ဘယ်လိုဖြစ်မယ်၊ အနာဂတ်ဟာ ဘယ်လိုဖြစ်မယ်စတာတွေကို ပြည်သူတွေက မှန်းဆနေရပါတယ်။ သတင်းစာတွေကလည်း အမျိုးမျိုးဖော်ပြခဲ့ကြပါတယ်။ ဥပမာ - UK ဟာ EU ကနေထွက်ရင် အမျိုးသား ကျန်းမာရေးဆိုင်ရာ အကျိုးဆောင်လုပ်ငန်းတွေမှာ အားလုံးအတွက် အခမဲ့ဆေးကုသမှုရရှိမှာဖြစ်ပြီး ဒါဟာ တစ်ပတ်ကို အပိုရန်ပုံငွေအဖြစ် လည်ပတ်မယ်ဆိုရင် GBP 350 Million အကျိုးခံစားခွင့်ရလိမ့်မယ်လို့ တွေးဆဖို့ ရေးသားခဲ့ပါတယ်။ ဒီလိုရေးသားဖော်ပြခြင်းဟာ နောက်ပိုင်းမှာ လုံးဝလုပ်ကြံရေးသားခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒခံယူပွဲမှာ အံ့သြဖွယ်ကောင်းလောက်အောင် Remain Party က ၅၁ ဒသမ ၉ ရာခိုင်နှုန်းရပြီး တခြားတစ်ဖက်က ၄၈ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ UK အနေနဲ့ EU ကနေ ချက်ချင်းထွက်သွားရမယ်လို့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ EU ကနေ နုတ်ထွက်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်ဖို့ တစ်နှစ် အနည်းဆုံးအချိန်ယူပြီး Artical ၅၀ ကို မှီငြမ်းပြီး EU ကနေ နုတ်ထွက်ဖို့ကိစ္စကို တရားဝင်စာရေးသားပြီး မေတ္တာရပ်ခံရမှာ ဖြစ်ပါတယ်။
သဘောထားကွဲလွဲပြီး စကားများခြင်း . . .
ဘယ်သူကမှ နောင်တစ်ချိန်မှာ ဒီလိုဖြစ်လာမှာကို ကြိုတင်မမှန်းဆနိုင်ပါဘူး။ ဒါအပြင် ခေါင်းဆောင်တွေကလည်း နောင်တစ်ချိန်မှာ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကို လုပ်ငန်းစီမံကိန်း ရေးဆွဲထားခြင်းမရှိတာကိုလည်း လျင်မြန်စွာဝန်ခံခဲ့ရပါတယ်။ ဒီလိုဖြစ်တာကြောင့် UK နိုင်ငံဟာ ပြင်းပြင်းထန်ထန် နှစ်ပိုင်းကွဲသွားပြီး စိတ်သော ကရောက်ခဲ့ရပါတယ်။ Pound (ပေါင်ငွေ)နဲ့ နိုင်ငံခြားငွေကြေးကူးသန်းရောင်းဝယ်ခြင်းဟာလည်း လုံးဝစိုက်ဆင်းသွားပြီး ရှယ်ယာဈေးနှုန်းတွေလည်း ရုတ်တရက် ကျဆင်းသွားခဲ့ပါတယ်။ ဝန်ကြီးချုပ် David Cameron ဟာ စက်တင်ဘာလ၊ ဒါမှမဟုတ် အောက်တိုဘာလအထိ သူ့ရဲ့ရာထူးမှာ နေနိုင်ပေမဲ့ နုတ်ထွက်သွားပါတယ်။ Conservative ခေါင်းဆောင်မှ ဝန်ကြီးချုပ်ရာထူးကိုယူတဲ့အခါ နှုတ်ထွက်သွားခဲ့ပါတယ်။ EU က နုတ်ထွက်သွားတဲ့အခါ ဆုံးရှုံးထိခိုက်မှုနည်းစေဖို့ အပိုဒ် ၅၀ ကို အကောင်အထည်ဖော်ပြီး တာဝန်ယူလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ EU ကနေ ထွက်ခွာဖို့အတွက် ဝါဒဖြန့်ချိရေး ခေါင်းဆောင်တွေဖြစ်ကြတဲ့ Conervative ပါလီမန်အမတ် Boris Johnson နဲ့ Michael Gove တို့ဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကိုခံယူပြီး သူတို့ရဲ့အနေအထား ရပ်တည်မှုဟာ ကျဆင်းသွားခဲ့ကာ သူတို့ကို ပြည်သူနဲ့ သတင်းသွေးကြောက ပြစ်တင်ရှုတ်ချတာကို ခံခဲ့ရပါတယ်။ ဒါအပြင် Labor Pary က Jeremy Corbyn ဟာလည်း EU အတွက် ဆက်လက်တည်ရှိနေဖို့ ဝါဒဖြန့်ချိရေးကို မထောက်ခံတဲ့အတွက် သူ့ကိုလည်း ပြင်းထန်စွာဝေဖန်ပြီး ဖိအားပေးခြင်းခံခဲ့ရပါတယ်။ ဒါအပြင် သူ့ရဲ့ပါတီကနေ လွှတ်တော်အမတ်အများစုကလည်း သူ့ကို မထောက်ခံဖို့ သတိပေးခဲ့ပါတယ်။ ဒီအခြေအနေမှာ သူ့အနေနဲ့ ထွက်ခွာသွားရမယ့် အသွင်ဆောင်နေပါတယ်။ ဥရောပမှာ အခြေခံထားတဲ့ သူတို့ရဲ့အဓိကလုပ်ငန်းတွေက ဝန်ထမ်းတွေကို လျှော့ချတာကြောင့် လန်ဒန်ရှိ အဓိကလုပ်ငန်းတွေဟာ အလုပ်တွေလျှော့ပစ်တာ၊ ဥရောပရဲ့ အဓိကတိုင်းပြည်တွေမှာ ပြန်လည်အခြေချမယ်၊ မချဘူးဆိုတာကို ဆုံးဖြတ်တာ၊ ပြည်သူလူထုက ထင်မြင်ချက်ပေးတာနဲ့ မငြိမ်သက်တာတွေလည်း ဖြစ်ပေါ်နေပါတယ်။
တခြားဥရောပနိုင်ငံတွေလည်း စိုးရိမ်ပြီး စိတ်သောကရောက်နေကြပါတယ်။ သူတို့အနေနဲ့ UK ကို အပြစ်ပေးလိုကြပါတယ်။ တကယ်လို့ UK ရဲ့ထွက်ခွာသွားခြင်းဟာ ဆွဲဆောင်မှုရှိလာရင် တခြားနိုင်ငံတွေမှာလည်း ထွက်ခွာသွားလိုတဲ့ခံစားချက်မျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။ ဥပမာပြောရရင် ပြင်သစ်နိုင်ငံမှာ EU ကို ဆန့်ကျင်တဲ့ ကြီးမားတဲ့လူနည်းစုရှိပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင် EU အနေနဲ့ ပြိုကွဲသွားတာ ဒါမှမဟုတ် ပျက်သွားနိုင်တာမျိုးဖြစ်ပါတယ်။
အလားတူပဲ Scotland ဟာလည်း ၂၀၁၄ ခုနှစ်မှာ သူ့ရဲ့လွတ်လပ်ရေးမယူဖို့အတွက် မဲအနည်းငယ်သာ ရရှိခဲ့ပါတယ်။ တကယ်လို့ သူတို့အနေနဲ့ လွတ်လပ်ရေး ရသွားမယ်ဆိုရင် ဒီအငြင်းပွားမှုရဲ့ အဓိကအချက်မှာ Scotland ဟာ EU ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် အလိုအလျောက်ဖြစ်သွားမှာ မဟုတ်ပါဘူး။ သူတို့မှာလည်း EU ရဲ့ ထောက်ပံ့ငွေတွေနဲ့ အကျိုးများစွာရရှိခဲ့ပါတယ်။ EU မှာ ဆက်လက်တည်ရှိနေဖို့ တစ်ခဲနက်ထောက်ခံမဲ ပေးခဲ့ပါတယ်။ ဒီလိုဆိုရင် Scotland အနေနဲ့ ထပ်ပြီးလွတ်လပ်ရေးရဖို့ ဆန္ဒခံယူပွဲတစ်ရပ်ကို ကျင်းပကောင်းကျင်းပနိုင်မှာဖြစ်ပြီး ဒီလိုလုပ်ခြင်းနဲ့ UK ကနေ နှုတ်ထွက်တဲ့အခါ ဒီအဆင့်မြင့်အဖွဲ့အစည်းရဲ့ ပြိုကွဲမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ရိုက်ခတ်မှု . . .
ဘယ်လိုဆက်ဖြစ်လာမယ်ဆိုတာကို ဘယ်သူကမှ မပြောနိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ EU မှာ ဆက်လက်တည်ရှိဖို့ ထောက်ခံသူတစ်ယောက်ဖြစ်ပေမယ့် ကျွန်တော်ဟာ အကောင်းမြင်ဝါဒီတစ်ယောက် ဖြစ်ပါတယ်။ အလွန်မျှတတဲ့ Conservative ခေါင်းဆောင်တစ်ယောက်ကို ရရှိပါတယ်။ ဥရောပနဲ့ ကောင်းစွာညှိနှိုင်း ဆောင်ရွက်နိုင်မယ်လို့ယူဆကာ EU ကနေ နုတ်ထွက်ပေမယ့် အကျိုးကျေးဇူးတွေ အများကြီးရမယ်လို့ ယုံကြည်ပါတယ်။
သဘောပေါက်နားလည်ရမယ့် အရေးကြီးတဲ့အချက်ကတော့ UK ဟာ သူ့နိုင်ငံအနေနဲ့ နိုင်ငံတကာမှာ အလွန်သြဇာညောင်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် အခုထိ တည်ရှိဆဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စီးပွားရေးနဲ့ ပတ်သက်ပြီး အဆင့်ငါးရှိ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့စစ်ရေးကျွမ်းကျင်မှု၊ သိပ္ပံ၊ ပညာရေး စတဲ့ ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုလည်းရှိပါတယ်။ သူဟာ ဘဏ္ဍာရေးအရလည်း ကမ္ဘာရဲ့ ဗဟိုနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ကုန်သွယ်ရာမှာလည်း အလွန်အမင်းဆွဲဆောင်မှုရှိတဲ့ ကုန်သွယ်မှုဆိုင်ရာ လုပ်ဆောင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ စီးပွားရေး၊ တီထွင်ဖန်တီးမှုနဲ့ပတ်သက်ပြီး ရှင်သန်နေတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဥရောပဟာ အခုထိ UK နဲ့ ကုန်သွယ်မှုများစွာ လုပ်ဖို့လိုအပ်ပါတယ်။ ဒီအခြေအနေကိစ္စတွေဟာ ချက်ချင်းပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ မဟာမိတ်အသစ်တွေကိုလည်း ဖွဲ့စည်းလာမှာဖြစ်ပြီး UK ဟာ ကမ္ဘာမှာ အဓိကအင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် ရိုက်ခတ်မှုက နည်းနိုင်ခြေများပါတယ်။ တခြားနိုင်ငံတွေထက်စာရင် UK ဟာ ပင်လယ်ရပ်ခြားမှာ ၀ ဒသမ ၇ ဘတ်ဂျက်ကိုသာ ပိုသုံးပါမယ်။ ရေတိုအနေနဲ့ ပေါင်ငွေတန်ဖိုးကျတဲ့အတွက် ထောက်ပံ့ဘတ်ဂျက်တွေကို လျော့ချကောင်းလျော့ချမှာဖြစ်ပါတယ်။ Visa တွေလည်း ရဖို့ခက်ခဲနိုင်ပါတယ်။ ပညာရေးအဖွဲ့အစည်းတွေတွေက နိုင်ငံခြားကျောင်းသားတွေဆီက ဝင်ငွေများစွာရရှိဖို့အတွက် တည်မှီနေရမှာ ဖြစ်တာကြောင့် ပညာရေးပိုင်းကို ထိခိုက်မှာမဟုတ်ပါဘူး။ ဒါအပြင် UK နဲ့ မြန်မာနိုင်ငံတို့ဟာ သမိုင်းကြောင်းတစ်လျှောက် အလွန်ရင်းနှီးတဲ့ဆက်ဆံမှုတွေရှိနေပြီး နွေးထွေးတဲ့ဆက်ဆံရေးမှာ ဆက်လက်တည်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနာဂတ်ကိုတော့ ဘယ်သူမှမပြောနိုင်ပါဘူး။
ဦးအောင်နိုင်ဦး
Director General
Directorate of Investment & Company Administration (DICA)
Ministry of Planning and Finance
BREXIT ကြောင့် မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နံှမှုအပိုင်းမှာ ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ . . .
ကျွန်တော်မြင်တာကတော့ ရင်းနှီးမြှုပ်နံှမှုအပိုင်းရော၊ ကုန်သွယ်မှုပိုင်းမှာပါ အနည်းနဲ့အများတော့ သက်ရောက်မှုရှိပါမယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်တစ်ခု ပြိုကွဲတယ်ဆိုရင် လင်နဲ့မယားတင် ထိခိုက်တာမဟုတ်ဘဲ သားသမီးတွေကိုပါ ထိခိုက်တယ်ဆိုတဲ့ သဘောမျိုးပါပဲ။
Britain က ကျွန်တော်တို့ဆီမှာ အရေးကြီးတဲ့ Invester တစ်ယောက်ဖြစ်ပါတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုများတယ်။ လက်ရှိအခြေအနေက ကျွန်တော်တို့လို Emerging Market တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့ထက် EU မှာရှိနေတဲ့ သူတို့ရဲ့ Establishment ကို ခိုင်မြဲအောင်လုပ်ဖို့ ပိုအရေးကြီးနေမှာဖြစ်ပါတယ်။
ဥပမာအားဖြင့် အရင်တုန်းက လန်ဒန်မှာအခြေချထားတဲ့ Britain စီးပွားရေးလုပ်ငန်းတွေဟာ ပဲရစ်မှာ သွားလုပ်မလား၊ ဘာလင်သွားလုပ်မလားဆိုတာမျိုး လွယ်လွယ်ကူကူသွားလုပ်လို့ရတယ်။ အခုဆိုရင် ဗီဇာလိုလာတော့မယ်။ နောက်ပြီး Business Relationship ကလည်း နည်းနည်းလေးပြောင်းသွားမယ်။ အဲဒီတော့ ကျွန်တော်မြင်တာက Britain အနေနဲ့ Emerging Market တွေကို ဝင်လာဖို့ထက် ဥရောပဈေးကွက်ထဲမှာရှိနေတဲ့ သူ့ရဲ့ Business တွေကို ပိုပြီးတော့ အခြေမလဲသွားအောင် ပိုပြီးတော့ အာရုံစိုက်မယ်လို့ မြင်ပါတယ်။
ဒီတော့ ကျွန်တော့်ရဲ့ နံပါတ်တစ်ယူဆချက်က BREXIT ကြောင့် Britain ဟာ Emerging Market တွေမှာ ရင်းနှီးမြှုပ်နှံမှုလုပ်တာ နည်းသွားမယ်။ နံပါတ်နှစ်အချက်ကတော့ Britain ရဲ့ငွေကြေး (စတာလင်ပေါင်)က နည်းနည်းလေး အားပျော့သွားမယ်။ အားပျော့သွားတဲ့အတွက် သူက ရင်းနှီးမြှပ်နှံမှုသွားလုပ်မယ်ဆိုရင် သူ့အနေနဲ့ အရင်ကလောက် အခွင့်အလမ်းက မသာဘူးဖြစ်နေမယ်။ ဒီနှစ်ချက်ကြောင့် မြန်မာနိုင်ငံအပါအဝင် Emerging Market တွေမှာ Britain ရဲ့ ရင်းနှီးမြှပ်နံှမှုက အရင်ထက်စာရင် နည်းနည်းကျသွားနိုင်တယ်လို့ သုံးသပ်ချင်ပါတယ်။ အလားတူပဲ ကုန်သွယ်မှုပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း စတာလင်ပေါင်ငွေ အားပျော့တဲ့အတွက်ကြောင့် သူ့ Export ကတော့ တက်ရင်တက်လာမယ်။ ကျွန်တော်တို့က Export လုပ်ရင်တော့ ထိနိုင်ပါတယ်။ အထူးသဖြင့် Garment Sector တွေပါ။ အရင်တုန်းက EU Market ဖြစ်တဲ့ Britain Market ကိုပို့နေတဲ့ Garment Sector တွေက အရင်လောက် Market Access ရနိုင်ပါ့မလား၊ အရင်လောက် အကျိုးအမြတ်ရှိပါ့မလားဆိုတာ စဉ်းစားစရာရှိတယ်။ Margin ကျဉ်းသွားတာကြောင့်ဖြစ်ပါတယ်။ အဲဒီတော့ ရင်းနှီးမြှုပ်နှံမှုရော၊ Export လုပ်တာမှာပါ အနည်းနဲ့အများ ထိခိုက်နိုင်ပါတယ်။
နောက်ပြီး Britain ကပေးနေတဲ့ Oversea Assistance တွေ ကျသွားဖို့ရှိတယ်။ သူပေးတာက Gross National Income (GNI) ရဲ့ ၀ ဒသမ ၇ ရာခိုင်နှုန်းကို Allocate လုပ်ပြီးတော့ နိုင်ငံတွေကို ထောက်ပံ့နေတာပါ။ သူ့ရဲ့ GNI ကျသွားလို့ရှိရင် အထောက်အပံ့တွေ ပေးနိုင်တာလည်း လျော့သွားနိုင်ပါတယ်။
ဒေါက်တာအောင်သူရ
CEO
Thura Swiss Co Ltd
Brexit ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ . . .
Brexit ရဲ့ Impact က လောလောဆယ် ဒီမြန်မာပြည်နေနေသာသာ တစ်ကမ္ဘာလုံးမှာတောင် ဘာဖြစ်မယ်ဆိုတာကို သိပ်မသိကြသေးပါဘူး။ UK အပေါ် ဘာ Impact ရှိမယ်၊ EU အပေါ်ဘာ Impact ရှိမယ်ဆိုတာကိုလည်း မသိသေးဘူး။ တစ်ကမ္ဘာလုံးပေါ် ဘာ Impact ရှိမယ်ဆိုတာကိုလည်းမသိသေးပါဘူး။ စဖြစ်ခါစမှာတော့ အကုန်လုံးက လန့်သွားကြပါတယ်။ ဒါကတော့ ထုံးစံအတိုင်းပဲ တစ်ခုခု Shock ဖြစ်တယ်ဆိုရင် Financial Markets တွေမှာလည်း အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ရေရှည်မှာ Impact က ဘယ်လိုဖြစ်လာမယ်ဆိုတာကိုတော့ ခန့်မှန်းဖို့ခက်ပါသေးတယ်။ မြန်မာပြည်အတွက်ဆို ပိုတောင်ခန့်မှန်းဖို့ ခက်သေးတယ်။
မြန်မာပြည်အပေါ် ဘယ်လောက်ထိ Impact ရှိမလဲဆိုရင် Direct Impact အနေနဲ့ကတော့ တအားကြီး မရှိလောက်ပါဘူး။ ဒါပေမဲ့ Second Level ၊ Third Level တို့လိုမျိုး Impact တွေကတော့ ရှိလာနိုင်ပါတယ်။ ဥပမာ - တစ်ကမ္ဘာလုံးမှာ Crisis ဖြစ်တယ်ဆိုရင် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ လူတွေကလည်း အာရုံရောက်ချင်မှ ရောက်တော့မှာဖြစ်တယ်။ ဒီလိုမျိုး Impact ရှိလာနိုင်တယ်။ EU ရဲ့ Attention က Internal ဘက်မှာ ပိုများသွားပြီး External ဘက်ကို သိပ်ပြီးလှည့်မကြည့်နိုင်တော့ဖို့များပါတယ်။ စီးပွားရေးဘက်မှာဆိုရင် မြန်မာပြည်ကို Support လုပ်တာကအစ ဘယ်လောက်ထိ အာရုံရှိဦးမလဲဆိုတာတွေနဲ့ပတ်သက်ပြီး နည်းနည်း Impacet ဖြစ်လာနိုင်ပါတယ်။
EU ဟာ တစ်ကမ္ဘာလုံးနဲ့ Trade Agreement တွေ ချုပ်ထားပါတယ်။ တကယ်လို့ UK က EU ကနေ တကယ်သာထွက်ဖြစ်ခဲ့မယ်ဆိုရင် ဒီ Agreement တွေအတိုင်း ဆက်သွားလို့အဆင်မပြေနိုင်တော့တဲ့အတွက် ပြန်ချုပ်ရမှာတွေရှိလာနိုင်ပါတယ်။ ဒါကတော့ သူတို့ ဘယ်လိုဖြေရှင်းမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာပေါ် မူတည်သွားမယ်ထင်ပါတယ်။
Financial ပိုင်းမှာတော့ လူတွေက UK မှာတော့ အပြောင်းအလဲဖြစ်မယ်လို့ ယူဆနေကြပါတယ်။ UK ရဲ့ Financial Sector ကြီးတစ်ခုလုံးက ခန့်မှန်းလို့ နည်းနည်းခက်တယ်။ သူတို့ဘက်မှာဆိုရင် FX Business တွေကလည်း တော်တော်လေးများတယ်။ Euro Exchange Business တွေကိုတော့ သူတို့ဆက်ပြီး တွင်တွင်ကျယ်ကျယ် လုပ်နိုင်ဦးမလားဆိုတာကတော့ မသေချာဘူး။ အရင်ကတည်းက သူတို့က စတာလင်ပေါင် ကိုင်ထားတဲ့နိုင်ငံဖြစ်တယ်။ ကျန်တဲ့ EU နိုင်ငံတွေကလည်း Euro Clearing ကို လန်ဒန်မှာ သိပ်မလုပ်စေချင်တဲ့အပိုင်းတွေ ရှိတယ်။ European ဗဟိုဘဏ်တို့၊ ဘာတို့ကအစ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားရုံးမှာ ဆုံးဖြတ်လိုက်တာက လန်ဒန်မှာဆက်ပြီးလုပ်ခွင့်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က Euro Zone ထဲမှာလည်းမပါ၊ EU ထဲကလည်း ထွက်မယ်ဆိုရင်တော့ ဆက်ပြီးပေးချင်မှပေးတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မပေးတော့ဘူးဆိုရင် လန်ဒန်ရဲ့ Financial Sector က တဖြည်းဖြည်းနဲ့ ဘဏ်တွေရော တခြားလုပ်ငန်းတွေရော EU Zone ထဲမှာ မပါတော့ဘူးဆိုရင် လန်ဒန်ကနေ တခြား Europe တွေကို ပြောင်းချင်ပြောင်းသွားနိုင်ပါတယ်။ အဲဒီလိုပြောင်းသွားတယ်ဆိုရင် Europe ဘက်မှာက အပြောင်းအလဲတွေက တော်တော်လေးများနေမှာဖြစ်တဲ့အတွက် မြန်မာပြည်ပေါ် ဘယ်လို Impact ရှိမလဲဆိုတာကိုတော့ သိပ်ပြီးတော့ပြောလို့ မရသေးပါဘူး။ ဒါပေမဲ့မြန်မာပြည်ရဲ့ Financial Sector နဲ့ Europe Financial ရဲ့ Connection ကလည်း သိပ်ပြီးတော့ Strong ဖြစ်နေတာလည်း မဟုတ်ဘူးဆိုတော့ တိုက်ရိုက် Impact ကတော့ သိပ်များလာမယ်မထင်ပါဘူး။
ပေါင်ဈေးကျမယ်ဆိုရင်တော့ UK နဲ့ မြန်မာပြည်နဲ့ကြားမှာရှိတဲ့ Trade ကိုတော့ Impact ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့ ပေါင်ဈေးကျတယ်ဆိုရင် ပထမဆုံးအနေနဲ့ Investment အသိုင်းအဝိုင်းတွေဘက်မှာ Shock ဖြစ်နိုင်တယ်။ နောက်ပိုင်းအခြေအနေ Adjust ဖြစ်သွားပြီဆိုရင်လည်း ဒီ Shock က ဖြစ်တော့မှာ မဟုတ်ပါဘူး။ နောက်ပိုင်းကျရင်လည်း ဒီအခြေအနေကို Adjust ဖြစ်သွားမှာပဲဖြစ်တာကြောင့် ဒီဟာကြောင့် ရေရှည် Long Term Impact အနေနဲ့ မြန်မာပြည်အပေါ် ဆိုးဆိုးရွားရွား ရှိမယ်လို့တော့ မမြင်ပါဘူး။
ပညာရေးနဲ့ကတော့ မဆိုင်လှဘူးလို့တော့ ကျွန်တော်မထင်ပါဘူး။ ဒီကကျောင်းသားတွေ ဟိုမှာ ပညာတော်သင်သွားတာတို့၊ ဘာတို့ကတော့ စဉ်းစားဖို့ ခက်ပါသေးတယ်။
နိုင်ငံရေးနဲ့ပတ်သက်ရင်တော့ UK အစိုးရက Brexit သာ တကယ်လုပ်ဖြစ်ရင် သူတို့ရဲ့ Attention တစ်ခုလုံးက သူတို့ရဲ့ Internal Problem ကို ဖြေရှင်းဖို့ဘက်ကိုပဲ ရောက်သွားမယ်လို့ ထင်ပါတယ်။ Foreign Policy ဘက်ကို သိပ်ပြီးသွားနိုင်မယ်မထင်ပါဘူး။ Foreign Policy မှာတောင် UK နဲ့ EU ကြားက Policy ကို ဘယ်လိုလုပ်မယ်ဆိုတဲ့အပေါ်မှာပဲ အာရုံစိုက်ထားလိမ့်မယ်လို့ မြင်ပါတယ်။ ကျန်တဲ့နိုင်ငံတွေအတွက်ကို သိပ်ပြီးမစဉ်းစားနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာမယ်လို့ မြင်ပါတယ်။ EU ဘက်ကတော့ မြန်မာပြည်နဲ့ ဆက်သွယ်နေတာတွေက ဘာမှသိပ်ပြီး ပြောင်းလဲသွားစရာမရှိပါဘူး။ ဒါပေမဲ့ Highest Political Level မှာကျတော့ အာရုံက အဲဒီဘက်ကို ရောက်သွားနိုင်တယ်။ ဒါပေမဲ့ တကယ့် Working Level မှာကျရင် နေ့စဉ်အလုပ်လုပ်နေတဲ့ ဝန်ထမ်း Level ၊ Director General Level တွေလို Administrative Level တွေမှာကတော့ ပုံမှန်အတိုင်းပဲ ဆက်သွားနေမှာပါ။ တအားကြီး ပြောင်းလဲစရာ အကြောင်းတော့ မရှိပါဘူး။
ဦးစိုးဝင်း
Managing Director
Myanmar Vigour
UK ဟာ EU ကနေ ထွက်သင့်၊ မသင့် အများပြည်သူဆန္ဒကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှာ သဘောထား ခံယူရာ UK ရဲ့ လူဦးရေ ၆၅ သန်း အနက် ၁၇ သန်းက EU ကနေ နုတ်ထွက်သင့်တယ်လို့ ဆန္ဒပြုခဲ့တာကို တွေ့ရပါတယ်။ EU မှာ ဆက်လက်နေဖို့ သဘောရှိတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ဟာ လာမယ့်အောက်တိုဘာလမှာ နုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။
EU နုတ်ထွက်ဖို့ Lisbon Treaty Artical 50 အရ လက်မှတ်ရေးထိုး အတည်ပြုပြီးတဲ့နောက်မှာ နုတ်ထွက်တဲ့ဖြစ်စဉ်ကို အနည်းဆုံးနှစ်နှစ်ကြာလောက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Article 50 အရ နောင်ဆက်ခံမယ့် ဝန်ကြီးချုပ်က တရားဝင်လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။
EU က နုတ်ထွက်ဖို့ ဆန္ဒပြုပြီးတာနဲ့တစ်ပြိုင်နက် UK မှာ မသေချာမရေရာမှုတွေ (Uncertainty) ၊ ဆုံးရှုံးနိုင်ခြေ အန္တရာယ်မြင့်မားမှုတွေ(Elevated Risk) ဖြစ်ပေါ်နေပြီး ဒါတွေနဲ့ပတ်သက်ဆက်နွှယ်နေတဲ့ သီအိုရီတွေ ၊ ခန့်မှန်းချက်တွေ၊ မျှော်လင့်မှုတွေ ပေါ်ပေါက်နေပါတယ်။
UK ဟာ EU ကနေ နုတ်ထွက်ရတဲ့ အဓိကအကြောင်းရင်းက EU နိုင်ငံတွေမှာ အာဖရိကနဲ့ တခြားနိုင်ငံတွေက ဒုက္ခသည်တွေ ဝင်ရောက်လာတဲ့အတွက် ဒီဝန်ထုပ်ကို မျှဝေခံစားရမယ့်အခက်အခဲကနေ ရှောင်လိုတာကြောင့်လို့ ယူဆရပါတယ်။ လက်ရှိမှာလည်း EU မှာ ဒုက္ခသည်မဟုတ်တဲ့ နိုင်ငံခြားသားဦးရေ တဖြည်းဖြည်း မြင့်တက်လာတဲ့အတွက် မူရင်းနိုင်ငံသားတွေ အလုပ်အကိုင်ရှားပါးမှုကြုံတွေ့နေရကြောင်း လေ့လာတွေ့ရှိရပါတယ်။
UK မှာ အခုဖြစ်နေတဲ့ အခက်အခဲဟာ ၂၀၀၈ ခု နှစ် Lehman Brothers ကျဆုံးတာနဲ့တူပြီး သူကျဆုံးတာဟာ စီးပွားရေးသက်သက်ဖြစ်ပြီး EU က နုတ်ထွက်တဲ့ကိစ္စကတော့ နိုင်ငံရေးနဲ့ ပိုမိုပတ်သက်တယ်လို့ ယူဆကြပါတယ်။
EU ကနေ နုတ်ထွက်ဖို့ ဆန္ဒပေးပြီးနောက် UK နိုင်ငံသားတွေဟာ ပစ္စည်းအဝယ်မှားသူလိုပဲ တမြေ့မြေ့ ခံစားနေကြရတယ်လို့လည်း ပြောကြပါတယ်။ ဒီဂယက်ကြောင့် ဗြိတိန်နိုင်ငံက ကျွမ်းကျင်သူတွေနဲ့ ပညာတတ်တွေဟာ ပြည်ပမှာ သွားရောက်လုပ်ကိုင်မှုတွေ ပေါ်ပေါက်လာနိုင်ပြီး စတာလင်ပေါင်နဲ့ UK က Equity တွေဟာ ရွှေ၊ ငွေတိုက်စာချုပ်၊ ယန်းငွေနဲ့ အမေရိကန်ဒေါ်လာတွေကို ပြောင်းလဲနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အကျိုးဆက်အနေနဲ့ EU ရဲ့ စီးပွားရေးတိုးတက်နှုန်းကျဆင်းမယ်လို့ IMF က ထုတ်ပြန်ပါ တယ်။
UK မှာ မသေချာမရေရာမှုတွေ ဖြစ်ပွားနေသလို EU နိုင်ငံတွေကြားမှာလည်း UK ကို အတုယူပြီး နုတ်ထွက်ကြမှာ စိုးရိမ်လာကြတာကို တွေ့ရပါတယ်။ EU ရှိ တချို့နိုင်ငံတွေဟာ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အာဏာ တချို့ကို EU ကို ပေးအပ်ထားရတယ်လို့ ခံစားနေရတာကြောင့် UK နိုင်ငံလို နုတ်ထွက်တာကနေ ဒီလုပ်ပိုင်ခွင့် အာဏာတွေကို ပြန်လည်ရယူလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
UK ရဲ့ စီးပွားရေး၊ နိုင်ငံရေး မရေရာဖြစ်နေတဲ့အတွက် ကုမ္ပဏီတွေအသုံးစရိတ်လျှော့ချတာ၊ ရင်းနှီးမြှုပ်နှံမှု လျှော့ချတာတွေ ဆောင်ရွက်လာနိုင်ပါတယ်။ လက်ရှိမှာ ဗြိတိန်အခြေစိုက် အိန္ဒိယနိုင်ငံသားပိုင်တာတာ သံမဏိကုမ္ပဏီ ရောင်းချရေးအစီအစဉ်ကို အာဏာပိုင်တွေက ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ ကောလာဟလတွေကို ထိန်းချုပ်ဖို့ ပင်ရင်းဗြိတိန်ဘဏ်ကြီးနှစ်ခုက ကျွန်တော်တို့ဟာ တခြားနိုင်ငံကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ကြေညာပါတယ်။ တရုတ်နိုင်ငံကလည်း UK မှာ နျူကလီးယား ဓာတ်အားထုတ်လုပ်ရေးအတွက် စတာလင်ပေါင် သန်းထောင်နဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားပါတယ်။ အခု BREXIT ကြောင့် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို G20 က ဦးဆောင်ဖြေရှင်းပေးဖို့ တရုတ်နိုင်ငံက တိုက်တွန်းထားပါတယ်။
UK ဟာ EU ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်တာကြောင့် စီးပွားရေးမရေရာမှုတွေကို ထိန်းသိမ်းနိုင်ဖို့ ဗြိတိန်နိုင်ငံဗဟိုဘဏ်က ကျွန်တော်တို့မှာ စတာလင်ပေါင် ဘီလီယံ ၂၅၀ ကို ကူညီဖို့အဆင်သင့်ရှိပြီး နိုင်ငံခြားငွေကျပ်တည်းမှုအတွက်လည်း လိုအပ်သလိုကူညီသွားမယ်လို့ မဆိုင်းမတွ ကြေညာချက်ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။ UK ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း Balanced Budget ဖြစ်စေဖို့ အသုံးစရိတ် လျှော့ချမယ်လို့ ထုတ်ပြန်ပါတယ်။
ဗဟိုဘဏ်တွေရဲ့ ဗဟိုဘဏ်လို့ ခေါ်လေ့ရှိတဲ့ Bank for International Settlement ကလည်း BREXIT ကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ စီးပွားရေးအခြေအနေတွေကို ထိန်းချုပ်ဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်ပါတယ်။ George Sores ကလည်း ဒုက္ခသည်တွေကြောင့် အကျပ်အတည်းရောက်နေတဲ့ EU ဟာ အခုလိုအချိန်မှာ UK ရဲ့ နုတ်ထွက်ခြင်းဟာ ပြန်လည်ပြင်ဆင်လို့မရတဲ့ ဆောင်ရွက်မှုတစ်ရပ်ဖြစ်တယ်လို့ ပြောကြားပါတယ်။
ဗြိတိန်နိုင်ငံမှာ သြဇာကြီးမားတဲ့ Financial Times သတင်းစာကြီးက ဗြိတိန်နိုင်ငံ စီးပွားရေးအကျပ်အတည်းအချိန်မှာ ပြည်ပငွေကြေးချမ်းသာသူတွေက ဗြိတိန်နိုင်ငံရှိ အခြေကျပစ္စည်းတွေကို အနိမ့်ဈေးနဲ့ရယူနိုင်ဖို့ အလျင်အမြန်ဝင်ရောက်လာနိုင်တယ်လို့ ထောက်ပြပါတယ်။
BREXIT ကြောင့် စတာလင်ပေါင်၊ စတော့ရှယ်ယာနဲ့ ရေနံဈေး စတာတွေ ကျဆင်းလာပေမယ့် UK ဟာ EU မှာ Single Market အခြေအနေကို ဆက်လက်ခံစားနိုင်ဖို့ အချိန်ဆွဲထားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
၂၀၁၇ ခုနှစ် ရွေးကောက်ပွဲတွေမှာ အခြေအနေကောင်းဖွယ်ရာမရှိတော့ဘူးလို့ ယူဆကြတဲ့ ပြင်သစ်နိုင်ငံဝန်ကြီးချုပ် အော်လန်နဲ့ ဂျာမန်ချန်ဆလာ အင်ဂျလာမာကဲလ်တို့က EU အတွင်း အလားတူနုတ်ထွက်မှုတွေမဖြစ်အောင် UK နုတ်ထွက်ရေးအတွက် အဆောတလျင်ဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ပြောကြားတယ်လို့ သိရပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံရေနံဝန်ကြီးက အခုလို ရေနံဈေးတွေကျနေတာကို ဆက်ကြည့်နေမှာမဟုတ်ကြောင်း ထုတ်ပြန်ပါတယ်။
BREXIT ကြောင့် မြန်မာနိုင်ငံကို ဘယ်လိုရိုက်ခတ်နိုင်သလဲဆိုတာ စဉ်းစားရာမှာ BREXIT ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တိုက်ရိုက်ထိခိုက်လာနိုင်ဖွယ်မရှိဘူးလို့ သုံးသပ်မိပါတယ်။ မြန်မာနိုင်ငံဟာ ဗြိတိသျှအသိုင်းအဝိုင်းက မြန်မာနိုင်ငံကို လက်ရှိထောက်ပံ့နေတဲ့ အထောက်အပံ့တွေကို ဆက်လက်ထောက်ပံ့သွားမယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။ BREXIT ရဲ့ အသံလှိုင်းကြောင့် မြန်မာနိုင်ငံရွှေဈေးကတော့ စံချိန်တင်အမြင့်ဆုံးကို ရောက်နေပါတယ်။
BREXIT ကြောင့် မြန်မာနိုင်ငံကို သွယ်ဝိုက်တဲ့နည်းနဲ့ စီးပွားရေးထိပါးလာနိုင်ပါတယ်။ စတာလင်ပေါင်ဈေး ကျတာနဲ့အမျှ အမေရိကန်ဒေါ်လာ အားကောင်းလာနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ EU နဲ့ UK နိုင်ငံတို့နဲ့ ကုန်သွယ်မှုပမာဏ နည်းပါးနေသေးတာကြောင့် မြန်မာနိုင်ငံနဲ့ ဒီနိုင်ငံတွေအကြား သွင်းကုန်၊ ထုတ်ကုန် ကိစ္စရပ်တွေကိုတာ့ ထိခိုက်နိုင်ဖွယ်မရှိဘူးလို့ ယူဆနိုင်ပါတယ်။
ဦးသူရကိုကို
Managing Director
YGA Capital Limited
အခုဖြစ်ပေါ်နေတဲ့ Brexit ဆုံးဖြတ်ချက် (EU က ဗြိတိန်နုတ်ထွက်တာ) ဟာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတစ်ရပ်ဖြစ်ပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ မသေချာဘဲ အထူးသဖြင့် နိုင်ငံအနေနဲ့ နောက်ဝန်ကြီးချုပ်အသစ်နဲ့ အတိုက်အခံခေါင်းဆောင် အသစ်တစ်ယောက်ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ တုန်လှုပ်စရာအခြေအနေရဲ့နောက်မှာ ခေါင်းဆောင်သစ်တွေ ချက်ချင်းပေါ်ပေါက်လာမယ့် ဆန္ဒခံယူပွဲတွေကို လုပ်ဆောင်ရမှာဖြစ်ပြီး ကျန်ဥရောပနိုင်ငံတွေရော တခြားနိုင်ငံတွေနဲ့ပါ ဆက်ဆံရေးအသစ်တွေကိုလည်း တည်ဆောက်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ UK နဲ့ ဥရောပတို့ဟာ ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုရင် သူတို့မှာ အခြေကျနေတဲ့ အဆင့်မြင့်အဖွဲ့အစည်းတွေ၊ တရားဥပဒေစိုးမိုးရေး၊ ရင့်ကျက်နေပြီဖြစ်တဲ့ သံခင်းတမန်ခင်း ဆက်ဆံရေးနဲ့ ကျွမ်းကျင်မှုအရင်းအမြစ်တွေ စတာတွေလည်း ပိုင်ဆိုင်ထားတာကြောင့် ဖြစ်ပါတယ်။ ဆက်ဆံရေးတစ်ခု နိဂုံးချုပ်မယ့်ကိစ္စတစ်ရပ်သာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဆက်ဆံရေးသစ်တွေကို တည်ဆောက်ပြီး အောင်မြင်အောင်လုပ်ရပါမယ်။ လက်တွေ့မှာ အဓိကဖြစ်တဲ့ ကုန်သွယ်မှုနဲ့ စီးပွားရေးအရဆက်ဆံမှုတွေကို မပျက်မယွင်းအောင် ထိန်းသိမ်းရမယ်။
မကြာမီကာလမှာ UK အနေနဲ့ ချက်ချင်းဖြစ်ပေါ်လာမယ့်စီးပွားရေးဆိုင်ရာ ဆိုးကျိုးတစ်ရပ်ကိုကာကွယ်ဖို့၊ UK ရဲ့ အစိတ်အပိုင်းအားလုံးကို ကာကွယ်ပြီး သေချာရပ်တည်နိုင်ဖို့ သွယ်ဝိုက်ပြီးရန်ပုံငွေပေးပို့တာနဲ့ UK ရဲ့ စီးပွားရေးဆိုင်ရာတည်ငြိမ်မှုအတွက် သူ့ဘာသာ အာရုံစိုက်ရပါလိမ့်မယ်။ UK ရဲ့ အဓိကကိစ္စတွေကလွဲပြီး တခြားစီမံကိန်းတွေအတွက် အချိန်နဲ့ရန်ပုံငွေ သိပ်မရှိတော့တာကို ဆိုလိုပါတယ်။ ကျွန်တော့်အမြင်အရ ပြောရရင် မြန်မာနိုင်ငံမှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကူအညီပေးရေးစီမံကိန်းတွေအတွက် ရန်ပုံငွေခွင့်ပြုချက် နည်းလာတာကြောင့် ပြန်လည်သုံးသပ်ကောင်းသုံးသပ်ပါလိမ့်မယ်။ ဒါအပြင် UK ရဲ့ ကနဦးလုပ်ငန်းတွေ၊ ဒါမှမဟုတ် စီမံကိန်းတွေဟာ EU ရဲ့ ရန်ပုံငွေထောက်ပံ့ခြင်း၊ ဒါမှမဟုတ် အကူအညီပေးခြင်းကိစ္စတွေကို ရရှိတော့မှာမဟုတ်ပါဘူး။ ဥပမာပြောရရင် EU က ရန်ပုံငွေထောက်ပံ့ခဲ့တဲ့ မြန်မာနိုင်ငံရှိ ကျန်းမာရေးဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်တွေမှာ UK က ကျွမ်းကျင်ပညာရှင်တွေ၊ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင် ပညာရှင်တွေကို အလုပ်ခန့်တော့မှာမဟုတ်ပါဘူး။
အလားတူပဲ စီးပွားရေးအရလည်း UK က ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဥရောပနဲ့သက်ဆိုင်တဲ့ သူတို့ရဲ့နည်းဗျူဟာ၊ စီမံခန့်ခွဲရေးနဲ့ အချိန်တို့ကို ပြန်လည်သုံးသပ်မယ့်အစီအစဉ်တို့ကို အာရုံစိုက်ရပါလိမ့်မယ်။ သူတို့ရဲ့ရုံးခန်းတွေ၊ အဆောက်အအုံတွေ၊ ပစ္စည်းတွေ၊ လူတွေ စတာတွေကို ရွှေ့ပြောင်းပါမယ်။ ဥပမာ - သူတို့ရဲ့ ဝန်ထမ်းအသစ်ခန့်အပ်ရေးအစီအမံတွေကို ပြန်လည်စီစဉ်ရမလား။ ဒါတွေ အားလုံးကြောင့် မြန်မာနိုင်ငံရှိအခွင့်အလမ်းအားလုံးနဲ့ တခြားစီမံကိန်းတွေမှာ အလျင်စလိုလုပ်ဖို့ ဆန္ဒမရှိတော့တာ ဖြစ်လာနိုင်ပါတယ်။ ဒီကိစ္စဟာ UK ရဲ့ စီးပွားရေးလုပ်ငန်းတွေ တက်ကြွစွာလုပ်ဆောင်နေတဲ့ နေရာတွေမှာ စီးပွားရေးအခန်းကဏ္ဍတွေကို ရိုက်ခတ်လာနိုင်ပါတယ်။ အလားတူပဲ EU ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ သူတို့အဓိကအာရုံစိုက်ရမယ့်ကိစ္စတွေကို ပြန်လည်သုံးသပ်ရပါလိမ့်မယ်။
လွန်ခဲ့တဲ့နှစ်နှစ်ခန့်က မြန်မာနဲ့ ASEAN တို့ဟာ UK နဲ့ နှစ်နိုင်ငံအကြား သဘောတူညီချက်တွေနဲ့ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်အသစ်တွေကို စတင်ရေးဆွဲခဲ့ပါတယ်။ တချို့လုပ်ငန်းတွေဟာ ASEAN စုပေါင်းကိုင်တွယ်လုပ်ကိုင်နိုင်ပေမယ့် နောက်ထပ်သဘောတူညီမူအသစ်တွေအားလုံးကို အစိုးရနဲ့ မူဝါဒချမှတ်နိုင်သူတွေက ညှိနှိုင်းလုပ်ကိုင်ဖို့လိုပါတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ နိုင်ငံခြားပို့ကုန်ပစ္စည်းတွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ရိုက်ခတ်လာနိုင်ပါတယ်။ ဥပမာ - EU ဟာ Export လုပ်မယ့် မြန်မာနိုင်ငံထုတ် အဝတ်အထည်နဲ့ အထည်အလိပ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အခွင့်သာပြီး မျက်နှာသာပေးတဲ့ ကုန်သွယ်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို ခွင့်ပြုကောင်းခွင့်ပြုလာနိုင်ပါတယ်။ ဒီလိုစီမံချက်တွေက ဒီတူညီတဲ့မျက်နှာသာပေးတဲ့ စည်းကမ်းချက်တွေအတိုင်း UK ကိုလည်း အဲဒီလို ချဉ်းကပ်ပြီး UK နဲ့ ပြန်လည်ညှိနှိုင်းဆောင်ရွက်ရပါလိမ့်မယ်။ ဒါအပြင် UK ဟာ သူ့ရဲ့အလွန်အရေးပါတဲ့ ဦးစားပေးကုန်သွယ်ဖက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံစတဲ့ နိုင်ငံတွေနဲ့ ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်တွေကို ဦးစားပေးမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ UK နဲ့ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုကို ဘယ်လောက်မြန်မြန်ဆန်ဆန်နဲ့ ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား မရှိသေးပါဘူး။
အလယ်အလတ်နဲ့ ရေရှည်စီမံကိန်းတွေမှာ ဒီ Brexit ဟာ ကမ္ဘာ့စီးပွားရေးကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မယ်။ ငွေကြေးဈေးကွက်အတက်အကျ၊ ကုန်သွယ်မှုလမ်းကြောင်း၊ UK ၊ ဥရောပ GDP ဖွံ့ဖြိုးတိုးတက်မှုစတာတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ မြန်မာနိုင်ငံကစတင် ပြန်လည်ဝင်ရောက်လာတာနဲ့အမျှ မြန်မာနိုင်ငံအပေါ် သွယ်ဝိုက်ပြီး သက်ရောက်မှုတွေ ရှိပါတယ်။
နိဂုံးချုပ်အနေနဲ့ မြန်မာ့စီးပွားရေးဟာ ကမ္ဘာ့စီးပွားရေးနဲ့ ပိုပူးပေါင်းလာပြီး ကူးလူးဆက်ဆံလာတာနဲ့အမျှ အခုလို ပြည်ပကတုန်လှုပ်စရာ အခြေအနေတွေနဲ့ ကျွန်တော်တို့ရင်ဆိုင်ရပါလိမ့်မယ်။ ဒါအပြင် ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေ၊ ဝန်ထမ်းတွေအပါအဝင် အားလုံးဟာ ကျွန်တော်တို့မထိန်းချုပ်နိုင်တဲ့ ပြင်ပကလာတဲ့ တုန်လှုပ်စရာအခြေအနေတွေရဲ့ ရိုက်ခတ်မှုကို ကြံ့ကြံ့ခံနိုင်အောင်၊ လျင်မြန်စွာ သဟဇာတဖြစ်အောင် ဆောင်ရွက်ပြီး ခိုင်ခိုင်မြဲမြဲ၊ လျင်လျင်မြန်မြန် အားဖြည့်ရပ်တည်ရပါမယ်။ ဒီ EU ကနေ ဗြိတိန်ထွက်ခွာဖို့ ဆုံးဖြတ်ချက်ဟာ အရေးကြီးဆုံးနဲ့ အကြီးမားဆုံးသင်ခန်းစာလို့ ကျွန်တော်ထင်ပါတယ်။ အိပ်ရာကနေနိုးထဖို့ လှုပ်နှိုးလိုက်သလိုပဲဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့
Brexit နောက်ပိုင်းမှာ ဗြိတိန်ဝန်ကြီးချုပ် David Cameron ရာထူးမှ နုတ်ထွက်ခဲ့ပြီး လက်ရှိဗြိတိန်ဝန်ကြီးချုပ်နဲ့ Conservative Party ခေါင်းဆောင်အဖြစ် ပြည်ထဲရေးဝန်ကြီး Theresa May မှ တာဝန်ယူနေပြီဖြစ်ပါတယ်။ သူဟာ ဝန်ကြီးချုပ်တာဝန်ယူပြီး ပထမဆုံးပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သူတာဝန်ယူထားတဲ့ အစိုးရအဖွဲ့ဟာ ဥရောပသမဂ္ဂမှ ထွက်ခွာခြင်းကနေ အောင်မြင်မှုတွေရအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဗြိတိန်ဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများနဲ့ Free Trade Deal တွေ ပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့ အတည်မပြုရသေးပေမဲ့လို့ အိန္ဒိယ အပါအဝင် တရုတ်၊ ဂျပန်၊ သြစတြေးလျနဲ့ ကနေဒါတို့လို နိုင်ငံတွေ ကလည်း Trade Deal တွေလုပ်သွားဖို့ရှိနေပြီဖြစ်ကြောင်း သတင်းတွေလည်း ရရှိပါတယ်။ Theresa May ဟာ Margaret Thatcher ပြီးနောက်ပိုင်း ပထမဆုံးဗြိတိန်ရဲ့ အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ပါတယ်။