အလုပ်ခွင်မှာ သိခြင်း၊ နားလည်ခြင်းနဲ့၊ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ခြင်းတို့ဟာ ကောင်းမွန်တဲ့ခေါင်းဆောင်မှုကို ရစေပါတယ်။ HBR Emotional Intelligence စာစဉ်ကတော့ လက်တွေ့ဘဝလုပ်ငန်းခွင်အတွက် လိုအပ်တဲ့အသိဉာဏ်ဗဟုသုတပေးတဲ့ သုတစာစဉ်ပဲဖြစ်ပါတယ်။ ဒီစာစဉ်ထဲက စာအုပ်တစ်အုပ်ချင်းစီက လူတွေရဲ့စိတ်ခံစားချက်ဟာ လုပ်ငန်းခွင်ဘဝနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သက်သေ၊ အကြံပေးချက်တွေနဲ့၊ လုပ်ငန်းခွင်မှာ ပျော်ရွှင်စွာလုပ်နိုင်ဖို့ စိတ်ဓာတ်ရေးရာ ဆောင်းပါးလေးတွေ ပါဝင်ပါတယ်။
ပျော်ရွှင်ခြင်း (Happiness)
----------------------------
ဒီစာအုပ်မှာ လူတွေရဲ့ပျော်ရွှင်မှု သဘောသဘာဝနဲ့ လက်တွေ့ဘဝမှာ ပျော်ရွှင်မှုဘယ်လိုရရှိနိုင်တယ်ဆိုတာကို လေ့လာဖော်ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီစာစဉ်မှာတော့ စာရေးဆရာ Daniel Gilbert ၊ Annie McKee ၊ Gretchen Spreitzer နဲ့ Teresa M. Amabile တို့ရဲ့ လက်ရာတွေပါဝင်တာဖြစ်ပါတယ်။ ပျော်ရွှင်မှုဆိုတာ ဘာလဲ။ ဒီပျော်ရွှင်မှုကို ဘယ်ကရတာလဲ၊ ဒီရှာဖွေမှုကကော တန်ရဲ့လားဆိုတဲ့ မေးခွန်းတွေကို ဒီစာအုပ်မှာ ဖြေထားပေးပါတယ်။
ဒါ့အပြင် ပျော်ရွှင်ခြင်းကို ဘယ်လိုတိုင်းတာသလဲ၊ လုပ်ငန်းခွင်မှာ ပျော်ရွှင်မှုကို ဘယ်လိုတည်ဆောက်မလဲ၊ ဒီပျော်ရွှင်မှုဟာ လုပ်ငန်းခွင်မှာ ဘယ်လိုအကျိုးသက်ရောက်သလဲဆိုတာတွေကိုလည်း လေ့လာဆန်းစစ်ထားပြီး ဖော်ပြထားပါတယ်။
ကြံ့ကြံ့ခံနိုင်စွမ်းရှိခြင်း (Resilience)
--------------------------------------
Daniel Goleman ၊ Jeffrey A.Sonnenfeld ၊ Shawn Achor နဲ့ တခြားစာရေးဆရာတွေရဲ့ အတွေးအမြင်တွေနဲ့ ဒီစာအုပ်ဟာ ယှဉ်ပြိုင်မှုတွေကြားထဲက ကြံ့ကြံ့ခံပြီးပေါ်ထွက်လာတဲ့သူတွေရဲ့ စရိုက်လက္ခဏာနဲ့ နေ့စဉ်ဘဝက စိတ်ညစ်စရာတွေကို ခံနိုင်ရည်ရှိအောင် ကူညီလေ့ကျင့်ပေးပြီး ထိရောက်တဲ့ အလုပ်အကိုင်အဖြစ် ပြန်လည်စတင်နိုင်အောင် လမ်းပြပေးထားပါတယ်။
လူတချို့က နေ့စဉ်ဘဝမှာ အနှောင့်အယှက်တွေ၊ အလုပ်ပြဿနာတွေ၊ ကိုယ်ရေးကိုယ်တာပြဿနာတွေနဲ့ ကြုံတဲ့အခါမှာ ဘာလို့နောက်ဆုတ်ကြလဲ။ ဒီစာအုပ်ထဲမှာတော့ ဒီဒဏ်တွေကို ကြံ့ကြံ့ခံနေနိုင်ဖို့ '' Diane Coutu ရဲ့ 'How Resilience Works' ၊ Daniel Goleman ရဲ့ 'Resilience for the Rest of Us' ၊ David Kopans ရဲ့ 'How to Evaluate, Manage, and Strengthen Your Resilience' ၊ Sheila Heen နဲ့ Douglas Stone ရဲ့ 'Find the Coaching in Criticism' ၊ Jeffrey A.Sonnenfeld နဲ့ Andrew J. Ward ရဲ့ 'Firing Back: How Great Leaders Rebound After Career Disasters' ၊ Shwan Achor နဲ့ Michelle Gielan ရဲ့ 'Resilience Is About How You Recharge ၊ Not How You Endure' '' အစရှိတဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။
စာနာတတ်ခြင်း (Empathy)
-------------------------------
စာနာခြင်းဆိုတာကတော့ Relationship တွေနဲ့ Product Development တိုးတက်ဖို့အတွက် အချက်တစ်ချက်ဖြစ်ပါတယ်။ သူများနေရာဝင်ပြီး ခံစားကြည့်ဖို့ဆိုတာ အပြောကလွယ်ပေမယ့် သူတို့တွေကို နားလည်ပေးဖို့ကတော့ တကယ်ကိုခက်ခဲပါတယ်။ ဒီအရာတွေကို Daniel Goleman ၊ Annie McKee ၊ Adam Waytz နဲ့ တခြားစာရေးဆရာတွေရဲ့ လက်ရာတွေက တစ်ဆင့်လေ့လာကြည့်လို့ရပါတယ်။ ဒီစာအုပ်ကတော့ စာနာစိတ်ဆိုတာဘာလဲ၊ ဘာလို့အရေးကြီးတာလဲ၊ ကိုယ့်ကို စာနာစိတ်မရှိတဲ့သူ ဖြစ်စေတဲ့အရာတွေကို ဘယ်လိုကျော်လွှားမလဲ၊ တအားလွန်မသွားအောင်ကော ဘယ်လိုထိန်းမလဲဆိုတာကို နားလည်ဖို့ ကူညီပေးနိုင်ပါတယ်။
သတိရှိခြင်း (Mindfulness)
----------------------------
သတိရှိခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ လုပ်ငန်းဆောင်ရွက်မှုကို မြှင့်တင်ပေးခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်း မြင့်တက်လာစေခြင်း၊ မိမိကိုယ်ကို ပိုမိုနားလည်စေနိုင်ခြင်းနဲ့ စိတ်ကိုတည်ငြိမ်စေခြင်းတို့ပဲ ဖြစ်ပါတယ်။ Daniel Goleman ၊ Ellen Langer ၊ Susan David နဲ့ Christina Congleton တို့ရဲ့ လက်ရာတွေနဲ့ ဒီစာအုပ်ဟာ ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အဆင့်ဆင့်လုပ်ဆောင်သွားနိုင်အောင် နည်းလမ်းပေးပြီး သတိရှိခြင်းဆိုတာဟာ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ရှင်းပြထားပါတယ်။