တကယ်လို့ သင်ဟာ သင့်အိမ်မှာပဲ သင်အနှစ်သက်ဆုံး ကော်ဖီခွက်ထဲကို ဝိုင်ပုလင်းထဲကဝိုင်တွေ သင်ကြိုက်သလိုလောင်းထည့်ပြီး သောက်ရတာမျိုးမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းတွေ့ဆုံပွဲတွေမှာ ဝိုင်သောက်ရမယ့် အခြေအနေမျိုးဆိုရင်တော့ ဝိုင်သောက်တာနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် Etiquette တွေရှိပါတယ်။ ဒီ Etiquette တွေက သာမန်အားဖြင့်ကြည့်ရင် မလိုအပ်ဘူးလို့ထင်ရပေမယ့် လုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲတွေအတွက်တော့ သင်ဟာ လူမှုဆက်ဆံရေးပိုင်းမှာ စမတ်ကျတဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတာကို ဖော်ပြနိုင်မယ့် အရေးပါတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။
Wine Etiquette တွေက အောက်ပါတွေ့ဆုံပွဲတွေမှာ အင်မတန်အသုံးဝင်ပါတယ်။
- စီးပွားရေးလုပ်ငန်းဆိုင်ရာညစာစားပွဲ (Business Dinner)
- ပုံမှန်တွေ့ဆုံပွဲ(Formal Gatherings)
- ညစာစားရင်း ချိန်းဆိုမှု (Classy Dinner Dates)
၁။ သင့်ရဲ့ဝိုင်ခွက်ကို ပုံမှာပြထားတဲ့အတိုင်း ဝိုင်ခွက်အောက်ခြေနားကပ်ပြီးကိုင်ပါ။
၂။ ဝိုင်ရဲ့အနံ့ကို အရင်ဆုံးရှူ ရှိုက်ခံစားပါ။ ဝိုင်ကို အနည်းငယ်သောက်ပြီး အရသာခံရင်း ဝိုင်အရသာကို တွေးတောခံစားပါ။
၃။ ဝိုင်သောက်တဲ့အခါ ဝိုင်ဖန်ခွက်နှုတ်ခမ်းတစ်နေရာတည်းကပဲ သောက်ပါ။ သင့်နှုတ်ခမ်းရာတွေ ဝိုင်ဖန်ခွက် နှုတ်ခမ်းပတ်လည်မှာ ပေပွနေတာကို ရှောင်ရှားနိုင်ဖို့အတွက်ပါ။
၄။ ဝိုင်ပုလင်းဖောက်တဲ့အခါ အသံတိုးနိုင်သမျှ ခပ်တိုးတိုးပဲထွက်အောင် ဂရုစိုက်ပြီး ဖောက်ပါ။
၅။ ဝိုင်သောက်ခါနီး ဝိုင်ခွက်တိုက်တဲ့အခါ ဝိုင်ခွက်အဝနားနဲ့မတိုက်ဘဲ ခွက်အောက်ခြေ အချင်းချင်းတိုက်ပါ။ ဒါက ခွက်ကွဲသွားနိုင်တာကို ကာကွယ်ပေးပါတယ်။ နောက်ပြီး ဝိုင်ခွက်တိုက်တဲ့အခါ ကိုယ်နဲ့ဝိုင်ခွက်တိုက်တဲ့သူရဲ့ မျက်လုံးကိုကြည့်ပြီး ခွက်တိုက်ရပါမယ်။
၆။ ဝိုင်ပုလင်းကနေ ဝိုင်ငှဲ့ထည့်တဲ့အခါ ဝိုင်ပုလင်းအောက်ခြေနားက ကိုင်ရပါမယ်။
၇။ ခွက်ကိုဝိုင်ဖြည့်တဲ့အခါ ဝိုင်ခွက်ရဲ့ တစ်ဝက်ထက်လျော့ပြီးဘဲ ဖြည့်ရပါမယ်။
၈။ ဝိုင်ဖြည့်တဲ့အခါမှာ တခြားသူတွေရဲ့ ခွက်ထဲ ဖြည့်ထည့်ပေးတာတွေကို အချိုးအဆတူအောင် ဖြည့်ထည့်ပါ။
၉။ ဝိုင်ပုလင်းကုန်ခါနီးတဲ့အခါ သင့်အတွက်ဖြည့်မယ့်အစား တခြားသူတွေကို ဦးစားပေးပြီး ထည့်ပေးပါ။
နောက်ဆုံးတစ်ချက်အနေနဲ့ အကြံပေးလိုတာကတော့ White Wine ၊ ဒါမှမဟုတ် Sparkling Wine ကို ဝိုင်းမှာ လူတွေမထိုင်ခင်ကတည်းက ကြိုတင်မှာထားသင့်ပါတယ်။ သူတို့ရောက်လာတဲ့အခါ ဘာဝိုင်မှာရမလဲဆိုတာကို Menu ထဲမှာမကြည့်သေးခင် သင်မှာထားတဲ့ ဝိုင်ပုလင်းကို ဆိုင်ကလာချပေးတဲ့အခါ သူတို့အားလုံး ပိုပြီးကျေနပ်ဝမ်းသာကြမှာဖြစ်ပါတယ်။