ကျွန်ုပ်တို့အားလုံးသည် သေချာမှုကို အလိုရှိကြသည် . . .
ကျွနု်ပ်တို့အားလုံးသည် သေချာမှုကို အလိုရှိကြသည်။ ကျွန်ုပ်တို့၏ဦးနှောက်သည် နှစ်သန်းမျှရှိသော အချက်အလက်များကို မှတ်သားနိုင်စွမ်းရှိပါသည်။ ထို့နောက် ယင်းတို့ကို ကိုင်တွယ်သုံးသပ်ပြီး အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ရန် ကြိုးပမ်းတတ်ကြပါသည်။ ထိုလုပ်ဆောင်မှုသည် ကျွန်ုပ်တို့ဦးနှောက်တစ်ခုလုံး၏ အစိတ်အပိုင်းအတော်များများကို လွှမ်းခြုံထားသော အညိုရောင်ဦးနှောက်အပိုင်း၏ စွမ်းဆောင်ရည်လည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဦးနှောက်သည် သေချာမှုအတွက် ကျေနပ်မှုကိုပေးစွမ်းနိုင်ပါသည်။ မိမိနှင့်ရင်းနှီးနေသော သံစဉ်များပါဝင်သည့် တေးဂီတတစ်ပုဒ်ကို နားထောင်သောအခါ၊ ပဟေဠိပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းပြီးသောအခါ စိတ်ကျေနပ်မှုကို ဖြစ်စေပါသည်။ ကြိုတင်ခန့်မှန်းနိုင်သောလုပ်ဆောင်မှုများက ကျွန်ုပ်တို့၏ဦးနှောက်ကို သာယာနှစ်သိမ့်စေပါသည်။
ကြီးကျယ်သောဦးဆောင်မှုဟူသည် လေးနက်သောယုံကြည်မှုရှိရန် လိုအပ်သည် . . .
စီးပွားရေးကဏ္ဍတွင် အရာရာသည် လျင်မြန်စွာပြောင်းလဲနေကြပါသည်။ တစ်လနှင့်တစ်လအတွင်း မည်ကဲ့သို့ ပြောင်းလဲသွားမည်မှာ မသေချာလှပါ။ နောက်တစ်နှစ်အတွက်မူ ပို၍ပြောရန်ခက်ခဲပါလိမ့်မည်။ ထိုမရေရာမသေချာမှုများက အလုပ်ခွင်အတွင်းရှိ လူအတော်များများ၏ စိတ်ပိုင်းဆိုင်ရာအင်အားများကို ကုန်ခန်းစေပြီး သူတို့အလုပ်၏ထိရောက်မှုကိုလည်း များစွာထိခိုက်စေပါသည်။ ကျွန်ုပ်တို့၏ဦးနှောက်သည် ထိုမရေရာမှုများကို အန္တရာယ်တစ်ခုအနေဖြင့် မှတ်ယူလေ့ရှိပြီး စိတ်ဖိစီးမှုကိုဖြစ်စေသည့် မလိုလားအပ်သော ဟော်မုန်း(ဓာတုပစ္စည်း) ကို ကိုယ်ခန္ဓာမှ ထုတ်လွှတ်လာစေပါသည်။ ထိုဟော်မုန်းက မှတ်သားနိုင်စွမ်းကို နှောင့်ယှက်ပါသည်။ ကိုယ်ခံအားစနစ်ကိုလည်း ကျဆင်းစေပါသည်။ ထို့အပြင် သွေးပေါင်ချိန်ကို တိုးစေပြီး စိတ်ကျရောဂါဝေဒနာကိုလည်း ဖြစ်စေနိုင်ပါသည်။ မည်သည့်ခေါင်းဆောင်တစ်စုံတစ်ယောက်ကမျှ သူ၏နောက်လိုက်များတွင် ထိုအချက်များကို ဖြစ်စေလိုမည်မဟုတ်ပါ။
လေးနက်သောယုံကြည်မှုရှိသည့် ခေါင်းဆောင်တစ်ဦးသည် လူတိုင်းကိုသေချာရေရာမှုရှိသော ပတ်ဝန်းကျင်ကိုဖြစ်စေနိုင်ပါသည်။ အကယ်၍ခေါင်းဆောင်တစ်ဦးသည် သူရွေးချယ်လိုက်သောလမ်းသည် အကောင်းဆုံးသောလမ်းဖြစ်ကြောင်း လုံးဝယုံကြည်ထားပါက လူအများသည် သူ၏ထိုယုံကြည်ချက်နှင့် ဆက်စပ်နေသောစိတ်ခံစားမှုတို့ကိုပါ မသိစိတ်ဖြင့်လက်ခံပြီး ခေါင်းဆောင်ဖြစ်သူ၏နောက်သို့ လိုက်ပါလာကြမည်ဖြစ်သည်။
ခေါင်းဆောင်လုပ်သူက လေးနက်သောယုံကြည်မှုရှိလေလေ၊ လူအများ၏ဦးနှောက်သည်လည်း ပို၍သက်တောင့်သက်သာဖြစ်ကာ သူတို့လုပ်ရမည့်အလုပ်အပေါ် ပို၍အာရုံစူးစိုက်ပြီး အလုပ်လုပ်နိုင်ကြမည်ဖြစ်သည်။ လူအများသည် အနာဂတ်အတွက် ပို၍သေချာသည်ဟု ယုံကြည်လာပါက ပျော်ရွှင်မှုကို ပိုမိုခံစားနိုင်ပြီး သူတို့၏လုပ်ငန်းစွမ်းဆောင်ရည်လည်း ပိုမြင့်မားလာမည်ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးသည် အောက်ဖော်ပြပါနည်းလမ်းများဖြင့် သူတို့တွင်လေးနက်သော ယုံကြည်မှုရှိကြောင်းကို ထုတ်ဖော်ပြသနိုင်ပါသည်။
၁။ သူတို့သည် ခိုင်မာမှုရှိသည်။ သို့သော် ကြမ်းတမ်းသောနည်းလမ်းဖြင့်မဟုတ်ပါ . . .
လေးနက်သောယုံကြည်မှုရှိသည့် ခေါင်းဆောင်တစ်ဦးအတွက် ခိုင်မာမှုသည် အရေးကြီးသောအရည်အသွေးတစ်ခုဖြစ်ပါသည်။ လူအများသည် ခေါင်းဆောင်တစ်ဦး၏ နောက်သို့မလိုက်ပါမီ ထိုခေါင်းဆောင်သည် မိမိယုံကြည်မှုအပေါ် မည်မျှလေးနက်ခိုင်မာမှုရှိသည်ကို စောင့်ကြည့်နေတတ်ကြပါသည်။ လူအများသည် သူတို့၏သတ္တိကို သူတို့၏ခေါင်းဆောင်ထံတွင် ရှာဖွေတတ်ကြသည်။ သူတို့အားလုံး၏အကျိုးအတွက် ခက်ခဲသောဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပေးနိုင်မည့်သူတစ်စုံတစ်ယောက်ကို လိုအပ်နေကြပါသည်။ အခက်အခဲအကျပ်အတည်းနှင့် ရင်ဆိုင်ရသောအခါ ဆက်လက်လျှောက်လှမ်းရဲသည့် ခေါင်းဆောင်မျိုးကို အလိုရှိကြသည်။ စွမ်းအားရှိသော ခေါင်းဆောင်များနှင့်အတူ ယှဉ်တွဲလုပ်ကိုင်ရသောအခါ လူအများသည်လည်း သူတို့၏စွမ်းအားကို ပို၍ထုတ်ဖော်ပြသတတ်ကြပါသည်။ အင်အားဆိုသည်မှာ သင်ကတစ်စုံတစ်ဦးအပေါ်တွင် ဖိအားပေးရန်မဟုတ်ပါ။ ခက်ခဲကြမ်းတမ်းသော အချိန်အခါမျိုးတွင် သင်ထုတ်ဖော်ပြသခြင်းဖြင့် သင်ပြန်လည်ရရှိနိုင်သောအရာသာဖြစ်ပါသည်။ ထိုကဲ့သို့သော အချိန်အခါမျိုးတွင်မှ လူအများက သင့်နောက်သို့လိုက်ပါရန် သင့်အပေါ်ယုံကြည်မှုပြန်ရှိလာမည်ဖြစ်သည်။
၂။ မည်သည့်အချိန်တွင် မိမိတို့၏ အတွင်းစိတ်ကိုလက်ခံရမည်ကို သိကြသည် . . .
ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင်များသည် သူတို့အသက်ရှင်သန်ရေးအတွက် သူတို့အတွင်းစိတ်၏ တုံ့ပြန်မှုကို မှီခိုခဲ့ကြသည်။ ယုံကြည်မှုပြင်းထန်သော ခေါင်းဆောင်များသည်လည်း သူတို့အတွင်းစိတ်၏ စွမ်းအားကိုလက်ခံယုံကြည်ထားကြပြီး ယင်းကိုအသုံးချကြသည်။ ကျွန်ုပ်တို့၏နေ့စဉ်ဘဝတွင် အရေးပေါ်သေရေးရှင်ရေးဖြစ်သည့်ကိစ္စများ အစဉ်ဖြစ်ပေါ်လေ့မရှိသဖြင့် မိမိတို့၏အတွင်းစိတ်မှ ခံစားချက်များကို မေ့လျော့နေမိတတ်ကြသည်။ အတွင်းစိတ်ကို မေ့လျော့ထားပြီး ဆုံးဖြတ်ချက်များကို ပြုလုပ်တတ်ကြသဖြင့် တစ်ခါတစ်ရံမှသည် အမြဲလိုလိုကျွန်ုပ်တို့ မှားယွင်းနေတတ်ကြပါသည်။ ယုံကြည်မှုရှိသော ခေါင်းဆောင်များမှာမူ သူတို့အတွင်းစိတ်၏စွမ်းအင်ကို ဂရုပြုမိကြပြီး ယင်းကိုအမိအရဆုပ်ကိုင်ကာ စမ်းသပ်ကြည့်လိုက်၊ မှားလျှင်ပြင်လိုက်ဖြင့် သူတို့ယုံကြည်ရာကို မရောက်ရောက်အောင် စွမ်းဆောင်သွားကြသည်ကို တွေ့ရသည်။
၃။ သူတို့ကိုယ်သူတို့ စိစစ်နိုင်စွမ်းရှိကြသည် . . .
သူတို့သည်သူတို့၏ ထင်မြင်ယူဆချက်များ၊ ခံစားချက်များနှင့် အခြားသူတစ်ဦးဦး၏ လွှမ်းမိုးမှုများကို ခွဲခြားသိနိုင်ကြသည်။ သူတို့၏မသိစိတ်မှ ပေါ်ပေါက်လာခြင်းမဟုတ်သော ခံစားချက်များကို ဖယ်ထုတ်နိုင်သော စွမ်းရည်လည်းရှိကြသည်။ ထိုစွမ်းရည်က သူတို့ကို မိမိတို့လုပ်ရမည့်အလုပ်အပေါ်တွင် အာရုံစူးစိုက်ကာပြုလုပ်သွားစေပါသည်။
၄။ အတွင်းစိတ်အတွက် နေရာပေးထားတတ်သည် . . .
မိမိအတွင်းစိတ်၏ စွမ်းအားထွက်ပေါ်လာရန်မှာ မလွယ်ကူလှပါ။ ယင်းသည် ကျွန်ုပ်တို့အဖြေတစ်ခုကိုရရှိရန် အတင်းအကျပ်မလုပ်ဆောင်သောအချိန်မျိုးတွင် ထွက်ပေါ်လာတတ်ပါသည်။ သိပ္ပံပညာရှင်ကြီး အဲဘတ်အိုင်းစတိုင်းက သူ၏အတွေးအကြံများသည် သူလှေလှော်နေချိန်တွင် ထွက်ပေါ်လာသည်ဟု ဆိုပါသည်။ စတီးဗ်ဂျော့သည် အလွန်ခက်ခဲသောပြဿနာများနှင့် ရင်ဆိုင်ရသောအခါ အပြင်ဘက်သို့ လမ်းလျှောက်ထွက်လေ့ရှိပါသည်။
၅။ သူတို့သမိုင်းကို သူတို့ရေးကြသည် . . .
သူတို့၏လုပ်ရပ်သည် သူတို့၏သမိုင်းဖြစ်ကြောင်းကို သူတို့လက်ခံကျင့်သုံးကြသည်။ မိမိတို့၏ အတွင်းစိတ်မှ ထွက်ပေါ်လာသော သဲလွန်စများကို အခြေခံ၍ ယင်းသည် အလုပ်ဖြစ်မဖြစ်ကို စမ်းသပ်ကြည့်သည်။ တစ်ဆင့်တစ်ဆင့်အားဖြင့် မည်သည့်အတိုင်းအတာအထိ လက်ခံလုပ်ဆောင်သွားနိုင်မည်ကို ဆုံးဖြတ်တတ်ကြသည်။
၆။ အပြုသဘောခံယူချက်ကို စဉ်ဆက်မပြတ် လက်ခံထားကြသည် . . .
ယုံကြည်ချက်ခိုင်မာသော ခေါင်းဆောင်များသည် တောက်ပသောအနာဂတ်ကို ရှင်းလင်းပြတ်သားစွာ ထင်မြင်နေတတ်ကြသည်။ အခြားသူများကိုလည်း သူတို့ထင်မြင်သကဲ့သို့ ယုံကြည်လာစေရန် စိတ်ပါဝင်စားစွာကြိုးပမ်းနေတတ်ကြသည်။ ထိုကဲ့သို့သော ခေါင်းဆောင်များသည် ပြဿနာများနှင့် ကြုံတွေ့ရသောအခါ မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းသွားရမည်ကို နားလည်သဘောပေါက်ကြပါသည်။ ဖြစ်ကိုဖြစ်ရမည်ဆိုသည့် ယုံကြည်ချက်က ကြောက်ရွံ့မှုနှင့် လက်ခံနိုင်စရာမရှိသော အတွေးအခေါ်များကိုလည်း လွင့်ပါးသွားစေပါသည်။
၇။ သူတို့သည် မိမိကိုယ်ကိုယုံကြည်မှုမျိုးရှိကြသည်။ သို့သော် သွေးနားထင်ရောက်နေခြင်းမျိုးမဟုတ်ပါ . . .
ယုံကြည်မှုဟူသည် တစ်ဦးမှတစ်ဦးသို့ ကူးစက်ရောက်ရှိနိုင်ပါသည်။ ယုံကြည်မှု၏နောက်ကွယ်တွင် ကောင်းမွန်သော အကျိုးရလဒ်တစ်စုံတစ်ရာလည်း ရှိနေနိုင်သည်ဟုလည်း ခံစားမိစေပါသည်။ လျှို့ဝှက်ချက်မှာ ခေါင်းဆောင်လုပ်သူသည် သင့်တွင်ယုံကြည်စိတ်ကို ဖြစ်ပေါ်စေနိုင်သော်လည်း သင့်ကိုယ်သင် သွေးနားထင်ရောက်သွားလောက်အောင် မာနကြီးသွားသည့် အဆင့်မျိုးကိုလည်း မဖြစ်စေခြင်းပင်ဖြစ်ပါသည်။ မိမိကိုယ်ကိုယုံကြည်မှုဆိုသည်မှာ တစ်စုံတစ်ခုဖြစ်မြောက်လာစေရန် လိုအပ်သော သင့်တွင်ရှိသည့် အရည်အချင်းအပေါ်ယုံကြည်မှုနှင့် ယင်းအရည်အချင်းအပေါ် စွဲမြဲစွာလက်ခံထားခြင်းမျိုးကို ဆိုလိုပါသည်။ သို့သော် သင်၏ယုံကြည်မှုသည် လက်တွေ့အခြေအနေနှင့် ကင်းကွာလာပါက သင်မလုပ်နိုင်ခဲ့သော အရာများကို သင်စွမ်းဆောင်ခဲ့သည်ဟု ထင်မြင်လာပြီး၊ သင်မလုပ်နိုင်သေးသော အရာများကိုလည်း သင်လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်လာမည်ဖြစ်သည်။ ရုတ်ခြည်းဆိုသလို အရာအားလုံးတွင် သင်သည်အဓိကလူဖြစ်လာပါသည်။ ထိုကဲ့သို့သော အလွန်အကဲထင်မြင်လာမှုက သင့်အပေါ် အခြားသူများ၏ ယုံကြည်ကိုးစားနိုင်စွမ်းကိုလည်း လျော့ကျလာစေနိုင်ပါသည်။
၈။ သူတို့ထိန်းချုပ်နိုင်စွမ်း မရှိသောအရာများအပေါ်တွင်လည်း နားလည်လက်ခံထားတတ်ကြသည် . . .
ကျွန်ုပ်တို့အားလုံးသည် ထိန်းချုပ်နိုင်စွမ်းရှိခြင်းကို အလိုရှိကြသည်။ သို့သော် မိမိပတ်ဝန်းကျင်တစ်ခုလုံးကို မိမိကထိန်းချုပ်နိုင်စွမ်းမရှိတော့သော အခြေအနေ၊ မိမိ၏ညံ့ဖျင်းမှုကြောင့်ဖြစ်သည်ဟု မယုံကြည်နိုင်သော အခြေအနေမျိုးစသည်တို့နှင့် တွေ့ကြုံလာရသောအခါ ထိန်းချုပ်နိုင်ခြင်းကို အလိုရှိသောစိတ်ဆန္ဒကြောင့် အလွန်အမင်း ယောက်ယက်ခတ်လာတတ်ပါသည်။ လေးနက်သောယုံကြည်မှုရှိသည့် ခေါင်းဆောင်များသည် သူတို့ထိန်းချုပ်နိုင်စွမ်းမရှိသော အခြေအနေမျိုးနှင့် တွေ့ကြုံလာရသောအခါ၊ ထိုအခြေအနေမျိုးကို အသိအမှတ်ပြုရန်လည်း မကြောက်ရွံ့တတ်ကြပါ။ သူတို့သည် ဖြစ်ပေါ်လာသောအခြေအနေအပေါ် ပို၍ဆိုးသည့် သို့မဟုတ် ပို၍ကောင်းမွန်သည့် အနေအထားမျိုး ထင်မြင်လာအောင် အရောင်ဆိုးကြည့်ခြင်းမျိုးမဟုတ်ဘဲ၊ ပကတိအခြေအနေမှန်ကို သုံးသပ်ကြည့်တတ်ကြပါသည်။ အမှန်တကယ်အားဖြင့် သူတို့ထိန်းချုပ်နိုင်သည်မှာလည်း အခြေအနေအပေါ်မူတည်၍ ဆုံးဖြတ်ချက်တစ်ခုကို သူတို့ချမှတ်နိုင်ခြင်းသာ ဖြစ်ပါသည်။ ယင်းအချက်သည် ကြိုတင်မသိရှိနိုင်သောအခြေအနေတစ်ခုကို ကိုင်တွယ်ရန်အတွက် အကောင်းဆုံးသောလက်တွေ့ကျသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ရှေ့ခရီးဆက်ရန်အတွက်လည်း ပထမဦးဆုံးသောခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။
၉။ သူတို့သည် စံပြပုဂ္ဂိုလ်များဖြစ်သည်။ သို့သော် တရားဟောဆရာများမဟုတ်ကြပါ . . .
လေးနက်သောယုံကြည်မှုရှိသည့် ခေါင်းဆောင်များသည် သူတို့၏လုပ်ဆောင်မှုများမှတစ်ဆင့် လူအများကအားကျသည့်စိတ်၊ ယုံကြည်လေးစားသည့်စိတ် စသည်တို့ကို ဖြစ်ပေါ်စေပါသည်။ သူတို့၏စကား၊ ဟောပြောချက်များကြောင့်မဟုတ်ကြပါ။ ထိုအပြောအဟောတစ်စုံတစ်ရာသည် သူတို့အတွက် အတော်အရေးကြီးကြောင်းကို ခေါင်းဆောင်အတော်များများက လက်ခံထားကြပါသည်။ သို့သော် လေးနက်သောယုံကြည်ချက်ရှိသည့် ခေါင်းဆောင်များအတွက်မူ သူတို့စကားလုံးများကို သူတို့၏လုပ်ဆောင်မှုများက နေ့စဉ်နှင့်အမျှ သက်သေခံနေတတ်ပါသည်။
၁၀။ သူတို့သည် စိတ်ခံစားမှုများကိုနားလည်ပြီး ကောင်းမွန်စွာကိုင်တွယ်တတ်ကြသည် . . .
အလွန်အမင်းကြောက်ရွံ့ဖွယ်ရာ အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်လာရပါက ကျွန်ုပ်တို့ဦးနှောက်၏ စဉ်းစားဆင်ခြင်နိုင်သည့် အစိတ်အပိုင်းသည် တဒင်္ဂမျှအလုပ်လုပ်နိုင်စွမ်းမရှိတော့ဘဲ ဦးနှောက်၏ခံစားမှုအပေါ်အခြေခံသည့် သဘာဝအလျောက်တုံ့ပြန်တတ်သည့်အပိုင်းက ရုတ်တရက်ထကြွလာပါသည်။ ယုံကြည်မှုလေးနက်သောခေါင်းဆောင်သည် ထိုသို့သော မထိန်းနိုင်မသိမ်းနိုင်သောအခြေအနေမျိုးအထိ မရောက်ရှိအောင် တတ်နိုင်သမျှရှောင်ရှားကြပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောအခြေအနေသို့ ရောက်ရှိသွားပါက ကြောက်ရွံ့စိတ်က လူတစ်ဦးချင်းစီအပေါ်လွှမ်းမိုးသွားပြီး ကောင်းမွန်မှန်ကန်သော စဉ်းစားဆင်ခြင်တုံတရားနှင့် သင့်တင့်ကောင်းမွန်သော ဆုံးဖြတ်ချက်များ မချမှတ်နိုင်တော့သောကြောင့်ဖြစ်ပါသည်။
၁၁။ သူတို့သည် 'အကယ်၍' ဟူသောစကားကို မမေးမြန်းတတ်ပါ . . .
'အကယ်၍' ဟူသော စကားလုံးသည် စိတ်ဖိစီးမှုများနှင့် စိုးရိမ်စိတ်မီးတောက်များကို လေပင့်ပေးသလိုဖြစ်စေတတ်ပါသည်။ ကောင်းမွန်သောအစီအမံများ ရှိပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် ယင်းကိစ္စကို ထည့်သွင်းစဉ်းစားစရာမလိုပါ။ အခြေအနေတစ်ရပ်အတွက် ဖြစ်လာနိုင်သည့်လားရာအမျိုးမျိုးသည် မရေမတွက်နိုင်အောင် အများအပြားရှိနေနိုင်ပါသည်။ သင့်အတွက် ထိုဖြစ်နိုင်ခြေအားလုံးကို ထည့်သွင်းစဉ်းစားနေသည်နှင့်အမျှ သင့်စိတ်ကိုပိုမိုတည်ငြိမ်လာစေမည့်၊ အခြေအနေအပေါ် ထိန်းသိမ်းလာစေနိုင်မည့် သင်လုပ်ဆောင်စရာရှိသည့်အရာများလုပ်ကိုင်ရန် အချိန်အလွန်နည်းပါးသွားမည်ဖြစ်သည်။ လေးနက်သောယုံကြည်မှုရှိသည့် ခေါင်းဆောင်တစ်ဦးသည် 'အကယ်၍' ဟူသော စကားလုံးကိုမေးမြန်းခြင်းက မိမိဆန္ဒမရှိသော၊ မလိုလားအပ်သော၊ မရောက်ရှိလိုသော အရပ်တစ်ခု၊ အခြေအနေတစ်ခုဆီသို့သာ ဦးတည်သွားစေနိုင်သည်ဟု နားလည်ထားပါသည်။
၁၂။ မိမိ၏အဖွဲ့ဝင်များအတွက် တာဝန်ခံလိုတတ်ကြသည် . . .
လေးနက်သောယုံကြည်မှုရှိသည့် ခေါင်းဆောင်သည် မိမိ၏အဖွဲ့အတွက် မည်သည့်အရာမဆို လုပ်ဆောင်ပေးလိုကြသည်။ မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ မိမိ၏လူများနောက်ကွယ်မှ ရပ်တည်ပေးနေပါသည်။ သူတို့မအောင်မြင်သောအခါတွင်လည်း တစ်စုံတစ်ယောက်အပေါ်တွင် အပြစ်ဖို့ခြင်းကိုမပြုလုပ်ပါ။ အရှက်ရခြင်းကိုလည်း မရှောင်လွှဲတတ်ကြပါ။ ''ကျွန်တော့်ဆုံးဖြတ်ချက် မှားသွားပါတယ်'' ဟု ဖွင့်ဟဝန်ခံရန်လည်း မည်သည့်အခါတွင်မှ ဝန်မလေးတတ်ကြပါ။ မိမိအဖွဲ့ဝင်များအပေါ် ရပ်တည်ပေးနေခြင်းဖြင့် သူတို့၏ယုံကြည်လေးစားမှုကို ပြန်လည်ရယူထားတတ်ကြပါသည်။ လေးနက်သောယုံကြည်မှုရှိသည့် ခေါင်းဆောင်များသည် စိန်ခေါ်မှုများ၊ သူတို့၏ကိုယ်ပိုင်မဟုတ်သော အခြားသူများ၏ ဝေဖန်မှုများ၊ ထင်မြင်ယူဆချက်များကို လက်ခံကြိုဆိုကြောင်း ရှင်းလင်းစွာပြောကြားတတ်ကြသည်။ လူအများက သင့်လျော်သောမေးခွန်းများမေးရန်၊ မိမိအမြင်ကိုတင်ပြရန်၊ ဖွင့်ဟရှင်းလင်းရန် ကြောက်ရွံ့နေသောပတ်ဝန်းကျင်သည် ကျရှုံးမှုဆီသို့ ဦးတည်နေကြောင်းကို သူတို့ကောင်းစွာသိရှိထားပြီးဖြစ်သည်။
အချုပ်အားဖြင့် လေးနက်သောယုံကြည်မှုက လူအများအပေါ် သူတို့၏အလုပ်သည် အရေးကြီးကြောင်းကို ခိုင်မာစေပါသည်။ သူတို့၏အလုံးစုံသောစွမ်းအားနှင့် အာရုံဝင်စားမှုတို့ကို သတ်မှတ်ထားသော ဦးတည်ရာတစ်ခုတည်းသို့ စူးစိုက်ထားပါက အကျိုးရလဒ်တစ်စုံတစ်ရာ ရရှိနိုင်ကြောင်းကိုလည်း သိရှိလာစေနိုင်ပါသည်။ ထိုစွဲမြဲသောယုံကြည်မှုက သာမန်လူများအတွက် မိမိတို့တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကိုအခြေခံ၍ အောင်မြင်မှုပန်းတိုင်ကိုရရှိရန် ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်သည်။
(Dr.Travis Bradberry \ Why the Best Leaders Have Conviction ကို ဆီလျော်အောင် ပြန်ဆိုသည်။)
မောင်မီးအိမ်