ထိုင်းနိုင်ငံဟာ လုပ်ဆောင်နေဆဲဖွံ့ဖြိုးရေးမူဝါဒတွေ၊ တရုတ်နိုင်ငံရဲ့ Belt and Road စီမံကိန်းသစ်ကြီးနဲ့ ချိတ်ဆက်ထားတဲ့ ဆက်သွယ်ရေးအစီအစဉ်တွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နေပါပြီ။
ဆယ်နိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ထဲမှာ အင်ဒိုနီးရှားပြီးရင် ဒုတိယအကြီးမားဆုံး စီးပွားရေးကြီးဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာအောင် ဆွဲဆောင်နေတဲ့နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။
နိုင်ငံခြားအရင်းအနှီးကို ဆွဲဆောင်နေတဲ့ ဆွဲဆောင်မှုတွေကတော့ နိုင်ငံရဲ့ရှေ့နောက်ညီညွတ်တဲ့မူဝါဒတွေ၊ တိုးပွားလာတဲ့ ဒေသတွင်းဆက်သွယ်မှုတွေနဲ့ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံကို တိုးတက်အောင်လုပ်ဖို့ အစိုးရရဲ့ သန္နိဋ္ဌာန်ချထားမှုတွေပဲဖြစ်ပါတယ်။
ထိုင်းအစိုးရဟာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို မက်လုံးပေးပြီး အနာဂတ်ကို ဇောင်းပေးထားတဲ့ အဓိကလုပ်ငန်းဆယ်မျိုးအတွက် ဆန်းသစ်တီထွင်မှုကို ပြုစုပျိုးထောင်ဖို့ ရည်ရွယ်တဲ့ Thai 4.0 လို့ခေါ်တဲ့ ရေရှည်မဟာဗျူဟာကို အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီ လုပ်ငန်းဆယ်မျိုးထဲမှာ ခေတ်မီစိုက်ပျိုးရေးနည်းပညာ၊ လေယာဉ်တည်ဆောက်မှုနည်းပညာနဲ့ စက်ရုပ်တီထွင်အသုံးချမှု နည်းပညာတွေ ပါဝင်ပါတယ်။
Thai 4.0 ရဲ့အောက်မှာ အဓိကကျတဲ့ စီမံကိန်းသစ်ကြီးကတော့ Eastern Economic Corridor (EEC) လို့ ခေါ်တဲ့ ထိုင်းနိုင်ငံအရှေ့ပိုင်းက ပြည်နယ်တွေကို ထိပ်တန်းအာဆီယံစီးပွားရေးဇုန်တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ့် စီမံကိန်းကြီးဖြစ်ပါတယ်။
“Thai 4.0 နဲ့ EEC နှစ်ခုစလုံးဟာ အမျိုးသားအဆင့်ရှိတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေဖြစ်ပြီး အဲဒီနှစ်ခုဟာ ခေတ်မီမော်တော်ကားတွေ၊ ဇီဝဆေးဝါး၊ ထိရောက်တဲ့စိုက်ပျိုးရေး၊ အဆင့်မြင့်ခရီးသွားလုပ်ငန်းနဲ့ ဆေးကုသရေး ခရီးသွားလုပ်ငန်းတွေလို စီးပွားရေးလုပ်ငန်းအသစ်တွေအတွက် အကျိုးပြုမှာဖြစ်သလို တရုတ်ကုမ္ပဏီကြီးတွေနဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းကြီးတွေအတွက် ထိုင်းဈေးကွက်ကို ဖော်ထုတ်ဖို့ ဧရာမအခွင့်အလမ်းကြီးတွေကို ပေးပါလိမ့်မယ်'' လို့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ သံရုံးယာယီတာဝန်ခံ Wu Zhiwu က ပြောပါတယ်။
မကြာသေးခင်နှစ်တွေအတွင်းမှာ ထိုင်းဈေးကွက်ထဲကိုဝင်လာခဲ့တဲ့ တရုတ်ကုမ္ပဏီတွေရဲ့ အရေအတွက်ဟာ တိုးတက်လာခဲ့ပါတယ်လို့ မစ္စတာ Wu ကပြောပါတယ်။ ရှေးရိုးစဉ်လာလုပ်ငန်းတွေထဲက ကုမ္ပဏီတွေနဲ့အတူ သူတို့ရဲ့နောက်ဆုံးပေါ်နည်းပညာတွေကို ထိုင်းနိုင်ငံထဲကို ယူဆောင်လာနေကြတဲ့ Alibaba ၊ JD.com နဲ့ Huawei တို့လို အဆင့်မြင့့်နည်းပညာကုမ္ပဏီတွေရဲ့ အရေအတွက်ဟာ ပိုပိုပြီးများလာနေပြီဖြစ်ပါတယ်။
နှစ်နိုင်ငံစလုံးနဲ့ ကျန်တဲ့အရှေ့တောင်အာရှရဲ့ဖွံ့ဖြိုးရေးကို ပိုပြီးကောင်းအောင်ဆောင်ရွက်ဖို့အတွက် သူ့ရဲ့ ဘတ် ၁.၅ ထရီလီယံ (ဒေါ်လာ ၄.၆ ဘီလီယံ) တန်ဖိုးရှိတဲ့ EEC အခြေခံအဆောက်အအုံကြီးကို တရုတ်နိုင်ငံရဲ့ Belt and Road စီမံကိန်းသစ်ကြီးနဲ့ ချိတ်ဆက်ဖို့ သတ်မှတ်ထားပါတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
Belt and Road စီမံကိန်းသစ်ကြီးဟာ ကျယ်ပြန့်တဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်တစ်ခုကို အာရုံစိုက်လုပ်ဆောင်ပြီး တရုတ်နိုင်ငံနဲ့ကျန်တဲ့ ကမ္ဘာကြီးရဲ့ချိတ်ဆက်မှုနဲ့ လွတ်လပ်တဲ့ကုန်သွယ်မှုကို တိုးမြှင့်ပေးမယ့် စီမံကိန်းကြီး ဖြစ်ပါတယ်။
EEC ထဲမှာ ထိုင်းပင်လယ်ကွေ့ကမ်းခြေက Chonburi ၊ Rayong နဲ့ Chachoengsao ဆိုတဲ့ ထိုင်းနိုင်ငံ အရှေ့ပိုင်းပြည်နယ် သုံးခုပါဝင်နေပြီး ဧရိယာအားဖြင့် စုစုပေါင်း ၁၃,၂၈၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။
၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ လေဆိပ်တွေကိုတိုးချဲ့ပေးပြီး၊ မီးရထားလမ်းတွေနဲ့ ဆိပ်ကမ်းအသစ်တွေကို တည်ဆောက်ပေးပြီး၊ ထိုင်းနိုင်ငံရဲ့ အာဆီယံအိမ်နီးချင်းနိုင်ငံတွေအကြား ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွေက အားကောင်းတဲ့ဆက်သွယ်မှုနဲ့ ဒီဒေသကို နည်းပညာနဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုရဲ့မဏ္ဍိုင်ဖြစ်အောင်ပြောင်းလဲပေးပြီး ဒေသတွင်းမှာရှိတဲ့အခြေခံအဆောက်အအုံကို အဆင့်မြှင့်ပေးဖို့ အစိုးရကမျှော်လင့်ထားပါတယ်။
''(အောက်တိုဘာလတုန်းက တရုတ်ကွန်မြူနစ်ပါတီရဲ့) ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံကြီး ပြီးသွားတဲ့နောက်မှာ တရုတ်နိုင်ငံဟာ ခေတ်သစ်တစ်ခုထဲကို ဝင်ရောက်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တုန်းက အိမ်ရှေ့မင်းသား မဟာဗာဂျီယာလောင်ကွန်ဟာ တရားဝင်ထီးနန်းဆက်ခံပြီး ထိုင်းနိုင်ငံကို သမိုင်းရဲ့အခန်းကဏ္ဍအသစ်တစ်ခုဆီကို သယ်ဆောင်ခဲ့ပါတယ်။ ဒီနိုင်ငံနှစ်နိုင်ငံဟာ ခေတ်သစ်တစ်ခုထဲမှာ အကောင်းဆုံး တိုးတက်မှုကိုရရှိဖို့ လက်တွဲနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်'' လို့ မစ္စတာ Wu က ပြောပါတယ်။
လာအို-တရုတ်မီးရထားလမ်းကို အရှေ့ပိုင်းဆိပ်ကမ်းတွေ၊ EEC ထဲက စက်မှုဇုန်တွေနဲ့ ဆက်သွယ်ပေးတဲ့ ထိုင်း-တရုတ်မြန်နှုန်းမြင့် မီးရထားလမ်းစီမံကိန်းဟာ Belt and Road စီမံကိန်းသစ်ကြီးမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆက်သွယ်မှုမှာ အလွန်အရေးပါတယ်လို့ မြင်ကြပါတယ်။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအကဲဖြတ်ချက် (EIA) အပေါ် ထိုင်းနိုင်ငံရဲ့သဘောတူညီချက်ကို စောင့်ဆိုင်းခဲ့ရတဲ့အတွက် ဒီစီမံကိန်းဟာကြန့်ကြာခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါ EIA ကို သဘောတူလိုက်ပြီဖြစ်တဲ့အတွက် စီမံကိန်းရဲ့ နောက်ဆုံးကျန်နေတဲ့ တရားဝင်အတားအဆီးတစ်ခုကို ကျော်လွှားခဲ့ပြီး ပထမအဆင့်ဆောက်လုပ်ရေးလုပ်ငန်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စတင်ဆောင်ရွက်ဖို့ သတ်မှတ်လိုက်ပြီလို့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဆင်ဟွာသတင်းဌာနက သတင်းပေးပို့ပါတယ်။
အာဆီယံဒေသတွင်းက တခြားနိုင်ငံတွေဟာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အကြိတ်အနယ် ရှာဖွေနေကြပါတယ်။ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေအားလုံးဟာ နိုင်ငံခြားအရင်းအနှီးအတွက် ဆွဲဆောင်မှုရှိတဲ့မက်လုံးတွေကို ပေးနေကြပြီး အဲဒီနိုင်ငံတွေမှာရှိတဲ့ အလုပ်သမားကုန်ကျစရိတ်ဟာ ထိုင်းနိုင်ငံကအလုပ်သမား စရိတ်ထက်ပိုပြီး သက်သာနေပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက သူ့ရဲ့ယှဉ်ပြိုင်မှုအားသာချက်ကို ထိန်းသိမ်းထားပါတယ်လို့ ထိုင်းနိုင်ငံတရုတ်လူငယ်ကုန်သည်များ အသင်းရဲ့ဥက္ကဋ္ဌ Li Guixiong က ပြောပါတယ်။
''ပထမအားသာချက်က ထိုင်းနိုင်ငံရဲ့တရုတ်နိုင်ငံနဲ့ ဆက်သွယ်မှုဖြစ်ပါတယ်'' လို့ ထိုင်းနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံလောက်မှာ တရုတ်သွေးနည်းနည်းစီပါနေတာကိုထောက်ပြပြီး Li ကပြောပါတယ်။ ဒုတိယအားသာချက်က အစိုးရဟာ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခိုင်အမာ တာဝန်ခံထားတာဖြစ်ပါတယ်။ တတိယအားသာချက်ကတော့ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အလယ်ကောင်မှာ တည်ရှိနေတာဖြစ်ပြီး အာဆီယံရဲ့ဖက်ရှင်ဗဟိုချက်ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံက ကုန်ပစ္စည်းတွေဟာ တခြားအရှေ့တောင်အာရှနိုင်ငံတွေကို အလွယ်တကူရောက်ရှိပြီး အရောင်းရလည်း သွက်ပါတယ်''
ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးရေးကောင်စီရဲ့ စက်တင်ဘာလအစီရင်ခံစာတစ်စောင်မှာ ဟောင်ကောင်ကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံရဲ့စီးပွားရေးပြုပြင်ပြောင်းလဲရေးဆီက ပေါ်ထွက်လာမယ့် အခွင့်အလမ်းတွေကို အမိအရဖမ်းဆုပ်နိုင်တယ်လို့ ပြောထားပါတယ်။
''ထိုင်းနိုင်ငံရဲ့ဒေသတွင်းလုပ်ငန်းတွေဟာ တခြားအာဆီယံနိုင်ငံတွေက လုပ်ငန်းတွေထက် ပိုပြီးဖွံ့ဖြိုးတိုးတက်ကြတဲ့အတွက် သူတို့ဟာ တချို့သောနည်းပညာသတ်မှတ်ချက်တွေအတွက် ဒါမှမဟုတ် ပိုပြီးနေရာကောင်းတဲ့ ကဏ္ဍတွေအတွက် နိုင်ငံခြားကျွမ်းကျင်မှုကိုလိုအပ်ကြပါတယ်။ ဒီအထဲမှာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ ရေစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး နည်းပညာနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ယေဘုယျပုံစံဒီဇိုင်းဖော်ထုတ်မှုတွေ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းဟာ ဘတ် ၃၅၈.၁၁ ဘီလီယံရှိတယ်လို့ အတည်ပြုထားပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အဲဒီတန်ဖိုးရဲ့ ၁၅ ရာခိုင်နှုန်းရှိတဲ့အတွက် ၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံပြီးရင် ထိုင်းနိုင်ငံမှာ ဒုတိယအကြီးဆုံးရင်းနှီးမြှုပ်နှံတဲ့နိုင်ငံ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုအဖွဲ့ဆီက စာရင်းအင်းတွေက ပြနေပါတယ်။
အောင်ဇော် (မဟာဝိဇ္ဇာ)