အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ရသူတစ်ယောက်အနေနဲ့ အဆင့်ဆင့်တိုင်းမှာရှိတဲ့ ဝန်ထမ်းတိုင်းဆီက ဘာဖြစ်နေသလဲဆိုတာနဲ့ အဖွဲ့အစည်းရဲ့လားရာနဲ့ အခြေအနေတွေကို အမြဲနားထောင်နေတတ်ဖို့ အရေးကြီးလှပါတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်လောက်မှာ ကျွန်မဟာ ITV ရဲ့ ကလေးအစီအစဉ်တွေကို တာဝန်ယူခဲ့ရပါတယ်။ Central TV ဌာနရဲ့ အသံလွှင့်ပိုင်းဆိုင်ရာ ဒါရိုက်တာအနေနဲ့ ပထမဦးဆုံးအလုပ်ဝင်ရတဲ့နေ့မှာ ကြုံတွေ့ရတာကတော့ ခရစ္စမတ်ဘိုးဘိုးကြီးဆီကို ပို့ထားတဲ့ ခရစ္စမတ်ကတ်အထုပ်တွေလို အကြံပြုချက်တွေ၊ ကမ်းလှမ်းချက်တွေပါတဲ့ အထုပ်တွေအများကြီးကို တွေ့လိုက်ရတာပါပဲ။
''ငါတို့ ဘယ်လိုလုပ်အကုန်ဖတ်ပြီး လေ့လာနိုင်မှာလဲ'' လို့ တွေးပူမိပြီး ကျွန်မတို့အတွင်းရေးမှူးကို မေးလိုက်မိတယ်။ တစ်ညလုံး ထိုင်ရတော့တာပဲဗျို့။ ဖတ်ရင်းနဲ့ အူထဲအသည်းထဲသိလာရတဲ့အသိနဲ့ စဖတ်လိုက်တာနဲ့ အခြေအနေကောင်းမကောင်း ခန့်မှန်းနိုင်ပြီး လက်ခံမခံ တစ်ခါတည်း ပယ်ချခဲ့တယ်။ ကြမ်းတမ်းရက်စက်သလိုတော့ ရှိတာပေါ့။
ခုနကပြောသလိုပဲ ကမ်းလှမ်းချက်တစ်ခုဟာ ဖြစ်နိုင်ခြေရှိမရှိ သိလိုက်ရတာနဲ့ ဖြစ်နိုင်ခြေရှိရင် ဘေးဖယ်ထားပြီး မှတ်တမ်းထဲမှာ မှတ်ထားတယ်။ ပြီးရင် ထုတ်ဝေရေးအဖွဲ့နဲ့ တွေ့ဖို့ စီစဉ်ရပါတယ်။ အဲဒါက အမှတ်တစ်လုပ်ရပ်ပဲ။ အမှတ်နှစ်လုပ်ရပ်က ရှားတော့ ရှားတယ်။ ဖြစ်နိုင်ခြေရှိတဲ့ စာတွေထဲက တစ်ခါထပ်ပြန်ဖတ်ပြီး စဉ်းစားရမယ့်ဟာတွေကို ဖယ်ထားတယ်။ နံပါတ်သုံးအုပ်စုကတော့ ကျွန်မတို့ အသံလွှင့်ထုတ်လုပ်ရေးရဲ့ ထုံးစံစကားဖြစ်တဲ့ ''နိုး'' ပါပဲ။ နံပါတ်လေးအုပ်စုကတော့ ''နိုး'' တော့ ''နိုး'' ပဲ။ ဒါပေမဲ့ လေးစားမှုပါတဲ့ ''နိုး''ပါ။ အဲဒီအုပ်စုမှာ ပါတဲ့ဟာတွေက ITV အောက်မှာရှိတဲ့ ထုတ်လုပ်ရေးကုမ္ပဏီတွေထဲက တစ်ခုခုဖြစ်ရင် ဖြစ်မယ်၊ ဒါမှမဟုတ် နာမည်ကြီး ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုခုကလည်း ဖြစ်နိုင်တယ်။ ချက်ချင်းငြင်းလိုက်ရင် ''မင်းတို့ လုံးဝမစဉ်းစားဘူးလား'' ဆိုတာ အထင်ခံရနိုင်တယ်။ ချက်ချင်းငြင်းလိုက်ရင် သူတို့လည်း စိတ်ပျက်သွားမယ်။ ဆက်ဆံရေးလည်း ထိခိုက်နိုင်တယ်။ ဒီနံပါတ်လေးကတော့ လေးစားမှုနဲ့ ငြင်းဆန်ခြင်းလို့ ဆိုနိုင်တယ်။ ငြင်းပယ်တဲ့စာကို နောက်ခုနစ်ရက်ကြာမှာ ပို့ပေးစမြဲပဲ။
ဒီလိုနဲ့ပဲ တစ်နေ့ကျတော့ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဆီက ကမ်းလှမ်းချက်တစ်ခု ရောက်လာပြန်တယ်။ ကျွန်မက ဖျတ်ခနဲဖတ်ကြည့်လိုက်ပြီး ကျွန်တော့်အတွင်းရေးမှူးကို ''ထုံးစံအတိုင်းနံပါတ်လေးပဲ'' လို့ လှမ်းပြောလိုက်တယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်း သူက ''ကျွန်မတော့ ဒီအယူအဆကို ကြိုက်တယ်'' လို့ ပြောလာတယ်။ ဒါပေမဲ့ ကျွန်တော်က ''မင်းကြိုက်တာ၊ မကြိုက်တာ ငါတော့ ဂရုမစိုက်နိုင်ဘူး။ ငါတော့ မကြိုက်ဘူး။ ငါက မင်းဆရာပဲ။ ဒီတော့ နံပါတ်လေးပဲ'' လို့ ထပ်ပြောလိုက်တယ်။
ကျွန်မရဲ့ အလေ့အထတစ်ခုက တစ်ပတ်ကြာရင် အလုပ်တွေကို ပြန်ပြီးဆန်းစစ်တတ်တယ်။ အဲဒီရက်ဟာလည်း ရက်သတ္တပတ်ရဲ့နောက်ဆုံးနေ့လိုမျိုးနေ့မှာ လုပ်တယ်။ အဓိကကတော့ လုပ်လို့ကျန်တာတွေရယ်၊ ဘယ်စာတွေကို ပို့မိတယ်ဆိုတာရယ် ပြန်ဆန်းစစ်တာပါပဲ။ ကိုယ့်အလုပ်ကို ခြုံမိ၊ ငုံမိတာပေါ့လေ။
ထူးထူးခြားခြား သတိထားမိတာက ကျွန်တော် ငြင်းဖို့ပြောတဲ့ကမ်းလှမ်းချက်ကို အကြောင်းမပြန်သေးဘူးဆိုတာကို သတိထားမိတော့ ကျွန်မရဲ့အတွင်းရေးမှူးကိုခေါ်ပြီး ဘာလို့ စာမပို့သေးတာလဲလို့ မေးတော့ သူက ''ဒီကမ်းလှမ်းချက်ဟာ နံပါတ်လေးအဆင့်နဲ့ မထိုက်တန်လို့ ကျွန်မတော့ ငြင်းတဲ့စာမပို့နိုင်ဘူး။ ကျွန်မကတော့ ကောင်းတဲ့ပရောဂျက်လို့ လုံးဝယုံကြည်လို့ အဲဒီကုမ္ပဏီက လူတွေကို တွေ့သင့်တယ်လို့ အခိုင်အမာယုံကြည်တယ်'' လို့ ဖြေတယ်။ ကျွန်မလည်း စိတ်ပေါက်ပေါက်နဲ့ ''လုပ်နေကျ အလုပ်တွေပဲလုပ်ပါ ဆရာမရေ။ ကော်ဖီဖျော်တာနဲ့ စာရိုက်တာပဲလုပ်ပါဦး'' လို့ ပြောလိုက်တယ်။ ဒါပေမဲ့ သူက ခေါင်းမာမာနဲ့ ''ဆောရီးပဲ ဘော့စ်။ သူတို့ကို လာတွေ့ခိုင်းလိုက်မယ်'' လို့ ပြောနေတယ်။ အဲဒါနဲ့ကျွန်မက သူ့ကို စေ့စေ့ကြည့်ပြီး ''အဲဒီကမ်းလှမ်းချက် ပရောဂျက်ပြန်ယူလာပါဦး'' ဆိုပြီး ပြန်ဖတ်ကြည့်မိတယ်။ မထူးပါဘူး။ စိတ်ထဲကတော့ သိပ်မထူးဘူးလို့ ထင်မိတယ်။ ဒါပေမဲ့ သူ့ကိုတော့ ''ဒါဆိုရင်လည်း တွေ့တာပေါ့'' လို့ စိတ်မပါ့တပါ ခိုင်းလိုက်တယ်။
အဲဒီလူတွေနဲ့တွေ့ပြီး နားထောင်ကြည့်တော့ သူတို့ရဲ့အတွေးအခေါ်လေးတွေက မဆိုးဘူးလို့ သဘောပေါက်လိုက်မိတယ်။ စိတ်ထဲမှာတော့ သူက ယုံကြည်တဲ့အတိုင်း ပြောဆိုဆောင်ရွက်တယ်။ သူပြောသလို လုပ်ကြည့်ရင်တော့ ထူးခြားမယ်ထင်တယ်လို့ တွေးမိပြီး အဲဒီပရောဂျက်ကို လုပ်လိုက်တယ်။ ထင်တဲ့အတိုင်း အထိုက်အသင့်အောင်မြင်မှုရခဲ့ပါတယ်။
အဲဒီကနေတစ်ဆင့် သင်ခန်းစာတစ်ခုရလိုက်တယ်။ နားထောင်တတ်ခြင်းဟာ အကျိုးမယုတ်ဘူးဆိုတာပါပဲ။ တစ်ခါတလေတော့ အဖြေတွေအားလုံး ပြည့်ပြည့်စုံစုံရှိမှာ မဟုတ်ပေမဲ့ ကိုယ်လုပ်သင့် မလုပ်သင့်ကို ပြန်ပြီးချင့်ချိန်စဉ်းစားဖို့ အခွင့်အရေးရတယ်။ သူဟာ လုံးဝမှန်ကန်ပါတယ်။ တစ်ခါတလေ ကိုယ့်အနားမှာ ရှိသူတွေရဲ့စကားကို နားထောင်ပြီး နောက်ခြေတစ်လှမ်းဆုတ်ပြီး ပြန်စဉ်းစားဆင်ခြင်သင့်တယ်။
အဲဒီနောက်ပိုင်း ကျွန်မအနေနဲ့ စနစ်တစ်ခု ဖန်တီးထားတယ်။ အဓိကကတော့ ကျွန်မရဲ့ဒါရိုက်တာတွေနဲ့ပါ။ ကျွန်မမှာ တီဗီအစီအစဉ်ထုတ်ဝေရေး အတွေ့အကြုံက နှစ်ပေါင်း ၂၀ ကျော် ရှိနေပေမယ့် တီဗီအစီအစဉ်ဆိုတာ သိပ္ပံလိုအတိအကျခန့်မှန်းလို့ မရဘူးလေ။
ဒီတော့ ကျွန်မရဲ့ဒါရိုက်တာတွေကို အခွင့်အရေးကတ်နှစ်ခု ပေးထားတယ်။ တစ်ခုကတော့ သူတို့အနေနဲ့ ကျွန်မကို ''အဲဒီကမ်းလှမ်းချက်ကို ခင်ဗျားကြိုက်လိမ့်မယ်လို့ မထင်ဘူး။ တကယ်တမ်းပြောရရင် မုန်းတောင်မုန်းမယ်ဆိုတာ ခန့်မှန်းနိုင်တယ်။ ဒါပေမဲ့ ကျွန်မကတော့ ကြိုက်လည်းကြိုက်တယ်။ လုပ်လည်း လုပ်ချင်တယ်။ အဲဒီအခွင့်အရေးကို အသုံးချချင်တယ်'' လို့ ပြောခွင့်ရှိတယ်။ အဲဒီပရောဂျက်တွေဟာ အမြဲတမ်းအကျိုးရှိတာ သတိပြုမိတယ်။
နောက်အခွင့်အရေးတစ်ခုကတော့ မသေချာတဲ့ အခြေအနေမျိုးမှာ ကျွန်တော့်အနေနဲ့ လုပ်ချင်ရင် သူတို့က ''ခင်ဗျားက ကျွန်တော်တို့ထက် ရာထူးကြီးတယ်။ ဒါကြောင့် ခင်ဗျားလုပ်ချင်ရင်လုပ်'' လို့ ရတယ်။ အဲဒါကလည်း ကျွန်မရဲ့အတွေ့အကြုံနဲ့ သူတို့အတွေ့အကြုံ မတူဘူးလေ။ အဲဒီလို နားလည်မှုယူထားကြတယ်။ အဲဒါဟာ အားလုံးအတွက် အကျိုးရှိတယ်လေ။
မှတ်သားဖို့ရာ . . .
၁။ ခေါင်းဆောင်တွေအနေနဲ့ အဆင့်တိုင်းမှာရှိတဲ့ ဝန်ထမ်းတွေရဲ့စကားကို နားထောင်ကြည့်သင့်တယ်။ အဲဒါမှ အဖွဲ့အစည်းရဲ့လားရာနဲ့ ကောင်းတဲ့အတွေးအခေါ်တွေကို ရနိုင်ပါတယ်။
၂။ လက်ခံဖို့ ခက်ပေမယ့် ခေါင်းဆောင်တိုင်းက အားလုံးသိတယ်၊ အကောင်းဆုံးသိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အဖွဲ့အစည်းတွင်းမှာရှိတဲ့လူတွေမှာ အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့၊ တန်ဖိုးရှိတဲ့ အတွေးအခေါ်၊ အကြံဉာဏ်တွေရှိတတ်ကြတယ်။ တစ်ခါတလေတော့လည်း အကောင်းဆုံးအကြံဉာဏ်တွေက ကိုယ့်အလုပ်နဲ့ မဆိုင်တဲ့သူတွေဆီကလည်း ရတတ်တယ်။
၃။ ခေါင်းဆောင်တွေက အကြံဉာဏ်ပေးရင် လက်ခံတယ်ဆိုတဲ့ ရေခံမြေခံပတ်ဝန်းကျင် ဖန်တီးထားဖို့ လိုတယ်။ ပြီးရင် အကြံဉာဏ်ရှိရင် တိုက်ရိုက်အသိပေး တင်ပြလို့ရတယ်ဆိုတဲ့အခြေအနေကို ဖန်တီးထားရမှာဖြစ်ပါတယ်။
ဒေါက်တာသာထွန်းဦး