ကမ္ဘာ့ဥပဒေအကျိုးဆောင်လုပ်ငန်း Baker & McKenzie က မြန်မာနိုင်ငံရန်ကုန်မြို့တွင် ရုံးခွဲဖွင့်လှစ်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သတင်းထုတ်ပြန် ကြေငြာခဲ့ပါတယ်။ ယခု ဖွင့်လှစ်လိုက်သော Baker & McKenzie ရန်ကုန်ရုံးဟာ အာရှပစိဖိတ်ဒေသတွင် ၁၆ခုမြောက် ရုံးခွဲပါ။ Baker & McKenzie မှာ ယခုရုံးသစ်အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၄၇ နိုင်ငံမှာ ရုံးပေါင်း ၇၅ ရုံးရှိနေပါပြီ။ ယခုလိုဖွင့်လှစ်ကြောင်းနှင့်ပတ်သက်ပြီး ယခုခုနှစ် တိုကျိုမှာပြုလုပ်တဲ့ နှစ်ပတ်လည် Asia Pacific Meeting မှာ အာရှပစိဖိတ်ဒေသမှ လုပ်ငန်းအကျိုးတူပူးပေါင်းဆောင်ရွက်သူပေါင်း ၃၀၀ ကျော်တွေ့ဆုံစဉ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ရုံးဟာ နှစ်နှစ်အတွင်း တောင်ကိုရီးယား၊ ဒူဘိုင်း၊ ပီရူး၊ မော်ရိုကိုနှင့် တောင်အာဖရိက နိုင်ငံတွေမှာ ရုံးတွေဖွင့်လှစ်ပြီးနောက် ဆဋ္ဌမမြောက် ဖွင့်လိုက်တဲ့ရုံး ဖြစ်လည်းဖြစ်ပါတယ်။ Baker & McKenzie အမှုဆောင်ကော်မတီရဲ့ Chairman ဖြစ်သူ Eduardo Leite က ယခုလို ရုံးဖွင့်လှစ်တာနဲ့ပတ်သက်ပြီး “ အထူးသဖြင့် ၂၀၁၅ မှာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပူးတွဲဆောင်ရွက်ကြမယ့် ASEAN Economic Community ရရှိလာတော့မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ Clients တွေဟာ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှမှာ အခွင့်အလမ်းတွေ တိုးပွားလာအောင်လုပ်ဖို့ ပိုပြီးအာရုံစိုက်လာကြပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာခုလိုအခြေတကျ ရုံးဖွင့်လှစ်ပြီး clients တွေကို ဝန်ဆောင်မှုပေးနိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကမ္ဘာတစ်ဝှမ်းစီးပွားရေးပေါင်းစပ်မှုဖြင့် မြင့်မားတိုးတက်လာသော မြန်မာနိုင်ငံရဲ့
စီးပွားရေးလုပ်ငန်း နယ်ပယ်မှာ Clients တွေရဲ့စီးပွားရေးလုပ်ငန်းတွေ အောင်မြင်တိုးတက်အောင် ကူညီပေးသွားနိုင်မယ်လို့မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အခြေခံအဆောက်အအုံနှင့် ကော်ပိုရိတ်ဥပဒေအကျိုးဆောင်ဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ ဆစ်ဒနီရုံ: မှ Chris Hughes က ရန်ကုန်ရုံးကိုဦးဆောင်စီမံသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်ရှိ အရည်အချင်း ပြည့်ဝတဲ့ မြန်မာဥပဒေအကျိုးဆောင်ရှေ့နေများနဲ့အတူ လုပ်ငန်းကျွမ်းကျင်တဲ့ဥပဒေအကျိုးဆောင်အဖွဲ့ကို ဆစ်ဒနီနဲ့စင်ကာပူ အခြေစိုက် မြန်မာဘာသာစကားကျွမ်းကျင်တဲ့ ဥပဒေအကျိုးဆောင်တွေအပါအဝင် ပရော်ဖက်ရှင်နယ်ဝန်ထမ်း ၁၀,၀၀၀ ကျော်ပါဝင်တဲ့ Baker & Mckenzie ရဲ့ ကမ္ဘာ့အဖွဲ့မှ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကျော်အချိန်တုန်းကတော့ ဘန်ကောက်အခြေစိုက် Baker & McKenzie ရဲ့ Myanmar Center က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ချင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးများနှင့် အာရှမှစီးပွားရေးလုပ်ငန်းစုကြီးများအား ဥပဒေအကြံပေးကူညီမှုများ ပြုလုပ်ခဲ့ပါသည်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ချင်တဲ့ Client များကို ဥပဒေအကြံပေးရန်လိုအပ်လာရင် ရန်ကုန်ရုံးမှ ဦးစွာလှှုပ်ရှားဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်ရုံးဟာ မြန်မာနိုင်ငံတွင်း စွမ်းအင်၊ သတ္တုတူးဖော်ရေးနှင့် အခြေခံအဆောက်အအုံ၊ သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေး၊ လူသုံးကုန် ပစ္စည်း၊ အသင်းအဖွဲ့ဆိုင်ရာ လုပ်ငန်းများ (Corporate Transactions) နှင့် ဉာဏပစ္စည်းမူပိုင်ခွင့် IP လုပ်ငန်းများကိုအဓိကထား၍ လုပ်ငန်းအခွင့်အလမ်း ရှာဖွေလိုသည့်ကုမ္ပဏီများအား လမ်းညွှန်ကူညီပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ မြန်မာရုံးရဲ့ Managing Partner Chris Hughes က “တိုးပွားမှုမြန်တဲ့ ဈေးကွက်သစ် အထူးသဖြင့် ဒီလိုနယ်ပယ်သစ်ဈေးကွက်ကို ဝင်ရောက်တာက စိန်ခေါ်မှုတစ်ခုပါပဲ။ ကျွန်တော်တို့မှာ ဒီလိုထွန်းသစ်စ ဈေးကွက်ထဲကို စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေ တာဝန်သိသိဝင်ရောက် လုပ်ကိုင်နိုင်ဖို့ အကြံပေးကူညီခဲ့တဲ့ ဆယ်စုနှစ်ခြောက်စုကျော် အတွေ့အကြုံတွေရှိထားပါတယ်။ ပြည်တွင်းဗဟုသုတနဲ့ ကမ္ဘာတစ်လွှား လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံ၊ အရင်းအမြစ်တွေကိုပေါင်းစပ်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေကြတဲ့ နိုင်ငံတကာနဲ့ အာရှစီးပွားရေးကုမ္ပဏီတွေကို ကျယ်ကျယပြန့်ပြန့် ဝန်ဆောင်မှု ကောင်းကောင်းပေးသွားမှာပါ၊ ကျွန်တော်တို့ မြန်မာမှာလုပ်ငန်းတွေကို ရေရှည်ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာအဖွဲ့အစည်းတွေ၊ အစိုးရဌာနဆိုင်ရာတွေ၊ အာဏာပိုင်တွေနဲ့တွဲပြီး တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းကာလမှာ ပံ့ပိုးကူညီသွားနိုင်မယ်လို့မျှော်လင့်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။