အခွန်နှုန်းထား၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူနေမှုအဆင့်အတန်း

aungkomar1

ဝင်ငွေမညီမျှမှုအတိုင်းအတာ

------------------------------

''လူနေမှုအဆင့်အတန်းကွာဟမှု'' သည် ၂၁ ရာစုနှစ်အတွင်း နိုင်ငံရေးပြဿနာကြီးများအနက် တစ်ခုဖြစ်သလို သာမန်လူတန်းစားတို့၏ လိုအပ်မှုများအတွက်လည်း အရေးပါသော အကြောင်းရင်းတစ်ခုဖြစ်လာခဲ့သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏အစီရင်ခံစာအသစ်က ''အခွန်ငွေကောက်ခံခြင်းမူဝါဒ'' အနေနှင့် ''အဆင့်အတန်းတစ်ခုနှင့်တစ်ခုကြား ကွာဟမှု'' အား တိုက်ဖျက်မှုအပေါ် မည်မျှအကူအညီဖြစ်နိုင်ကြောင်း ရှုမြင်သုံးသပ်ထားသည်။ အောင်မြင်တိုးတက်နေသည့် စီးပွားရေးကဏ္ဍများတွင် အခွန်ငွေကောက်ခံခြင်းသည် အကျိုးသက်ရောက်မှုရှိနေပြီးဖြစ်သည်။ The Gini coefficient ခေါ် (ဝင်ငွေမညီမျှမှုအတိုင်းအတာ) သည် အခွန်ငွေပေးဆောင်ခြင်းနှင့် လွှဲပြောင်းမှုများအပြီးတွင် ယခင်ကထက် သုံးပုံတစ်ပုံခန့်လျော့နည်းသွားခဲ့သည်။ သို့သော် ၁၉၈၅ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်များကြား ဖြစ်ပေါ်ခဲ့သည့် ဈေးကွက်မညီမျှမှု၏ ၆၀ ရာခိုင်နှုန်းသည် အဆိုပါမူဝါဒများကြောင့်ဖြစ်သည်။

အနောက်နိုင်ငံများတွင် ဝင်ငွေမြင့်သူတို့ကို ကောက်ခံသည့် အခွန်နှုန်းထားကျဆင်း

-------------------------

စင်စစ်ဤအချက်မှာ မူဝါဒဦးတည်ချက်အပြောင်းအလဲကြောင့်ဖြစ်သည်။ အနောက်နိုင်ငံများတစ်ဝန်း ဝင်ငွေမြင့်မားသူများအပေါ် ကောက်ခံသည့်အခွန်ငွေသည် ယေဘုယျအားဖြင့် ကျဆင်းလာခဲ့သည်။

ကျဆင်းရခြင်းဖြစ်နိုင်ချေအမျိုးမျိုး

-------------------------

IMF က ဤအချက်မှာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။ ဝင်ငွေမြင့်မားသူများထံမှ ကောက်ခံသည့် အခွန်ငွေမှာ အလျှော့အတင်းပိုမိုလုပ်နိုင်သည့် အခြေအနေသို့ ရောက်ခဲ့နိုင်ပေသည်။ ပြောင်းရရွှေ့ရလွယ်ကူနေသည့် လောကကြီးတွင် ထင်ရှားကျော်ကြားသူတို့သည် သူတို့ပေးဆောင်ရမည့် အခွန်ငွေသက်သာရေးအတွက် နိုင်ငံပြောင်းရွှေ့နေထိုင်ကြမည်ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသည့် ဒုတိယအကြောင်းရင်းမှာ ချမ်းသာကြွယ်ဝသူတို့ရယူသည့် ဝင်ငွေခွဲတမ်းလျော့နည်းလာသည် ဆိုသည့်အချက် ဖြစ်ကောင်းဖြစ်နိုင်သည်။ (အမှန်မှာ ပိုများလာခဲ့ခြင်းသာဖြစ်သည်။)

တတိယဖြစ်နိုင်ခြေမှာ ချမ်းသာကြွယ်ဝသူများအား ကူညီပံ့ပိုးပေးရန်အတွက် အခွန်ငွေနှုန်းထားများ လျှော့ပေးသင့်ကြောင်း လူ့အဖွဲ့အစည်းက တစ်စိတ်တစ်ဝမ်းတည်းဆုံးဖြတ်ကြခြင်း ဖြစ်သည်။ အကယ်စင်စစ် လူအများသည် ၁၉၈၀ ပြည့်နှစ်ပိုင်းအချိန်များကထက်  ''ပြန်လည်ဝေမျှခြင်းမူဝါဒကို ပိုမိုနှစ်သက်သဘောကျသည့် အနေအထားတွင်ရှိနေကြကြောင်း'' လေ့လာသုတေသနပြုချက်များက ဖော်ပြနေပေသည်။

အုပ်ချုပ်သူအစိုးရက ထိပ်ပိုင်းအခွန်နှုန်းထားများ လျှော့ချပေးရခြင်းအတွက် ဖြစ်နိုင်သောအကြောင်းရင်း နောက်တစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်မှုနိုင်ရန် ဖြစ်သည်။ သို့မှသာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဟု ယူဆခြင်းကြောင့် ဖြစ်နိုင်သည်။ ဤအချက်သည် သမ္မတဒေါ်နယ်ထရမ့်က အခွန်ငွေများ လျှော့ချရန် ပြုထားသောအဆို၏ နောက်ကွယ်မှ သေချာသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။

သို့သော် IMF က သူ ၏ OECD (Organization of economic coorporation and development) နိုင်ငံများတွင် ၁၉၈၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် ကြားထားရှိသော အခွန်နှုန်းထားများအား လေ့လာသုံးသပ်ခဲ့သည်။ သို့သော် ''အခွန်ကောက်ခံမှုမည်မျှတက်ခဲ့သည်ဆိုသည့်အချက်'' နှင့် '' စီးပွားရေးဖွံ့ဖြိုးမှု'' တို့အကြား ခိုင်မာသော ဆက်စပ်မှုမတွေ့ရှိခဲ့ပေ။ စင်စစ် ထိုလေ့လာမှုက ကြွယ်ဝမှုကို ပြန်လည်မျှဝေလိုသည့် ဆန္ဒရှိသော တိုင်းပြည်များအတွက် ''နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာထိခိုက်စေခြင်းမရှိဘဲ ဝင်ငွေခွန် တိုးမြှင့်နိုင်ရေးအခွင့်အလမ်း'' ရှိနိုင်ကြောင်း သက်သေတစ်ခု ထပ်တိုးလာခဲ့ခြင်းဖြစ်သည်။

အမြင့်ဆုံးဝင်ငွေခွန်ရရှိရေးအတွက် ရည်ရွယ်သည့်ဝင်ငွေ မြင့်မားသူတို့ထံမှ ကောက်ခံသင့်သည့် အသင့်တော်ဆုံး ဝင်ငွေခွန်ရာခိုင်နှုန်းမှာ ၄၄ ရာခိုင်နှုန်းဖြစ်သည်ဟု IMF က ထင်မြင်ချက်ပေးခဲ့ကာ ဗြိတိန်နိုင်ငံ၏ အမြင့်ဆုံးနှုန်းမှာ ၄၅ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီးဖြစ်သည်။ Donald Trump ၏ ဖြတ်တောက်မှုများမတိုင်မီကပင် အမေရိကန်နိုင်ငံ၏ ထိပ်ပိုင်းဝင်ငွေခွန်သည် ၃၉.၆ ရာခိုင်နှုန်းသာရှိခဲ့သည်။

ဤနေရာ၌ပင်လျှင် သတိထားဖို့လိုအပ်သည့်အချက်ရှိနေပေသည်။ စီးပွားရေးလုပ်ငန်းများအနေနှင့် မိမိတို့ ပိုမိုနှစ်သက်သည့် ဝင်ငွေခွန်မျိုးကို ရှာဖွေလိုသည့် သဘောရှိကြသည်။ ထိုအချက်ကြောင့်ပင် အိုင်ယာလန်နိုင်ငံ၏ စုပေါင်းဝင်ငွေခွန်နှုန်းထား ၁၂.၅ ရာခိုင်နှုန်းဖြင့် လုပ်ငန်းများကို မိမိနိုင်ငံတွင်းသို့ အောင်မြင်စွာဆွဲဆောင်နိုင်ခြင်းနှင့် အခွန်ငွေသက်သာသော အခြားနိုင်ငံများ၏ အုပ်ချုပ်မှုအောက်သို့ ပြောင်းရွှေ့လုပ်ကိုင်လေ့ရှိသည့် အမေရိကန်ကုမ္ပဏီများ၏ ဆန့်ကျင်ပြောင်းလဲလုပ်ကိုင်မှုများ ဆက်တိုက်ထွက်ပေါ်လာရခြင်းဖြစ်သည်။ တုံ့ပြန်မှုအနေနှင့် နိုင်ငံများမှာ ယင်းတို့၏ ဝင်ငွေခွန်နှုန်းထားများကို တဖြည်းဖြည်းလျှော့ချလာခဲ့ကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှ အဆင့်မြင့်စီးပွားရေးလုပ်ငန်းများ၏ ပျမ်းမျှဝင်ငွေခွန်သည် ၁၉၉၀ ပြည့်နှစ်မှစ၍ ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ (ဇယားကိုကြည့်ပါ)

aungkomar2

ဝင်ငွေခွန်အတိုးအလျှော့လုပ်လျှင် တွေ့ရလေ့ရှိသည့်အချက်များ

----------------------------------

ချမ်းသာကြွယ်ဝသည့် ပုဂ္ဂလိကသူဌေးများစွာသည် မိမိတို့၏ဝင်ငွေများကို ကြေညာရာတွင် စုပေါင်းဝင်ငွေခွန် ပိုမိုသက်သာသည့် အခွင့်ကောင်းကိုယူပြီး မိမိတို့၏ဝင်ငွေများကို နှစ်သက်ရာနည်းလမ်းများဖြင့် ပြောင်းလဲရွေးချယ်တင်ပြနိုင်ကြသည်။ ထို့ကြောင့် စုပေါင်းဝင်ငွေခွန်ကို လျှော့ချပေးနေသည့်အချိန်နှင့် တစ်ပြိုင်တည်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ဝင်ငွေများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန်မှာ ခက်ခဲသည့်အနေအထားတွင် ရှိနေပေသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အစီရင်ခံစာတွင် နိုင်ငံတကာအခွန်ငွေ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အနေနှင့် ဤပြဿနာကို အတတ်နိုင်ဆုံးအာရုံစိုက်ဖြေရှင်းသင့်သည်၊ သို့သော် အမှန်တကယ်အကောင်အထည်ဖော်ရန်ဆိုသည်မှာကား အလွန်ခက်ခဲသည့်ကိစ္စတစ်ရပ် ဖြစ်သည်၊ ထို့ကြောင့် အခွန်ငွေကောက်ခံခြင်းစနစ်အပြင် လူနေမှုအဆင့်အတန်း မညီမျှမှုကိုလျှော့ချနိုင်သည့် အခြားနည်းလမ်းများရှိသေးလျှင် ရှာရန်စသဖြင့် မှတ်ချက်ချခဲ့သည်။

IMF မှ ဆွေးနွေးတင်ပြထားသည့် အခြားရွေးချယ်စရာနည်းလမ်းတစ်ခုမှာ ပြောင်းရွှေ့ခြင်းမပြုနိုင်သည့် အရာတစ်ခုဖြစ်သော မြေယာအပေါ် အခွန်ကောက်ခံခြင်းဖြစ်သည်။ ဥပမာအားဖြင့် ''အမွေဆက်ခံမှုများအပေါ် ကောက်ခံသည့်အခွန်'' ကောက်ခံခြင်းကို ဆိုလိုသည်။ ထိုကဲ့သို့ ကောက်ခံရာမှာ စောင့်ကြပ်ထိန်းချုပ်ရန် အကုန်အကျများပြီး ဤနည်းလမ်းအားဖြင့် စီးပွားရေးထိပ်သီး ခုနစ်နိုင်ငံများအတွင်း၌ပင် နိုင်ငံ GDP ၏ ၁ ရာခိုင်နှုန်းနှင့် ညီမျှသော ငွေကြေးပမာဏကို ကောက်ခံနိုင်ခြင်းမရှိသေးပေ။

လူမှုရေးအဆင့်အတန်းကွာဟချက်များကို အခွန်ငွေတိုးမြှင့်ကောက်ခံခြင်းဖြင့် လျှော့ချရေးအတွက် နိုင်ငံတကာမှ ယေဘုယျသဘောတူညီသည့် ဆုံးဖြတ်ချက်မျိုး ထွက်ပေါ်လာဖွယ်မရှိပေ။

ထိုကဲ့သို့သော ယေဘုယျသဘောတူညီမှုမျိုး မရှိဘဲနှင့် မိမိတို့၏အခွန်ကောက်ခံမှုနှုန်းထားများကို တစ်နိုင်ငံတည်း စွန့်စားတိုးမြှင့်ကောက်ခံမည့်အစိုးရမျိုး အနည်းငယ်သာ ရှိပေလိမ့်မည်။

Ref:The Economist

အောင်ကို(တောင်ငူ)