စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်က တီထွင်ဖန်တီးမှု

discusscreation

ကုမ္ပဏီတစ်ခုအပေါ်မှာပြုလုပ်ခဲ့တဲ့ နှစ်ရှည်စစ်တမ်းတစ်ခုမှာ စုံစမ်းမေးမြန်းခံရသူ ၈၀ ရာခိုင်နှုန်းက ကုမ္ပဏီရဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲတွေမှာ တီထွင်ဖန်တီးမှုတစ်စုံတစ်ရာ မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။ သို့ပေမယ့် ကုမ္ပဏီက တာဝန်ရှိသူတွေက အောင်မြင်ခဲ့တဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲရာပေါင်းများစွာရှိခဲ့ကြောင်း ရှင်းလင်းတင်ပြနိုင်ခဲ့တယ်။ ဒါအပြင် ယင်းဆွေးနွေးပွဲတွေမှာ ပြောဆိုဆွေးနွေးခဲ့တဲ့ အကြောင်းအချက်တွေ၊ မေးခွန်းတွေကို ပြန်လည်စစ်ဆေးလိုက်တဲ့အခါ တီထွင်ဖန်တီးမှုအမြောက်အမြား ပါရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်မှာ အောင်မြင်မှုရရှိနိုင်ဖို့အတွက် လိုအပ်တဲ့၊ မသိသာမမြင်သာတဲ့ အချက်တစ်ချက်ကို ယခုအခါ ကျွန်တော်တို့ ဖော်ထုတ်ဆွေးနွေးကြဖို့အတွက် အချိန်ကျရောက်လာပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ မကြာခဏ ဆွေးနွေးခဲ့ကြပါတယ်။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲဆိုတာ နှစ်ပါးသွားအကပါ။ ဒီအကကလေးလှဖို့အတွက်ဆိုရင် ကျွန်တော်တို့ရဲ့စိတ်ကူးထဲမှာ ဘယ်လိုတီးကွက်နဲ့ ဘယ်လိုခြေလှမ်းလှမ်းပြီး ကသွားရမလဲဆိုတာကို တီထွင်ဖန်တီးမှုပါရှိတဲ့ အစီအမံတစ်ခု စောစောကတည်းက ရှိနေရမှာဖြစ်ပါတယ်။ နောက်ပြီး ကနေရင်း စိုက်လိုက်မတ်တတ်မှာလည်း တစ်ဖက်သားရဲ့ ကြိုးကိုကြည့်ပြီး တီထွင်ဖန်တီးမှုတွေ လုပ်သွားရပါတယ်။ ကိုယ့်ဘက်က ပုံသေနည်းအတိုင်းပဲ ဆက်ကနေလို့ မဖြစ်ပါဘူး။ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာလည်း ဒီအတိုင်းပါပဲ။ ပုံသေကားကျ လုပ်လို့မရပါဘူး။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတိုင်းဟာ တစ်မူထူးခြားမှုတွေ ရှိနေတတ်ပါတယ်။ ဒါဟာ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ နှစ်ပါးသွားအကမှာ အပေးအယူမျှသွားရင် သိပ်ကြည့်လို့ကောင်းသလိုပဲ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ထူးခြားစွာဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ရပ်ကို နှစ်ဖက်စလုံးအတွက် အကောင်းဆုံးအခွင့်အရေးဖြစ်သွားရအောင် ဘယ်လိုတီထွင်ဖန်တီးမှု လုပ်ပေးလိုက်ရမလဲဆိုတာဟာ အလွန်ကို စိတ်ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ စိတ်ကူးတစ်ခုပါပဲ။ သို့ပေမယ့် ထူးခြားတဲ့အခြေအနေ တစ်စုံတစ်ခုအတွက် ကျွန်တော်တို့မှာ ထူးခြားတဲ့ချဉ်းကပ်နည်းတစ်ခုတော့ လိုအပ်မှာဖြစ်ပါတယ်။ အဲဒီထူးခြားတဲ့ချဉ်းကပ်နည်းကို ကျွန်တော်တို့ကြိုတင်ပြီး မသိနိုင်ပါဘူး။ အဲဒါကြောင့်လည်း တီထွင်ဖန်တီးမှုစိတ်ကူး လိုအပ်ရတာဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေ၊ အစီအစဉ်တွေနဲ့ လုပ်ဆောင်ဖို့လိုအပ်တဲ့ ခြေလှမ်းမှန်သမျှကို ကျွန်တော်တို့က ကြိုတင်ပြင်ဆင်စီမံထားဖို့ လိုအပ်ပါတယ်။ ဒါအပြင် စနစ်တကျပြင်ဆင်ထားတဲ့ လုပ်ငန်းအဆင့်တွေထဲက ထွက်ပြီး စဉ်းစားတတ်ဖို့နဲ့ လုပ်ဆောင်တတ်ဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။

စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ မကြာခဏဆိုသလို ရှေ့မတိုးနိုင်နောက်မဆုတ်နိုင်ဘဲ နေရာမရွေ့နိုင်ကြတော့တာ ဖြစ်တတ်ပါတယ်။ နေရာမရွေ့နိုင်တော့ဘူးဆိုတာ တစ်ဖက်ဖက်ကသော်လည်းကောင်း၊ နှစ်ဖက်စလုံးကသော်လည်းကောင်း အခြားနည်းလမ်းတစ်ခုနဲ့ လုပ်မှပဲဖြစ်တော့မယ်ဆိုတဲ့ အခြေအနေသို့ ဆိုက်ရောက်သွားခြင်းကို ဆိုလိုပါတယ်။ ဆွေးနွေးဖက်တွေဟာ နေရာမရွေ့နိုင်တော့တဲ့ အခြေအနေကို ဆိုက်ရောက်သွားပြီဆိုမှဖြင့် ထွက်ပေါ်လာနိုင်တဲ့ အကျိုးဆက်က ပဋိပက္ခသော်လည်းကောင်း၊ တိုးတက်မှုဆိတ်သုဉ်းခြင်းသော်လည်းကောင်း ဖြစ်ပါလိမ့်မယ်။

ဒီအချိန်မှာ နှစ်ဖက်စလုံးဟာ သေတ္တာအပြင်ဘက်က ထွက်ကြည့်ကြရပါတော့မယ်။ တီထွင်ဖန်တီးမှုရှိတဲ့ စိတ်ကူးစိတ်သန်းတွေ ထွက်ပေါ်လာရမယ့်အချိန်ပါပဲ။ ဒီလိုလုပ်နိုင်ဖို့အတွက် စေ့စပ်ညှိနှိုင်းရေးစားပွဲကို အချိန်အနည်းငယ်၊ ဒါမှမဟုတ် ရက်အနည်းငယ်အနားပေးဖို့ လိုပါလိမ့်မယ်။ ဒီအားလပ်ချိန်ဟာ အနားယူရမယ့် အားလပ်ချိန် မဟုတ်ပါဘူး။ ဆတက်ထမ်းပိုးတိုးပြီး အားထုတ်အလုပ်လုပ်ရမယ့်အချိန်ပါပဲ။ ဆက်သွယ်ရေးနည်းလမ်းပေါင်းစုံကို အသုံးပြုပြီး မိမိကုမ္ပဏီအဖွဲ့အစည်းမှ သတင်းအချက်အလက် ပေးနိုင်တဲ့လူတိုင်းနဲ့ ဆက်သွယ်ရပါမယ်။ လက်ရှိ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာဖြစ်ပေါ်နေတဲ့ ပြကွက်အခြေအနေကို မျှဝေပေးရင် ခေါင်းဆောင်ကြီးတွေထံမှ ဆုံးဖြတ်ချက်အသစ်ရဦးမလား၊ ခေါင်းဆောင်ငယ်အသီးသီးက သူတို့ရဲ့လုပ်ပိုင်ခွင့်မူဘောင်အတွင်းက နောက်ထပ်လိုက်လျောပေးနိုင်တဲ့အချက်တွေ ရှိဦးမလားဆိုတာကို ကျွန်တော်တို့ရဲ့ လက်ချောင်းဖျားကလေးတွေနဲ့ ကွန်ပျူတာ၊ တယ်လီဖုန်းတွေပေါ်ကတစ်ဆင့် ကမ်းလှမ်းနေရမှာဖြစ်ပါတယ်။ ဦးနှောက်ထဲမှာလည်း နောက်ဆုံးရလာတဲ့ သတင်းအချက်အလက်နဲ့ တီထွင်ဖန်တီးမှုရှိတဲ့စိတ်ကူးတို့ကို ပေါင်းစပ်ပြီး ဖြစ်နိုင်ဖွယ်ရှိတဲ့အဖြေတွေကို တစ်ခုပြီးတစ်ခု အလိုအလျောက်ရွေးချယ်နေရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ယခင်တုန်းက မစဉ်းစားခဲ့ဖူးတဲ့ နှစ်ဖက်ခံတွင်းတွေ့စေမယ့် အဖြေတစ်ခုကောင်း၊ ဒါမှမဟုတ် နှစ်ခုကောင်း ထွက်ပေါ်လာခဲ့မယ်ဆိုရင် စေ့စပ်ညှိနှိုင်းသူတွေဟာ တောက်ပတဲ့ မျက်လုံးအစုံနဲ့ ဣန္ဒြေမဆည်နိုင်လောက်အောင် ပြုံးစစအမူအရာတွေနဲ့ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်ကို ပြန်ရောက်လာတတ်ပါတယ်။

စေ့စပ်ညှိနှိုင်းရေးဆွေးနွေးမှုတွေ ပြန်စတာနဲ့ ကျွန်တော်တို့ရဲ့ စကားအသုံးအနှုန်းဟာ ဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်ဖို့၊ ဒါမှမဟုတ် ကံကောင်းရင်အောင်မြင်တဲ့ အပေးအယူတစ်ခုပြီးဆုံးဖို့အထိ တာသွားနိုင်ပါတယ်။ ''တကယ်လို့ ကျွန်တော်တို့ဘက်က ဒီလိုလုပ်ပေးလိုက်ရင် ခင်ဗျားတို့ဘက်ကဘယ်လိုလဲ''။ ကိုယ့်ဘက်က စတင်ပြီး စဉ်းစားဆောင်ရွက်နိုင်တဲ့ ရွေးချယ်မှုတစ်ခု၊ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာတစ်ခုကို ပစ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ကပစ်ပေးလိုက်တာကို သူတို့ဘက်ကမကြိုက်သေးဘူးဆိုရင်တောင်မှ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ စကားစတင်ပြောဖို့အတွက် ကမ်းလှမ်းချက်တစ်ခုဖြစ်ပေါ်လာစေပြီး စဉ်းစားစရာအကြံပြုချက်တွေ တသီကြီး နောက်ကလိုက်ပါလာမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့မရွေ့နိုင်တော့တဲ့ စားပွဲဝိုင်းအဖြစ်က လွတ်မြောက်သွားမှာဖြစ်ပါတယ်။

တချို့ကိစ္စတွေမှာတော့ ဒီထက်ပိုပြီး ပွင့်ပွင့်လင်းလင်းနဲ့ တိတိကျကျ ကမ်းလှမ်းနိုင်ပါတယ်။ ''တကယ်လို့ ကျွန်တော်တို့ဘက်က ဒီကိစ္စကိုဒီလိုလုပ်ပေးလိုက်ရင် ခင်ဗျားတို့ဘက်က ဟိုကိစ္စကို ဟိုလိုလုပ်ပေးနိုင်မလား''။ အပြန်အလှန်အပေးအယူလုပ်ခြင်း ဥပဒေသကို ကျင့်သုံးလိုက်ခြင်းဖြစ်တယ်။ ဘယ်နည်းလမ်းကိုပဲသုံးသုံး ကျွန်တော်တို့မှာ တီထွင်ဖန်တီးမှုစိတ်ကူးရှိဖို့က လိုရင်းပါပဲ။

မင်းဗထူး