ရွေးကောက်ခံအမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့် သမ္မတကျမ်းသစ္စာကျိန်ဆိုတာ သီတင်းပတ်အနည်းငယ်သာ ရှိပါသေးတယ်။ ဒါပေမဲ့ ထရန့်ရွေးကောက်ခံရမှုက စီးပွားရေးဈေးကွက်တွေကို လှုပ်ခတ်စေခဲ့ပြီး အာရှတစ်လွှား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာစေတဲ့အထိ အမေရိကန်ဗဟိုဘဏ်ကို သက်ရောက်မှုတွေ ရှိနေခဲ့ပါပြီ။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်က အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးနှုန်းကို ၀ ဒဿမ ၅ ရာခိုင်နှုန်းကနေ ၀ ဒဿမ ၇၅ ရာခိုင်နှုန်းကို တိုးမြှင့်ခဲ့ပါတယ်။ ခုလိုလူကြိုက်မများလှတဲ့ ဘဏ်တိုးနှုန်းသတ်မှတ်ချက်ဟာ စီးပွားရေးဈေးကွက်အတွက် မျှော်လင့်ချက်တွေရှိနေတဲ့ အချိန်ကာလနဲ့လည်း တိုက်ဆိုင်မှုရှိခဲ့ပါတယ်။ အမေရိကန်ဗဟိုဘဏ်ရဲ့ အရာရှိတွေက ၂၀၁၇ ခုနှစ်မှာ ဘဏ်တိုးနှုန်းကို သုံးကြိမ်အထိမြှင့်တင်ဖို့ မျှော်မှန်းထားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေကလည်း စောင့်ကြည့်နေဆဲကာလပါပဲ။
အနည်းဆုံးတော့ ဘဏ်တိုးနှုန်းဆက်လက်မြှင့်တင်လာနိုင်တဲ့အခြေအနေက အသုံးစရိတ်မြှင့်တင်ပြီး အခွန်တွေလျှော့ချမယ့် ထရန့်ရဲ့ စီးပွားရေးစီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသလို့ ပြောနိုင်ပါတယ်။ အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌက ထရန့်အစီအစဉ်တွေရဲ့ သက်ရောက်မှုကို သုံးသပ်ဖို့ အချိန်စောပါသေးတယ်လို့ ပြောခဲ့ပေမဲ့ တစ်ဖက်မှာလည်း ဒေါ်လာဈေးမာလာနိုင်တယ်လို့ ပြောကြားထားပါတယ်။ ဒေါ်လာဈေးမာမယ်ဆိုရင်တော့ တရုတ်လိုအာရှနိုင်ငံတွေက စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုတွေ ပိုဆိုးလာနိုင်ပြီး အမေရိကန်နဲ့ အာရှက ကုန်စည်တင်ပို့သူတွေကြားမှာလည်း ကုန်သွယ်ရေးအားပြိုင်မှုတွေ ဖြစ်လာနိုင်ပါတယ်။
အမေရိကန်ဗဟိုဘဏ် မူဝါဒချမှတ်ရေး အစည်းအဝေးပွဲကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် ထရန့်ရွေးကောက်ခံရပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့တာပါ။ ဘဏ်တိုးနှုန်းမြှင့်တင်လိုက်တာကလည်း ဆယ်စုနှစ်တစ်စုအတွင်း ဒုတိယအကြိမ်သာရှိပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလက ဘဏ်တိုးနှုန်းကို ၀ ဒဿမ ၂၅ ကနေ ၀ ဒဿမ ၅ ကို တိုးမြှင့်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ဗဟိုဘဏ် စီးပွားရေးဈေးကွက်ဆိုင်ရာအစည်းအဝေးပွဲ (FOMC) ပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာတော့ အလုပ်သမားအခွင့်အလမ်း ပိုမိုပေးစွမ်းနိုင်မှုနဲ့အတူ စီးပွားရေးဆက်လက်ကောင်းမွန်နေဦးမှာဖြစ်သလို လာမယ့် နှစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှု ၂ ရာခိုင်နှုန်းရှိနိုင်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ Janet Yellen က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဗဟိုဘဏ်က အတိုးနှုန်း အတန်အသင့်မြှင့်တင်မှုက ခိုင်မာတဲ့စီးပွားရေးတိုးတက်လာမှုအတွက် သင့်လျော်မှုရှိတယ်လို့ တာဝန်ရှိသူတွေကလည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
FOMC က ဗဟိုဘဏ်အတိုးနှုန်းကို ဖြည်းဖြည်းမှန်မှန်သာ တိုးမြှင့်သွားမှာဖြစ်ပြီး စီးပွားရေးတိုးတက်လာမှုအတွက် အာမခံတဲ့အကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့ပေမဲ့ ခုချိန်မှာတော့ ကာလရှည်ဘဏ်တိုးနှုန်းမြှင့်တင်ရေး အစီအစဉ်ကို အလျင်အမြန်ဆောက်ရွက်ဖို့ အာရုံစိုက်လာကြပါတယ်။ FOMC တာဝန်ရှိသူတွေရဲ့ သင့်တင့်တဲ့အတိုးနှုန်းမြှင့်တင်မယ့်လျာထားချက်ကတော့ ၂၀၁၇ ခုနှစ်မှာ အတိုးနှုန်း လေးပုံသုံးပုံမြှင့်တင်ဖို့နဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ အတိုးနှုန်းကို သုံးကြိမ်စီ တိုးမြှင့်သွားဖို့ဖြစ်ပါတယ်။
စီးပွားရေးမူဝါဒပိုင်းမှာ ဘယ်လိုပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး စီးပွားရေးအပေါ် ဘယ်ပုံဘယ်နည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတာကို သုံးသပ်ဖို့ရာ မရေရာမှုတွေရှိနေတယ်လို့ အမေရိကန်ရဲ့ ဘဏ္ဍာရေးမူဝါဒရေးရာအပြောင်းအလဲကို ခန့်မှန်းသုံးသပ်နေတဲ့ FOMC အဖွဲ့ဝင်တွေကို ဗဟိုဘဏ်ဥက္ကဋ္ဌ Yellen က အကြံပြုခဲ့ပါတယ်။
ဆက်လက်ပြီး ဈေးကွက်စီးပွားရေးသမားတွေဟာလည်း ငွေကြေးမူဝါဒအပြောင်းအလဲကို စောင့်ကြည့်နိုင်တယ်လို့ Yellen က သုံးသပ်ပြပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံတွင်းနဲ့ အမေရိကန်နဲ့ ပတ်သက်ဆက်နွှယ်မှုရှိတဲ့ နိုင်ငံတွေမှာ ဘဏ်တိုးနှုန်းမြင့်တက်လာနိုင်ပြီး ဒေါ်လာဈေးပိုတက်လာနိုင်ပါတယ်။
အခုလိုအခြေအနေမှာ ငွေကြေးမူဝါဒပိုင်းကို အပြောင်းအလဲလုပ်ဖို့ ရှိ မရှိ မေးမြန်းရာမှာတော့ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း အပြည့်အဝဖန်တီးပေးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေဖို့ ငွေကြေးမူဝါဒပိုင်းကို အပြောင်းအလဲလုပ်စရာတော့ မလိုအပ်ဘူးလို့ Yellen က ဖြေပါတယ်။
ဈေးကွက်စီးပွားရေးသမားတွေကတော့ Yellen ရဲ့သုံးသပ်ချက်ဟာ ငွေကြေးဖောင်းပွလာနိုင်မှုအတွက် စိုးရိမ်မှုရှိနေတဲ့အကြောင်း အရိပ်အမြွက်ပြောကြားခြင်း ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါဟာ ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်ဖို့အတွက် လမ်းစတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။
ဘဏ်တိုးနှုန်းမြှင့်တင်ခဲ့ပြီး Yellen ရဲ့သတင်းစာရှင်းလင်းပွဲပြီးတဲ့နောက်မှာတော့ ကာလရှည်ဘဏ်တိုးနှုန်းဟာ ခုန်တက်သွားခဲ့ပြီး ဒေါ်လာပေါက်ဈေးညွှန်းကိန်းကလည်း ၂၀၀၃ ခုနှစ်နောက်ပိုင်းမှာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
ဒါဟာ ရွေးကောက်ပွဲမှာ ထရန့်အနိုင်ရခဲ့လို့ စီးပွားရေးအရင်းအမြစ်ယိုစိမ့်မှုအတွက် ရုန်းကန်နေရပြီး စီးပွားရေးအလျင်အမြန်တိုးတက်လာတဲ့ အာရှနိုင်ငံတွေအတွက်တော့ ခေါင်းခဲစရာကိစ္စရပ်တစ်ခုပါပဲ။ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့ (IMF) ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၁၃ ခုနှစ်၊ ဇွန်လနောက်ပိုင်း စီးပွားရေးတိုးတက်လာတဲ့ နိုင်ငံတွေက စီးပွားရေးအရင်းအမြစ်ယိုစိမ့်မှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အမြင့်မားဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုစီးပွားရေးဈေးကွက်ပျက်စီးမှုကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန်ဗဟိုဘဏ်က ပြန်လည်ချင့်ချိန်လာဖို့လည်း မျှော်လင့်ရပါတယ်။
သာဓကအနေနဲ့ တရုတ်နိုင်ငံကို ကြည့်ရမှာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလက တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ နစ်နာဆုံးရှုံးမှုဟာ အောက်တိုဘာလနဲ့ နှိုင်းယှဉ်ရင်သုံးဆလောက် မြင့်တက်ခဲ့ပါတယ်။ တရုတ်ယွမ်ငွေကြေး တန်ဖိုးကလည်း ၂၀၀၈ ခုနှစ်၊ ဇွန်လနောက်ပိုင်းဒေါ်လာတန်ဖိုးနဲ့နှိုင်းယှဉ်ရင် အနိမ့်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။
တရုတ်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲလှယ်ရေး ဘဏ္ဍာငွေဟာလည်း ဒေါ်လာသုံးထရီလီယံအထိ ကျဆင်းသွားခဲ့ပြီး နိုဝင်ဘာလတစ်လထဲမှာ ဒေါ်လာ ၇၀ ဘီလီယံအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ယွမ်တန်ဖိုးကျဆင်းလာတဲ့ ငါးလမြောက်ဖြစ်ပြီး တရုတ်ဗဟိုဘဏ်က ယွမ်တန်ဖိုးကျဆင်းမှုကို ပြန်လည်ကုစားနိုင်ဖို့ ဒေါ်လာတွေကို ထုတ်ရောင်းခဲ့ရပါတယ်။ အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးနှုန်းမြှင့်တင်လိုက်တာကလည်း တရုတ်ဗဟိုဘဏ်အနေနဲ့ အခုလိုပြန်လည်ကုစားမှု စတင်လုပ်ဆောင်ဖို့ ဖိအားတစ်ခု ဖြစ်စေခဲ့ပါတယ်။
အိန္ဒိယနိုင်ငံလည်း နိုဝင်ဘာလမှာ အလားတူ စီးပွားရေးအရထိခိုက်နစ်နာမှုကြီးကို ရင်ဆိုင်ခဲ့ရပါတယ်။ အိန္ဒိယအတွက်တော့ ၂၀၁၃ ခုနှစ်က ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိခိုက်စေတဲ့အထိ ရင်ဆိုင်ခဲ့ရတဲ့ စီးပွားရေးနစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေခဲ့တဲ့ ငွေကြေးအကျပ်ရိုက်မှုပြီးနောက် အခုဖြစ်ရပ်က အဆိုးဆုံးပါပဲ။
တောင်ကိုရီးယားမှာဆိုရင်လည်း စီးပွားရေး အထလေးနေပြီး သမ္မတပက်ဂျန်ဟေးရဲ့ မသမာမှုအရှုပ်တော်ပုံပြဿနာထဲမှာ အမေရိကန်ဗဟိုဘဏ်ရဲ့ ဘဏ္ဍာရေးမူဝါဒက တစ်ပူပေါ်နှစ်ပူဆင့် ထပ်ဆင့်ပြဿနာဖြစ်စေခဲ့ပါတယ်။ ကိုရီးယားဗဟိုဘဏ်က လတ်တလော ဘဏ္ဍာရေးမူဝါဒရေးရာ အစည်းအဝေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ငွေကြေးတန်ဖိုးကျဆင်းလာမှုက အခြေအနေတွေကို ပိုဆိုးရွားလာစေမှာ စိုးရိမ်ခဲ့ကြပါတယ်။
စီးပွားရေးအကျပ်ရိုက်မှုကို အရှေ့တောင်အာရှနိုင်ငံတွေလည်း ခေါင်းမရှောင်သာခဲ့ပါဘူး။ အင်ဒိုနီးရှား ဗဟိုဘဏ်က အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ မူဝါဒပိုင်းဆိုင်ရာ မသေချာမရေရာမှုတွေက ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားဗဟိုဘဏ်ဆိုရင် စီးပွားရေးတိုးတက်မှုအရှိန်ကို ထိန်းသိမ်းနိုင်ဖို့နဲ့ ငွေကြေးတန်ဖိုးကျဆင်းမှုကို ထိန်းချုပ်နိုင်ဖို့ ဘဏ်တိုးနှုန်းကို အပြောင်းအလဲမရှိ ထားရှိခဲ့ရပါတယ်။ ဒါအပြင် နိုင်ငံငွေကြေးတန်ဖိုးကို ထိန်းထားနိုင်ဖို့ ကြိုးပမ်းခဲ့ရလို့ အင်ဒိုနီးရှားဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလှဲလှယ်ရေး ဘဏ္ဍာငွေပမာဏဟာ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။
စီးပွားရေးတိုးတက်လာတဲ့ အာရှနိုင်ငံတွေက ကုမ္ပဏီတွေအနေနဲ့ ဘဏ္ဍာငွေထိန်းသိမ်းမှုနဲ့ ဒေါ်လာကြွေးမြီ ပြန်လည်ပေးဆပ်မှုတို့မှာ အခက်ကြုံလာနိုင်တာကိုလည်း စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။ အထူးသဖြင့် ဒေါ်လာကြွေးမြီအများဆုံးရှိနေတဲ့ မလေးရှားနိုင်ငံမှာဆိုရင် ကုမ္ပဏီတွေက အခြေအနေအပြောင်းအလဲကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေကြဆဲပါ။
ဂျပန်နိုင်ငံကတော့ အခုချိန်ထိ အခြေအနေကောင်းနေဆဲပါပဲ။ စတော့ဈေးကွက်က မျှော်မှန်းချက်အတိုင်း တိုးတက်လာသလို ယန်းငွေတန်ဖိုးကျလာတာကလည်း ကုန်ပစ္စည်းတင်ပို့မှုအတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်။
လက်ရှိအမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ငွေကြေးမူဝါဒ အပြောင်းအလဲတွေအတွက် ဖြစ်လာနိုင်ခြေနှစ်ရပ်ကိုတော့ အမေရိကန်ကုန်သွယ်ရေးကော်ပရေးရှင်း (S&P Global) ရဲ့ စီးပွားရေးပညာရှင်အဖွဲ့ အကြီးအကဲကော်ပရေးရှင်းအမှုဆောင် ဒုတိယဥက္ကဋ္ဌ ပေါလ်ရှာရက်က အခုလိုသုံးသပ်ပြပါတယ်။
မူဝါဒအပြောင်းအလဲကြောင့် ဖြစ်လာနိုင်ခြေတစ်ခုကတော့ အမေရိကန်ရဲ့ စီးပွားရေးပြန်လည်ဦးမော့လာပြီး လုပ်အားဈေးကွက်ကို ထိထိရောက်ရောက်စီမံဆောင်ရွက်လာနိုင်လို့ ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်ရေးနဲ့ အခြေခံအဆောက်အအုံလုပ်ငန်းတွေမှာ လူတိုင်းအလုပ်အကိုင်အခွင့်အလမ်း ရရှိလာနိုင်ပါတယ်။ ဒီလိုဖြစ်နိုင်ခြေမှာတော့ ဒေါ်နယ်ထရန့်ကို လူတွေရဲ့ ငြိုငြင်မှုလည်း လျော့ကျသွားမှာပါ။ ဒီလိုဖြစ်ခဲ့မယ်ဆိုရင်တော့ အာရှမှာ တချို့ငွေကြေးတန်ဖိုးတွေ ကျဆင်းသွားနိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက အမေရိကန်ရဲ့စီးပွားရေးက ပြန်လည်ခေါင်းထောင်လာနိုင်ခြင်းမရှိဘဲ အလုပ်လက်မဲ့လူဦးရေလည်း မြင့်တက်သွားနိုင်ပါတယ်။ ဒါက ဒေါ်လာတန်ဖိုးမြင့်တက်လာမှုနဲ့ အာရှငွေကြေး တန်ဖိုးကျဆင်းမှုတွေ ပေါင်းစပ်ပြီး ကုန်သွယ်ရေးအားပြိုင်မှုတစ်ရပ် ပေါ်ပေါက်လာနိုင်ပါတယ်။
''နောက်တစ်နှစ်၊ နှစ်နှစ်အတွင်း ကျွန်တော်တို့ ယုံကြည်တာကတော့ စီးပွားရေးကျဆင်းနေချိန်မှာ အန္တရာယ်များတဲ့ အပြောင်းအလဲတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေပါပဲ'' လို့ လန်ဒန်အခြေစိုက်စီးပွားရေး သုတေသနဌာန Capital Economics ရဲ့ အမေရိကန်စီးပွားရေးပညာရှင်အဖွဲ့အကြီးအကဲ ပေါလ်အက်ရှ်ဝေါ့သ် က ပြောပါတယ်။
ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ဝေဖန်ခံရမှုတွေကို တိုင်းတစ်ပါးကို အပြစ်ပုံချလာနိုင်ပြီး မဲဆွယ်စည်းရုံးရေးကာလမှာ ဟောပြောစည်းရုံးခဲ့တဲ့ စကားတွေက လက်တွေ့အသုံးပြုတဲ့ မူဝါဒတွေ ဖြစ်လာနိုင်တယ်လို့လည်း ပေါလ်အက်ရှ်ဝေါ့သ်က သုံးသပ်ပါတယ်။ အမေရိကန်ဗဟိုဘဏ်အနေနဲ့ ဒေါ်နယ်ထရန့်ရဲ့ ပထမသက်တမ်းအစောပိုင်းကာလ လုပ်ဆောင်ချက်တွေအပေါ်မူတည်ပြီး ဘဏ်အတိုးနှုန်းအတက်အကျကို ထိန်းသိမ်းနိုင်တဲ့ အခွင့်အလမ်းရှိနိုင်ပါတယ်။
အစိုးရသစ်အနေနဲ့ အခွန်နဲ့ကုန်သွယ်ရေးမူဝါဒဆိုင်ရာ ဥပဒေတွေကို ၂၀၁၂ ခုနှစ် အစောပိုင်းလတွေမှာ မပြဋ္ဌာန်းနိုင်ဘူးဆိုရင် အမေရိကန်ဗဟိုဘဏ်ရဲ့ သုံးကြိမ်ဘဏ်တိုးမြှင့်တင်မယ့် အစီအစဉ်က မဖြစ်နိုင်ဘူးလို့ စီးပွားရေးဆိုင်ရာ သုတေသနဌာန Barclays Research က မိုက်ကယ်ဂါပင်က ထင်မြင်ချက်ပေးပါတယ်။ အခုနှစ်အစောပိုင်းလတွေမှာ အခွန်မူဝါဒကြောင့် စီးပွားရေးတိုးတက်မှုနှေးကွေးတာက အခုနှစ်အစောပိုင်း ဗဟိုဘဏ်ရဲ့ အတိုးနှုန်းမြှင့်တင်မှုကို အဟန့်အတားဖြစ်စေလိမ့်မယ်လို့ Barclays Research မိုက်ကယ်ဂါပင်က သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။
ကိုဇေ (ရေဦး)