နေသာတဲ့နေ့တစ်နေ့မှာ ယုန်တစ်ကောင်ဟာ သူနေထိုင်တဲ့ လှိုဏ်ခေါင်းအဝမှာထိုင်ပြီး ကွန်ပျူတာရိုက်နေပါသတဲ့။ အဲဒီအချိန်မှာ မြေခွေးတစ်ကောင်ရောက်လာပြီး ဘာတွေရိုက်နေတာလဲလို့မေးတော့ ကျွန်တော်စာတမ်းပြုစုနေတာပါလို့ ဆိုပါတယ်။ ဘာအကြောင်း စာတမ်းပြုနေတာလဲလို့ထပ်မေးတော့ 'ယုန်တွေက မြေခွေးတွေကို ဘယ်လိုစားသလဲ' ဆိုတဲ့အကြောင်းပါလို့ ဖြေလိုက်သတဲ့။ ဒီတော့ မြေခွေးက လှောင်ပြောင်ရယ်မောလိုက်ပြီး ''ယုန်ဆိုတာ မြေခွေးကို မစားနိုင်ဘူးဆိုတာ အရူးတောင် သိပါတယ်ကွာ'' လို့ ပြောသတဲ့။
ဒီတော့ ယုန်က ''ဒါဆို လာလေ၊ ခင်ဗျားကို ကျွန်တော်လက်တွေ့ပြမယ်'' ဆိုပြီး သူ့လှိုဏ်ခေါင်းထဲ ခေါ်သွားသတဲ့။ ခဏကြာတော့ ယုန်ဟာ မြေခွေးရဲ့ အရိုးကိုကိုက်ပြီး ပြန်ထွက်လာတဲ့နောက် ကွန်ပျူတာနဲ့ စာတမ်းပြုစုတဲ့အလုပ် ဆက်လုပ်နေသတဲ့။ မကြာမီ ဝံပုလွေတစ်ကောင်ရောက်လာပြန်ပြီး ဘာတွေလုပ်နေတာလဲလို့ မေးပြန်သတဲ့။ စာတမ်းပြုစုနေကြောင်းဖြေတော့ စာတမ်းခေါင်းစဉ်ကို မေးပြန်ရော။ ယုန်က 'ယုန်တွေက ဝံပုလွေတွေကို ဘယ်လိုစားသလဲ' ဆိုတဲ့အကြောင်းလို့ ဖြေလိုက်ပြန်သတဲ့။ ဝံပုလွေက ''မင်း ဒီလိုအဓိပ္ပာယ်မရှိတဲ့ စာတမ်းမျိုးကို ပုံနှိပ်ထုတ်ဝေဖို့ စိတ်ကူးနေတာတော့ မဟုတ်လောက်ပါဘူးနော်'' လို့ ပြောသတဲ့။ ယုန်က ''ဒီလို ဘယ်ဟုတ်ပါ့မလဲ၊ ဒါက တကယ်ဖြစ်နိုင်တဲ့ ဟာပါဗျာ၊ ခင်ဗျားမယုံရင် ဝင်ကြည့်လေ'' လို့ ပြောပြီး လှိုဏ်ခေါင်းထဲခေါ်သွားသတဲ့။ ခဏနေတော့ ဝံပုလွေရဲ့အသားတစ်တုံးကိုက်ပြီး ပြန်ထွက်လာပြန်ကာ ကွန်ပျူတာကို ဆက်ရိုက်နေတာပေါ့။
အဲဒီအချိန်မှာ ဝက်ဝံတစ်ကောင်ရောက်လာပြီး ယုန်စာတမ်းပြုစုနေတယ်ဆိုတာသိရတော့ စာတမ်းခေါင်းစဉ်ကို မေးပြန်ရော။ ယုန်က 'ယုန်တွေ ဝက်ဝံတွေကို ဘယ်လိုစားသလဲ' ဆိုတဲ့ အကြောင်းပါလို့ ဖြေပြန်တယ်။ ဝက်ဝံက ယုတ္တိမရှိတာတွေ မပြောပါနဲ့ကွာဆိုတော့ ယုန်က ''ကျွန်တော့်အိမ်ကို လိုက်ခဲ့လေ၊ ခင်ဗျားကို လက်တွေ့ပြပါမယ်'' လို့ဆိုပြီး လှိုဏ်ခေါင်းထဲ ခေါ်သွားသတဲ့။ လှိုင်ခေါင်းထဲရောက်တော့ အထဲမှာအခန့်သားထိုင်ပြီး သားကောင်ကိုစောင့်နေတဲ့ ခြင်္သေ့နဲ့ မိတ်ဆက်ပေးလိုက်ပါရောတဲ့။
ဥပဒေသ။ ။ အကောင်အထည်ဖော်ဆောင်ရွက်ရသူအနေဖြင့် လုပ်နိုင်ဖွယ်လုံးဝမရှိသောအလုပ်မျိုးကို သူ့နောက်ကွယ်မှာ စီမံခန့်ခွဲသူကောင်းကောင်း၏ အပြည့်အ၀ ကူညီပံ့ပိုးမှုဖြင့် ဖော်ဆောင်နိုင်ပါလိမ့်မည်။ သို့သော် ထိုသူမျိုးမရှိသောတစ်နေ့တွင် သူကိုယ်တိုင်ဘာကိုမှ မည်မည်ရရ ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ပါ။
အပြုံးဖြင့်စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ။
ရီနေနိုင်