နှစ်စဉ်ဂေါက်သီးမေဂျာပြိုင်ပွဲကြီးလေးပွဲရှိပေရာ မာစတာစ်ပြိုင်ပွဲ (Masters Tournament) အား ပထမဆုံးတွေ့ ကြရပါမည်။ ဧပြီလ၌ ဖြစ်သည်။ ဧပြီလ၏ ဒုတိယ တနင်္ဂနွေနေ့သည် ပြိုင်ပွဲ၏ နောက်ဆုံးနေ့ဖြစ်မြဲပါ။ အခြားမေဂျာပွဲကြီးများက ဂေါက်ကွင်းအများအပြား၌ လှည့်၍ကျင်းပသော်လည်း မာစတာစ်ကမူ အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်၊ အက်တ်လန်တာမြို့တော်အနီးရှိ သြဂတ်စ်တာမြို့၌တည်ရှိသော Augusta National ဂေါက်ကွင်းတစ်ကွင်းတည်း၌သာ နှစ်စဉ်ကျင်းပပါသည်။
မာစတာစ်ပြိုင်ပွဲအားကြီးမှူးကျင်းပသူမှာ ပီဂျီအေတိုးလည်း မဟုတ်ပါ။ ယူအက်စ်ဂျီအေလည်း မဟုတ်ပါ။ PGA of America လည်း မဟုတ်ပါ။Augusta National Golf Club ဖြစ်ပါသည်။ ဂေါက်ကလပ်တစ်ခုက ဤမျှကြီးကျယ်သော မေဂျာပွဲကြီးအားကြီးမှူးကျင်းပနိုင်သလား မေးရန်ရှိပါသည်။ ဤဂေါက်ကလပ်သည် အလွန်အရှိန်အဝါကြီးမားပါသည်။ ဤဂေါက်ကလပ်ကြီးအား ကမ္ဘာကျော်အမေရိကန်အပျော်တမ်း ဂေါက်သီးသမားကြီးဘော်ဘီဂျုံးစ်က မိတ်ဆွေဖြစ်သူ ကလစ်ဖို့ဒ်ရောဘတ်စ်နှင့်အတူ ပူးတွဲတည်ဆောက်ခဲ့ပြီးနောက် ၁၉၃၄ ခုနှစ်မှစ၍ မာစတာစ်ပြိုင်ပွဲကြီးကို စတင်ကျင်းပပေးခဲ့သည်။ ဘော်ဘီဂျုံးစ်သည် အပျော်တမ်းသမားဖြစ်သော်လည်း ယူအက်စ်အိုးပင်းလေးကြိမ်နှင့် ဗြိတစ်ရှ်အိုးပင်း သုံးကြိမ်ပရိုများကို ကျော်လွှားကာ ဗိုလ်စွဲခဲ့သည်။ ၁၉၃၀ ပြည့်နှစ်က သူသည် US Amateur ၊ US Open British Amateur ၊ British Open လေးပွဲစလုံးဗိုလ်စွဲခဲ့ပြီး Grand Slam ရခဲ့သည့် တစ်ဦးတည်းသော ဂေါက်သီးသမားအဖြစ် အကြီးအကျယ်ချီးကျူးဂုဏ်ပြုမှုခံခဲ့ရသည်။ Grand Slam ရခြင်းဟူသည် တစ်နှစ်တာအတွင်းရှိ မေဂျာပြိုင်ပွဲကြီးလေးပွဲစလုံးအား အောင်နိုင်ခြင်းဖြစ်ပါသည်။ ထိုကာလက မာစတာစ်ပြိုင်ပွဲကြီးမပေါ်ပေါက်သေးသည့်အပြင် PGA Championship သည်လည်း မေဂျာပြိုင်ပွဲမဟုတ်ခဲ့သေးပါ။ US Amateur နှင့် British Amateur ပြိုင်ပွဲများအား မေဂျာပြိုင်ပွဲများဟု ထိုစဉ်က သတ်မှတ်ခဲ့ပါသည်။
[caption id="attachment_29285" align="alignnone" width="423"]Bobby Jones[/caption]
ဘော်ဘီဂျုံးစ်သည် ပြိုင်ပွဲများမှ အသက် ၂၈ နှစ်အရွယ်တွင်ပင် အနားယူခဲ့သည်။ ယင်းနောက် သူအလွန်မြတ်နိုးလှသော ဂေါက်သီးအားကစားအတွက် သူ၏အိပ်မက်ထဲတွင်ရှိနေသော ဂေါက်ကွင်းကြီးကို ဖန်တီးလိုသောဆန္ဒအား အကောင်အထည်ဖော်သည့်အနေဖြင့် Augusta National ဂေါက်ကွင်းကြီးအား တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
ဘော်ဘီဂျုံးစ်နှင့် ကလစ်ဖို့ဒ်ရောဘတ်စ်တို့ မရှိကြသည့် နောက်ပိုင်းတွင်လည်း ကလပ်ကပ္ပတိန် အဆက်ဆက်သည် ဘော်ဘီဂျုံးစ်၏ဆန္ဒအတိုင်း ကလပ်ကြီးအား သေချာကျနစွာကိုင်တွယ်နိုင်ခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ ဤဂေါက်ကလပ်သည် အများနှင့် မသက်ဆိုင်သော သီးသန့်ဂေါက်ကလပ်ဖြစ်ပါသည်။ မန်ဘာအဖြစ်ဝင်ခွင့်ရရန် လျှောက်ထားနိုင်ပါသည်။ သို့သော် မန်ဘာကျရန် ဆယ်နှစ်ကျော်၊ အနှစ်နှစ်ဆယ်ကျော် စောင့်ရလေ့ရှိသည်။ မန်ဘာဖြစ်ပြီးသူများလည်း မကြာခဏထုတ်ပစ်ခံရတတ်သည်။ ကလပ်စည်းကမ်း မလိုက်နာ၍ဖြစ်သည်။ အလွန်စည်းကမ်းတင်းကျပ်သည်။ ဂေါက်ကွင်းနှင့် ကလပ်ဟောက်စ်တွင် အနေအထိုင်အပြောအဆို အလွန်ဆင်ခြင်ကြရသည်။ တစ်ချက်မှားသည်နှင့် မန်ဘာအဖြစ်က ပြုတ်ပါမည်။ မန်ဘာများသည် ဂေါက်ကွင်းနှင့် ဂေါက်ကလပ်အား ဘုရားကျောင်းကြီးတစ်ခုထက်မက ချစ်ကြောက်ရိုသေကျိုးနွံလေးမြတ်ကြရသည်။
ဤသို့အရှိန်အဝါကြီးလှသည့် ဂေါက်ကလပ်က ကြီးမှူးကျင်းပခဲ့သော မာစတာစ်ပွဲကြီးမှာ ၁၉၃၄ ခုနှစ်တွင်မှသာ စတင်ခဲ့ခြင်းဖြစ်ပေရာ မေဂျာပွဲကြီးလေးပွဲအနက် သက်တမ်းအနုဆုံးဖြစ်ပါသည်။ သို့သော် တချို့ဂေါက်သီးသမားများက ဗြိတစ်ရှ်အိုးပင်းနှင့် ယူအက်စ်အိုးပင်းတို့ထက် ဤမာစတာစ်ပွဲကြီးကိုမှ ပိုမိုဗိုလ်စွဲလိုကြသည်ဟု ဆိုကြသည်။ တည်ဆောက်ခဲ့သူ ဘော်ဘီဂျုံးစ်က ဤဂေါက်ကွင်းသည် ကိုယ်ရောစိတ်ပါ ထူးချွန်ထက်မြက်နေသူများသာ အနိုင်ရစေရန် ပုံစံဒီဇိုင်းချထားသည်ဟု ဆိုခဲ့ပါသည်။ ၁၈ ကျင်းစလုံးတွင် တစ်ချက်ကလေးမျှအလစ်မပေးဘဲ အာရုံစူးစိုက်ကစားနိုင်သည့် သူရဲကောင်းများသာ ဗိုလ်စွဲနိုင်ကြပါမည်။
၂၀၁၆ ခုနှစ်က ပြိုင်ပွဲတွင် လက်ရှိချန်ပီယံဂျော်ဒန်စပိသ်သည် နောက်ဆုံးနေ့ပထမကိုးကျင်းအပြီး ဒန်နီဝီးလက်အပေါ် ငါးချက်ပင်သာနေခဲ့သည်။ ကျင်း ၁၀ နှင့် ၁၁ တို့တွင် ဘိုဂီများပါသွားသည့်အခါ သုံးချက်သာဆဲဖြစ်ပါသည်။ ကျင်း ၁၂ ပါသရီးတွင်မှ ရေထဲသို့နှစ်ကြိမ်ကျကာ လေးချက်ပိုရိုက်မိခဲ့ပြီး ထပ်ဆင့်ချန်ပီယံဖြစ်မည့်အရေးနှင့် လွဲခဲ့ရသည်။ ဆုံးဖြတ်ချက်ပြတ်သားသူ၊ ပစ္စုပ္ပုန်မှာပဲ နေနိုင်သူ၊ အသွေးအကြောတွေ ခံနိုင်ရည်ရှိသူ၊ အသည်းကောင်းသူဖြစ်မှ ချန်ပီယံဖြစ်ပါမည်။
Augusta National ဂေါက်ကွင်းသည် အလွန်ရှည်လျားလှသည်တော့ မဟုတ်ပါ။ သို့သော် ဂရင်းတွေက ကျယ်ပြီးစောင်းနေကာ အလွန်မြန်သဖြင့် ခက်လှပါသည်။ သုံးကြိမ်ဗိုလ်စွဲခဲ့သူ ဆမ်စနိဒ် (Sam Snead) က ဂရင်းများမြန်ပုံအား ''ကျောက်လှေကား၏ ဒုတိယအောက်ဆုံးအထစ်၌ ဂေါက်သီးရပ်စေရန် အပေါ်ဆုံးလှေကားထစ်မှ ကျင်းစိမ်နေရသလိုပဲ'' ဟု ဥပမာပေးခဲ့သည်။
ဂရင်းများပေါ်မှ အလံတိုင်ဆီသို့ ချဉ်းကပ်ရိုက်ချက်များရိုက်သည့်အခါတွင်လည်း အလွန်တိကျရန်လိုပါသည်။ ကျရောက်သည့်နေရာလွဲသည်နှင့် တိုင်နှင့် ဝေးရာသို့ လိမ့်ဆင်းသွားပါလိမ့်မည်။ ဂရင်းအပြင်သို့လည်း ရောက်သွားနိုင်သည်။ ရေထဲသို့လည်း ကျသွားနိုင်သည်။ တစ်ကြိမ်မျှဗိုလ်မစွဲဖူးသော်လည်း လေးကြိမ်ဒုတိယရဖူးသည့် တွမ်ဝိုက်စ်ကော့ဖ် (Tom Weiskopf) က ဤဂေါက်ကွင်းသည် 2nd Shot Course ပါဟု ပြောခဲ့သည်။ ဆိုလိုသည်မှာ အလံတိုင်သို့ လှမ်းရိုက်ရသော ချဉ်းကပ်ရိုက်ချက်က အလွန်အရေးကြီးကြောင်းပါ။ ဤပွဲကြီးအား သုံးကြိမ်ဗိုလ်စွဲခဲ့သူ နစ်ခ်ဖယ်လ်ဒို (Nick Faldo) က ဂရင်းသို့ လှမ်းရိုက်ရာတွင် ဂရင်းပေါ်၌ ဂေါက်သီးမှန်ကန်စွာကျရောက်ရမည့်နေရာသည် ရေချိုးကန် Bathtub တစ်ခုစာထက်ပိုမကျယ်ကြောင်း ပြောခဲ့ပါသည်။
ဂေါက်ကလပ်ကြီး ကိန်းခန်းကြီးသည့်အခြားတစ်ချက်မှာ ပြိုင်ပွဲကာလအတွင်း မည်သည့်ကြော်ငြာဆိုင်းဘုတ်ကိုမျှ ထောင်ထားရန်ခွင့်မပြုခြင်းပါ။ မည်သူ့ကိုမျှလည်း လာရောက်ကြော်ငြာခွင့်မပေးပါ။ အခြားမည်သည့်ဂေါက်ပွဲများတွင်မဆို ငွေပေး၍ကြော်ငြာကြမြဲ ဖြစ်ပါသည်။ မာစတာစ်တွင်မူ မရပါ။ ငွေထက်တန်ဖိုးရှိသည့်အရာတွေ အများကြီးရှိသည်ဟူသော ခံယူချက်အပေါ် အစဉ်အမြဲ ပြတ်ပြတ်သားသား ရပ်တည်နေခဲ့သည့် ဂေါက်ကလပ်ကြီးပင်ဖြစ်ပါသည်။
ဂေါက်ကျင်း ၁၈ ကျင်းစလုံး၌ ထူးခြားသော ဝိသေသဂုဏ်ပုဒ်များ ရှိကြသည်။ တစ်ကျင်းစီအား အလွန်သတိထား၍ ကစားကြရသည်။ တစ်ချက်မှားသွားပါက ဘိုဂီရရန်ကိုသာ ရည်မှန်းသင့်သည်။ စွန့်စားမည်ဆိုပါက ဒပ်ဘယ်ဘိုဂီ၊ ထရစ်ပယ်ဘိုဂီများ ပါသွားတတ်သည်။ ဂေါက်ကွင်းတွင် ကိန်းဂဏန်းဆိုင်ရာ ထူးခြားချက်ရှိသည်။ တစ်ကျင်းစီ၏ သတ်မှတ် 'ပါ' (Par Rating) အချက်များအား တန်းစီကြည့်ပါလျှင် တစ်ကော်နာ၌ ကိန်းဂဏန်းပုံရိပ် (Palindrome) တစ်ခုစီတွေ့ရခြင်းပါ။ ပထမကော်နာ၏ ကျင်းတစ်မှ ကျင်းကိုးအထိ သတ်မှတ် 'ပါ' အချက်များမှာ ၄-၅-၄-၃-၄-၃-၄-၅-၄ ဖြစ်ရာ အလယ်ကောင်တည့်တည့်ရှိ ကျင်းအမှတ် ၅ နေရာပါဖိုးမှ ရှေ့နောက်ကြည့်လိုက်ပါလျှင် မှန်အရိပ် (Mirror Image) ဖြစ်နေခြင်း ဖြစ်ပါသည်။ ဒုတိယကော်နာကိုးကျင်း၏ သတ်မှတ် 'ပါ' အချက်များမှာလည်း ၄-၄-၃-၅-၄-၅-၃-၄-၄ ဖြစ်ရာ အလယ်ကောင်မှကြည့်ပါက ရှေ့နောက်သည် မှန်ရိပ်လိုဆင်တူဖြစ်နေပြန်ပါသည်။ ဤသို့ဖြစ်စေရန် ကွင်းဗိသုကာက တမင်ပုံဖော်ခဲ့သည်ဟုတော့ မှတ်တမ်းများမရှိခဲ့ပါ။ ကိန်းဂဏန်းဆိုင်ရာတိုက်ဆိုင်မှုသာဖြစ်ပြီး သင်္ချာဝါသနာရှင်များအတွက် သတိပြုမိစရာအချက်ဖြစ်ပါသည်။
ပြိုင်ပွဲမှာ ကြာသပတေးနေ့တွင် စတင်ပေရာ ပြိုင်ပွဲမတိုင်မီတစ်ရက်ဖြစ်သော ဗုဒ္ဓဟူးနေ့၌ထူးခြားသော ပွဲလမ်းအခမ်းအနားများ ရှိပါသည်။ ပထမတစ်ခုမှာ ''Par 3 Tournament'' ဖြစ်ပါသည်။ မာစတာစ်ပြိုင်ပွဲကျင်းပရာ သြဂတ်စ်တာနေရှင်နယ်ဂေါက်ကွင်းကြီးမှာ ၃၆၅ ဧကပင် ကျယ်ဝန်းပါသည်။ ၁၈ ကျင်းဂေါက်ကွင်းအပြင် ပါသရီးကျင်းချည့် ကိုးကျင်းသာရှိသော ဂေါက်ကွင်းငယ်တစ်ခုလည်းရှိသည်။ စုစုပေါင်းကိုက်အရှည် ၉၅၀ သာရှိပြီး ကိုက်တစ်ရာပင်မပြည့်သော ကျင်းများလည်း ပါဝင်သည်။ ဤပါသရီးပြိုင်ပွဲအား ၁၉၅၈ ခုနှစ်က စတင်ကျင်းပခဲ့သည်။ ပြိုင်ပွဲဝင်အားလုံးပါဝင်ကစားနိုင်သည်။ ပြိုင်ပွဲဝင်ခွင့်ရသူများစာရင်းတွင် ယခင်မာစတာစ် ချန်ပီယံဟောင်းများအားလုံးလည်း ပါဝင်ပေရာ အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်ကျော် ချန်ပီယံဟောင်းများသည် မာစတာစ်ပွဲကြီး၌ ပါဝင်ကစားခြင်းမပြုကြသော်လည်း ဤပါသရီးပွဲသို့မူ ပျော်ပျော်ပါးပါးဝင်ကစားလေ့ရှိပါသည်။ ဤပွဲတွင် ဆုကြေးမရှိပါ။ လက်ရည်ပြပွဲသက်သက်သာ ဖြစ်ပါသည်။ ဂရင်းများအားလုံးသည် ရေကန်စပ်၌ရှိကြပြီး ကွင်းလုံးညွတ်မျှ အားပေးနေကြသော ပရိသတ်ကလည်း ရှိသည်။
ပြိုင်ပွဲဝင်များသည် ထိုပါသရီးပွဲ၌ ကက်ဒီအဖြစ် မိမိရင်သွေးငယ်များ၊ ကလေးမရှိသူများက မိမိ၏ဇနီးသည် သို့မဟုတ် ရည်းစားများအား အသုံးပြုကြသည်။ ထိုပြိုင်ပွဲအတွက် ဂေါက်တုတ်ကလည်း များများမလိုပါ။ သုံးချောင်းလေးချောင်းသာ လိုသည်။ လေးနှစ်၊ ငါးနှစ်အရွယ်ကလေးများက ဖခင်အတွက် ကက်ဒီထမ်းပေးသည်။ နီးကပ်သော ကျင်းစိမ်ချက်ကလေးများ၌ ဖခင်လုပ်သူက ကျင်းမစိမ်တော့ဘဲ သားသမီးတို့အား သွင်းခိုင်းကြသည်။ အလွန်ပျော်စရာပြိုင်ပွဲလေး ဖြစ်ပါသည်။ ဟိုးလ်အင်ဝမ်းတွေလည်း နှစ်တိုင်းဝင်လေ့ရှိသည်။ ဗိုလ်စွဲသူသည် ဆုကြေးမရဘဲ မှတ်တမ်းသာ အတင်ခံရပါသည်။ မာစတာစ် ပြိုင်ပွဲရာဇဝင်၌ ဗုဒ္ဓဟူးနေ့ပါသရီးပြိုင်ပွဲဗိုလ်စွဲသူသည် တနင်္ဂနွေနေ့အဓိကပြိုင်ပွဲကြီးအပြီး၌ ဗိုလ်စွဲလေ့မရှိဟု အစဉ်အလာဖြစ်နေပါသည်။ ထို့ကြောင့်လား မသိပါ။ ယှဉ်ပြိုင်ကြသူများက အပျော်သဘောသာ သားသမီးကလေးငယ်များနှင့် ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါး ယှဉ်ပြိုင်လေ့ရှိကြပါသည်။
ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ချန်ပီယံများ၏ ညစာစားပွဲကျင်းပပါသည်။ ထိုညစာစားပွဲသို့ ချန်ပီယံဟောင်းများအားလုံးအား ဖိတ်ကြားပါသည်။ လက်ရှိချန်ပီယံက အစားအသောက်ကို ရွေးချယ်ပေးရသည်။ ထိုညစာစားပွဲအပြီးတွင် ယမန်နှစ်တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးသမားဆုသုံးဆုကို GWAA (Golf Writers Association of America) က ချီးမြှင့်သော အခမ်းအနားဆက်လာသည်။ ပီဂျီအေတိုး၊ အယ်လ်ပီဂျီအေတိုးနှင့် အသက်ငါးဆယ်ကျော်များ၏ ချန်ပီယံစ်တိုးများအတွက် ဖြစ်ပါသည်။ ယခုနှစ် ဧပြီလ ၅ ရက် ဗုဒ္ဓဟူးနေ့၌ ဆုချီးမြှင့် ခြင်းခံရမည့်သူများမှာ ပီဂျီအေတိုးအတွက် ဒပ်စ်တင်းဂျွန်ဆင်၊ အယ်လ်ပီဂျီအေတိုးအတွက် အာရီးယားဂျူတာနုဂန်းနှင့် ချန်ပီယံစ်တိုးအတွက် ဘန်းဟတ်လန်ဂါတို့ ဖြစ်ပါသည်။
သြဂတ်စ်တာနေရှင်နယ်ဂေါက်ကွင်းတွင် အာမင်ကော်နာ (Amen Corner) နှင့် ရေးချောင်းငယ် (Rae's Creek) တို့သည် အလွန်နာမည်ကြီးပါသည်။ မာစတာစ်ပြိုင်ပွဲကြီး၏ အဆုံးအဖြတ်တကယ်စတင်သည်က နောက်ဆုံးနေ့၏ အာမင်ကော်နာမှဖြစ်သည်ဟု ပြောစမှတ်ရှိခဲ့သည်။ အာမင်ကော်နာဟူသည် ဒုတိယကော်နာအား ပြောခြင်းမဟုတ်ပါ။ ကျင်းအမှတ် ၁၁၊ ၁၂ နှင့် ၁၃ သုံးကျင်းတည်ရှိနေသော နေရာကလေး၊ ထောင့်ချိုးကလေးအား ခေါ်ခြင်းသာဖြစ်ပါသည်။ ထိုသုံးကျင်းက အလွန်ခက်လှသည်။ ကျင်းတိုင်းတွင် ရေကန် သို့မဟုတ် ချောင်းက ရှိနေသည်။ ရိုက်ချက်တွေအများကြီး ကုန်သွားနိုင်သည်။ ရေးချောင်းငယ်သည် ကျင်း ၁၂ နှင့် ၁၃ အား ပတ်စီးနေသည်။ ကျင်း ၁၁ ဂရင်း၏ နောက်ဘက်မှ စတင်တွေ့ရှိနိုင်သော ထိုချောင်းငယ်သည် ၁၂ ဂရင်း၏ ရှေ့ဘက်နှင့် ညာဘက်မှ စီးဆင်းသွားကာ ကျင်း ၁၃ တီခုံ၏ ဘယ်ဘက်သို့ ရောက်သွားပါသည်။ ကျင်း ၁၃ တွင် ဖဲဝေးဘယ်ဘက်တောက်လျှောက်၌ရှိနေပြီး ဂရင်းရှေ့အရောက်တွင် ဖဲဝေးအား ကန့်လန့်ဖြတ်ကာ စီးဆင်းသွားပါသည်။
အာမင်ကော်နာနှင့် ရေးချောင်းငယ်အကြောင်း သိပြီဆိုပါလျှင် အဆိုပါသုံးကျင်းအား ဂရုပြု၍ စောင့်ကြည့်လိုက်ပါ။ ကမ္ဘာပေါ်တွင် အကောင်းဆုံးဟုဆိုနိုင်သည့် ပါဖိုးကျင်း၊ ပါသရီးကျင်းနှင့် ပါဖိုက်ကျင်းများဖြစ်ကြောင်း သိရှိလာပါလိမ့်မည်။ အာမင်ကော်နာက နောက်ဆုံးနေ့တွင် အဆုံးအဖြတ်ပေးသွားသောအဖြစ်အပျက် နမူနာများအား တင်ပြပါမည်။
[caption id="attachment_29289" align="alignnone" width="720"]Par 3 Tournament on Wednesday[/caption]
၁၉၃၇ ခုနှစ်က ဦးဆောင်နေသူရပ်ဖ်ဂူဒါးလ်သည် ကျင်း ၁၂ ပါသရီး၌ ဒပ်ဘယ်ဘိုဂီ၊ ကျင်း ၁၃ ပါဖိုက်၌ ဘိုဂီဖြစ်သွားပါသည်။ ဘိုင်ရွန်နယ်လ်ဆင်က ထိုနှစ်ကျင်းတွင် ဘာဒီနှင့် အီဂယ်ရခဲ့သည်။ ခြောက်ချက်ကွာခြားမှုက ထိုနှစ်ကျင်းမှာပင်ဖြစ်ခဲ့သည်။ ၁၈ ကျင်းအပြီးတွင် နယ်လ်ဆင်က နှစ်ချက်အသာဖြင့် ဗိုလ်စွဲသွားပါသည်။ ၁၉၅၉ ခုနှစ်က အာနိုးပါးလ်မားသည် ကျင်း ၁၂ ၌ ထရစ်ပယ်ဘိုဂီပါသွားပြီး ချန်ပီယံဆုအား လက်လွှတ်ခဲ့ရသည်။ အတ်ဝေါလ်ဗိုလ်စွဲသွားပါသည်။ ၁၉၇၈ ခုနှစ်က ဟူးဘတ်ဂရင်းသည် သုံးရက်အပြီး ခုနစ်ချက်သာနေရာမှ ကျင်း ၁၁ တွင် ဂရင်းနံဘေးရေကန်ထဲ ကျသည်မှစ၍ စကိုးစပျက်ခဲ့ပါသည်။ နောက်ဆုံးကျင်း၌ နှစ်ပေပတ်လွဲသည့်အခါ ဂယ်ရီပလေယာက တစ်ချက်အသာရပြီး ဗိုလ်စွဲသွားပါသည်။
၁၉၈၂ ခုနှစ်က ကရက်ဂ်စတက်ဒ်လာသည် ကိုးကျင်းသာကျန်ချိန်တွင် ဒန်ပိုးလ်အပေါ် ၁၁ ချက်သာ နေခဲ့သည်။ သို့သော် စတက်ဒ်လာသည် နောက်ဆုံးရှစ်ကျင်းအား ငါးချက်ပိုဖြစ်သွားခဲ့ပြီး ပိုးလ်ကကျင်း ၁၃- ၁၄-၁၅-၁၆ တို့တွင် အီဂယ်-အီဂယ်-ဘာဒီ-ဘာဒီရခဲ့ကာ ၁၈ ကျင်းအပြီးတွင် သူတို့နှစ်ဦးတိုက်သွားခဲ့သည်။ ကျင်းပြတ်ကျင်းပိုဆက်ကစားရာတွင် ကံကောင်းထောက်မစွာ စတက်ဒ်လာက 'ပါ' ရပြီး ဗိုလ်စွဲခဲ့ပါသည်။ ၁၉၈၅ ခုနှစ်က ကားတစ်စ်စထရိန့်ဂျ်သည် နှစ်ချက်အသာရနေရာမှ ကျင်း ၁၃ တွင် ချောင်းထဲကျခဲ့သည်။ ကျင်း ၁၅ တွင်ပါ ရေကန်ထဲထပ်ကျသည့်အခါ ဗိုလ်စွဲသူဘန်းဟတ် လန်ဂါနောက်နှစ်ချက် ရောက်သွားပါတော့သည်။
အထက်ဖော်ပြပါ အာမင်ကော်နာအပြင် ဒုတိယကော်နာတစ်ခုလုံးက နှစ်စဉ်နောက်ဆုံးနေ့တိုင်းတွင် အဆုံးအဖြတ်ပေးခဲ့ပါသည်။ ကျင်းများက အလွန်လှပပြီး အလွန်လည်းကြောက်စရာကောင်းသည်။ ကျင်းတိုများ ဖြစ်သည့် ကျင်း ၁၂ နှင့် ၁၆ တို့သည် ရှည်လျားခြင်းမရှိ သော်လည်း ဂရင်းအနေအထားနှင့် ရေရှိနေသည့် အခြေအနေတို့ကြောင့် ဘာဒီရသွားနိုင်သလို ထရစ်ပယ်ဘိုဂီလည်း ဖြစ်သွားနိုင်သည်။ ကျင်း ၁၃ နှင့် ၁၅ ပါ ဖိုက်နှစ်ကျင်းသည်လည်း နှစ်ချက်နှင့်ရောက်နိုင်သော ကျင်းများဖြစ်ပါသည်။ သို့သော် ချောင်းငယ်၊ ရေကန်များရှိနေပုံနှင့် ဂရင်းများစောင်းနေပုံအရ အီဂယ်၊ ဘာဒီများ ရသွားနိုင်သလို ဒပ်ဘယ်ဘိုဂီလည်း ဖြစ်သွားတတ်ပါသည်။
မာစတာစ်ပြိုင်ပွဲကြီးအား အကြိမ်အများဆုံး ဗိုလ်စွဲသူမှာ ကမ္ဘာကျော်ဂန္တဝင်ဂေါက်သီးသမားကြီး ဂျက်ခ်နစ်ကလပ်စ်ဖြစ်ပါသည်။ သူက ခြောက်ကြိမ်ဗိုလ်စွဲခဲ့သည်။ ၁၉၈၆ ခုနှစ်က နောက်ဆုံးအကြိမ် ဗိုလ်စွဲခဲ့စဉ်တွင် သူ့အသက်က ၄၆ နှစ်ပင် ရှိခဲ့ပါသည်။ ကွယ်လွန်သွားပြီဖြစ်သော ဂန္တဝင်ဂေါက်သီးကျော်ကြီး အာနိုးပါးလ်မားနှင့် ယနေ့ ၄၁ နှစ်ရှိ တိုက်ဂါးတို့က လေးကြိမ်စီအောင်ပွဲရခဲ့သည်။ ဖီးလ်မစ်ကယ်ဆင်က သုံးကြိမ် ဗိုလ်စွဲထားပါသည်။ မစ်ကယ်ဆင်သည် အသက် ၄၆ နှစ်ရှိပြီဖြစ်သော်လည်း လက်စွမ်းပြဆဲဖြစ်ပေရာ ယခုနှစ်တွင်လည်း သူ့အားစောင့်ကြည့်ရပါမည်။ တိုက်ဂါးလည်း မကြာခဏ ကိုယ်ခန္ဓာနာကျင်မှုများကြောင့် ပြိုင်ပွဲဝင်မှုကျဲသွားသော်လည်း မာစတာစ်သို့မူ ပါဝင်ကစားမည်ဟု ခန့်မှန်းထားကြပါသည်။
ယခုနှစ်အတွက် တစ်ပေးခြင်းခံရသူများတွင် ဂျော်ဒန်စပိသ်ကထိပ်ဆုံးမှ ဖြစ်ပါသည်။ သူ့နောက်တွင် ကမ္ဘာ့နံပါတ် ၁ ပူပူနွေးနွေး ဒပ်စ်တင်းဂျွန်ဆင်၊ ရော်ရီ မက်ကဲလ်ရွိုင်း၊ ဂျေဆင်ဒေး၊ ဟီဒဲခိမာဆုယားမား၊ ဟင်းန်ရစ်ခ်စတန်ဆင်တို့ ရှိနေကြသည်။ လက်ရှိချန်ပီယံ ဒန်နီဝီးလက်မှာမူ လက်ကျနေသဖြင့် သူ့အားသိပ်မတွက်ကြပါ။
မာစတာစ်သည် မေဂျာလေးပွဲ၌ ပြိုင်ပွဲဝင်ခွင့် ပြုသူဦးရေအနည်းဆုံးဖြစ်ပါသည်။ လက်ရည်စစ်ပွဲလည်း မရှိပါ။ သတ်မှတ်ချက်နှင့် ကိုက်ညီသူများသာ ဝင်ခွင့်ရကြသည်။ အချို့နှစ်များ၌ လူကိုးဆယ်ပင် မပြည့်ခဲ့ပါ။ ဝင်ခွင့်ပြုသောမူများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ချန်ပီယံဖြစ်ခဲ့သူများအားလုံး
(၂) လွန်ခဲ့သည့် ငါးနှစ်အတွင်းက US Open တွင် ချန်ပီယံဖြစ်ခဲ့သူများ
(၃) လွန်ခဲ့သည့် ငါးနှစ်အတွင်းက British Open တွင် ချန်ပီယံဖြစ်ခဲ့သူများ
(၄) လွန်ခဲ့သည့် ငါးနှစ်အတွင်းက PGA Championship တွင် ချန်ပီယံဖြစ်ခဲ့သူများ
(၅) လွန်ခဲ့သည့် သုံးနှစ်အတွင်းက Players Championship တွင် ချန်ပီယံဖြစ်ခဲ့သူများ
(၆) ယမန်နှစ် Masters ပြိုင်ပွဲတွင် ထိပ်ဆုံး ၁၂ ဦး အဆင့်ထဲဝင်သူများ
(၇) ယမန်နှစ် US Open ပြိုင်ပွဲတွင် ထိပ်ဆုံးလေးဦး အဆင့်ထဲဝင်သူများ
(၈) ယမန်နှစ် British Open ပြိုင်ပွဲတွင် ထိပ်ဆုံးလေးဦးအဆင့်ထဲဝင်သူများ
(၉) ယမန်နှစ် PGA Championship ပြိုင်ပွဲတွင် ထိပ်ဆုံးလေးဦး အဆင့်ထဲဝင်သူများ
(၁၀) ယမန်နှစ်မာစတာစ်ပြိုင်ပွဲကာလမှ ယခုနှစ် မာစတာစ်ပြိုင်ပွဲကာလအတွင်း ပီဂျီအေတိုးပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့သူများ
(၁၁) ယမန်နှစ် Tour Championship သို့ ဝင်ခွင့်ရခဲ့သူ လူသုံးဆယ်
(၁၂) ယခင်ပြက္ခဒိန်နှစ်အကုန်တွင် ကမ္ဘာ့အဆင့်၌ရှိနေခဲ့သော ထိပ်ဆုံးလူငါးဆယ်
(၁၃) ယခုနှစ်မာစတာစ်ပြိုင်ပွဲမတိုင်မီ ရက်သတ္တပတ်တွင် ကမ္ဘာ့အဆင့်၌ ရှိနေသည့် ထိပ်ဆုံးလူငါးဆယ်
ထို့အပြင် အပျော်တမ်းဂေါက်သီးသမားများကိုလည်း ဖိတ်ကြားပါသည်။ အောက်ပါမူများအရဖြစ်ပါသည်။
(၁) US Amateur ပြိုင်ပွဲ၏ လက်ရှိချန်ပီယံနှင့် ဒုတိယနေရာရခဲ့သူ
(၂) British Amateur ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ
(၃) Asia-Pacific Amateur ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ
(၄) Latin America Amateur ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ
(၅) Latin America Amateur ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ
သြဂတ်စ်တာနေရှင်နယ်ဂေါက်ကလပ်က အခြားမည်သူမဆို ဖိတ်ကြားနိုင်သည့် မူတစ်ချက်လည်းရှိပါသည်။ ထိုမူအရ အမေရိကန်မဟုတ်သော နိုင်ငံတကာ ဂေါက်သီးသမားများထဲမှ လက်ရည်လက်စွမ်း ထက်မြက်သောသူများအား ဖိတ်ကြားလေ့ရှိပါသည်။ ဥပမာအားဖြင့် ထိုင်းမှ ထုံချိုင်းဂျိုင်းဒီးက တစ်နှစ်တွင် ထိုမူအောက်မှ ပါဝင်ကစားခွင့်ရခဲ့ပါသည်။
မာစတာစ်တွင် ဗိုလ်စွဲနိုင်ခြေရှိသူများအား ခန့်မှန်းရာ၌ ယခုရာသီအတွင် ပီဂျီအေတိုး၌ အောင်ပွဲရနေသူများ ဗိုလ်စွဲနိုင်မည်လောဟူသည့် အချက်အပေါ် ဂေါက်သီးကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြပါသည်။ ယခု ၂၀၁၆-၂၀၁၇ ရာသီတွင် ပီဂျီအေတိုးပြိုင်ပွဲဗိုလ်စွဲခဲ့သူများစာရင်း၌ တစ်ကြိမ်မက အောင်ပွဲရခဲ့ကြသူနှစ်ဦးမှာ ဂျပ်စ်တင်တွမ်မတ်စ် သုံးကြိမ်၊ ဒပ်စ်တင်းဂျွန်ဆင်နှင့် ဟီဒဲခိမာဆုယားမားတို့ နှစ်ကြိမ်စီ ပါဝင်ပါသည်။ တွမ်မတ်စ်က ကမ္ဘာ့အဆင့် ၈ သို့ ရောက်နေပြီး မာဆုယားမားကလည်း ကမ္ဘာ့အဆင့် ၄ သို့ ရောက်နေပါသည်။ ကမ္ဘာ့အဆင့် ၆ ဂျော်ဒန်စပိသ်နှင့် ကမ္ဘာ့အဆင့် ၉ ရစ် ကီဖောင်လာတို့လည်း ယခုရာသီ၌အောင်ပွဲရခဲ့ကြပြီး ဖြစ်ပါသည်။
အနီးကပ်ဆုံးခုနှစ်များအား ပြန်ကြည့်ပါသော် စပိသ်ဗိုလ်စွဲစဉ်က မာစတာစ်အကြိုအောင်ပွဲရခဲ့ပြီး ဘတ်ဘာဝပ်တ်ဆင် ဗိုလ်စွဲသော နှစ်ကြိမ်စလုံးတွင်မူ မာစတာစ်အကြိုအောင်ပွဲမရခဲ့ပါ။ လွန်ခဲ့သော နှစ်သုံးဆယ်အား ပြန်ကြည့်သည့်အခါ ၁၄ နှစ်တွင်မာစတာစ်ချန်ပီယံများသည် သူဗိုလ်စွဲသော ရာသီအတွင်း၌ အခြားပီဂျီအေတိုးအောင်ပွဲများမရခဲ့ကြောင်း တွေ့ရပါသည်။ သို့သော် ရှစ်နှစ်တွင်မူ ထိုရာသီ၏ မတ်လအတွင်း ပီဂျီအေတိုးအောင်ပွဲရခဲ့သူများက မာစတာစ်တွင် ဆက်လက်ဗိုလ်စွဲခဲ့ကြောင်း တွေ့ရပြန်ပါသည်။ မာစတာစ်မတိုင်မီ ပီဂျီအေတိုးရာသီပြိုင်ပွဲတစ်ပွဲမက ဗိုလ်စွဲခဲ့သူများ မာစတာစ်၌ ဆက်လက်အောင်ပွဲရမှုအား ပြန်ကြည့်သည့်အခါ လေးကြိမ်တွေ့ရပါသည်။ ၁၉၈၈ ခုနှစ်က ဆန်ဒီလိုင်းသည် ပီဂျီအေတိုးပွဲနှစ်ပွဲကို လည်းကောင်း၊ ၂၀၀၃ ခုနှစ်က မိုက်ခ်ဝီယာသည် ပီဂျီအေတိုးနှစ်ပွဲကိုလည်းကောင်း၊ တိုက်ဂါးက ၂၀၀၁ နှင့် ၂၀၀၅ ခုနှစ်များက ပီဂျီအေတိုးနှစ်ပွဲကိုလည်းကောင်း မာစတာစ်မတိုင်မီ ဗိုလ်စွဲနိုင်ခဲ့ကြပါသည်။
တိုက်ဂါးမှာ သူမာစတာစ်အောင်ပွဲရခဲ့သော အခြားနှစ်ရာသီတွင်လည်း မာစတာစ်အကြိုအောင်ပွဲ တစ်ပွဲစီရခဲ့ပါသေးသည်။ မာစတာစ်၌ ချန်ပီယံဖြစ်ခဲ့ဖူးသူတိုင်းသည် ပီဂျီအေတိုး သို့မဟုတ် ဥရောပတိုး၌ အဆိုပါမာစတာစ်ချန်ပီယံဖြစ်သော နှစ်မတိုင်မီကတည်းက အနည်းဆုံးအောင်ပွဲတစ်ပွဲတော့ ရခဲ့ပြီးသူများချည်း ဖြစ်ကြပါသည်။ ဤအစဉ်အလာအရဆိုပါမူ မာစတာစ်သို့ ယခုနှစ်ဝင်ခွင့်ရသူများအနက် ယခင်အောင်ပွဲမတွေ့ခဲ့ရသေးသူများ ဗိုလ်စွဲရန်မဖြစ်နိုင်ဟု ဆိုရပါလိမ့်မည်။
သြဂတ်စ်တာနေရှင်နယ်ဂေါက်ကွင်းကြီးအား ဖန်တီးပေးခဲ့သူ ဘော်ဘီဂျုံးစ်ပြောခဲ့သလိုပင် ဂေါက်သီးစွမ်းရည် ထက်မြက်နေကြသူများအနက်မှ ကိုယ်ရောစိတ်ပါ အာရုံစူးစိုက်၍ တစ်ချက်ကလေးမျှ အလစ်မပေးဘဲ ကစားနိုင်မည့် အသည်းကောင်းသူချန်ပီယံ ယခုနှစ်တွင် မည်သူဖြစ်မည်ကို ဧပြီလဒုတိယပတ်တွင် တွေ့ကြရပါတော့မည်။
ဝင်းမြင့်သိန်း