စိုးရိမ်ကြောင့်ကြမှုတွေကိုလျှော့ချပေးနိုင်မယ့် နည်းလမ်း ၁၀ မျိုး

သင့်အနေနဲ့ အရာရာတိုင်းအတွက်အမြဲစိတ်ပူနေတတ်တယ်၊ အနားမရဘူးလို့ခံစားနေရတယ်၊ တစ်ခုခုအပေါ် အာရုံစိုက်ဖို့အမြဲလိုခက်ခဲနေတတ်တယ်ဆိုရင် သေချာပါတယ် သင့်မှာစိုးရိမ်ကြောင့်ကြမှုတွေရှိနေပါပြီ။ ဒါကလည်း အခုခေတ်ကာလကြီးမှာ လူအနည်းနဲ့အများမဆိုခံစားနေရတ်တဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဒီစိုးရိမ်ကြောင့်ကြနေတတ်မှုကို ဆေးဝါး၊ တိုင်ပင်ခံများနှင့်ဆွေးနွေးအကူအညီယူခြင်း၊ သင့်ကိုယ်သင်ဂရုစိုက်အလေးထားမှုအလေ့အကျင့်လုပ်ခြင်း စသဖြင့်တို့ကနေ ပြန်လည်ကောင်းမွန်လာအောင်လုပ်ယူနိုင်ပါတယ်။ ပထမဆုံးတော့ သင့်ရဲ့စိုးရိမ်ကြောင့်ကြမှုတွေက ဘာကြောင့်ဖြစ်တယ်ဆိုတာ သင့်ဘာသာအရင်သိအောင်လုပ်ရပါမယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ ၁၀ ချက်ကတော့ စိုးရိမ်ကြောင့်ကြမှုဝေဒနာတွေခံစားနေရတဲ့အခါမှာ သင်ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းလို့ရနိုင်မယ့် လက်တွေ့အသုံးကျအကြံပေးချက်လေးတွေဖြစ်ပါတယ်။

ခဏအရာရာကိုရပ်ထားလိုက်ပါ – စိုးရိမ်ပူပန်မှုကြောင့်ကြမှုတွေက သင့်ကိုအမြဲ ဘေးအန္တရာယ်တွေဆီကနေ ပြေးနေရသလိုခံစားစေပါတယ်။ တကယ်လို့သင်သာ အရာရာဆီကနေ ခဏရပ် အသက်ပြင်းပြင်းရှူကာ နားနေလိုက်ရင် အမြဲတမ်းလိုဒုက္ခဗျာပါဒများနေတာချည်းပဲလည်းမဟုတ်ဘဲ ကမ္ဘာကြီးက ချောမွေ့စွာလည်ပတ်နေပါတယ်ဆိုတာကို သတိထားမိစေပါလိမ့်မယ်။

အာဟာရပြည့်ဝအောင်နေပါ – စိုးရိမ်ပူပန်မှုတွေသိပ်များတဲ့အခါ အစာစားချင်စိတ်ကိုပျက်စေပါတယ်။ ဒါမှမဟုတ်လည်း သရေစာတွေအလွန်အကြွံစားမိစေပါတယ်။ ဒါဆို လူရောစိတ်ပါပိုအခြေအနေဆိုးပါရော။ ဒါကြောင့် တတ်နိုင်သမျှ သဘာဝအစားအစာကိုစားပါ (ပြန်လည်ပြုပြင်ထားခြင်းမရှိတဲ့အစားအစာများကိုဆိုလိုပါတယ်) ၊ အရွက်အသီးတွေ၊ အသားဓာတ်ကြွယ်ဝတဲ့စားသောက်ဖွယ်တွေနဲ့ သရေစာဆိုလည်း အားအင်ပြည့်စေတဲ့ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့ အရာတွေကိုစားပေးပါ။

ဆိုရှယ်မီဒီယာကနေခဏနားပါ – လူအများစုအတွက် လူမှုကွန်ရက်တွေက သင့်ကို လူအများနဲ့ အဆက်အသွယ်မပြတ်ထိတွေ့နေစေတယ်၊ ဒါပေမဲ့ ဒါကပဲစိုးရိမ်ကြောင့်ကြပူပန်စေမှုတွေရဲ့အစဖြစ်တယ်ဆိုတာကိုလည်း အားလုံးလက်ခံထားကြပါတယ်။ တကယ်လို့မဖြစ်မနေ အွန်လိုင်းတက်ဖို့လိုတယ်ဆိုရင်တောင်မှ အလုပ်အတွက်လိုအပ်တာပဲ၊ ဒါမှမဟုတ် လူမှုကွန်ရက်ပတ်ဝန်းကျင်ကောင်းလေးကိုသာ ရွေးချယ်တတ်ပါစေ။ ကိုယ့်အတွက်စိုးရိမ်ပူပန်မှုတွေတိုးစေမယ့် site ၊ group ၊ page နဲ့ sources တွေကို ရှောင်ပါ။

ကဖင်းနဲ့အရက်ကို အကန့်အသတ်ရှိပါ – စိတ်ကြွစေတဲ့အရာတွေက စိုးရိမ်ပူပန်စိတ်တွေကိုလည်းတိုးစေတတ်တယ်၊ အများကြီးသုံးစွဲမိရင် panic attack တောင်ရစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းနဲ့အရက်အမျိုးမျိုးအစား ဆိုဒါရေ၊ ကဖင်းဓာတ်ထုတ်ထားတဲ့ကော်ဖီ၊ ဒါမှမဟုတ် ဆေးဖက်ဝင်လက်ဖက်ရည် စတာတွေကိုပြောင်းသောက်ကြည့်ပါ။ ဒီနေရာမှာလည်း တခြား စိတ်ဖိစီးမှုလျော့ကျစေတဲ့အရာမှန်သမျှကိုလည်း အကန့်အသတ်လေးနဲ့သာ သောက်ပါ၊ သုံးစွဲရပါမယ်။ တန်ဆေးလွန်ဘေးပါ။

လုံလုံလောက်လောက်အိပ်စက်ပါ – စိုးရိမ်ကြောင့်ကြစိတ်တွေများနေရင် အိပ်ပျော်ဖို့ခက်ခဲပါတယ်။ အိပ်ရေးပျက်ရင်လည်း စိုးရိမ်ကြောင့်ကြမှုကြောင့်ဖြစ်တဲ့လက္ခဏာတွေက ပိုစိုးလာပါတယ်။ ဒါကြောင့် ဒီလိုကြက်ဥတစ်လှည့်ကြက်မတစ်လှည့်ဖြစ်နေတဲ့သံသရာကိုဖြတ်ပစ်ရပါမယ်။ ကဖင်းရှောင်တာ၊ ကိုယ့်အတွက်စိတ်သက်သောင့်သက်သာဖြစ်စေမယ့်သံစဉ်တွေနားထောင်တာ၊ စာအုပ်ဖတ်တာ၊ အိပ်ခါနီး ဖုန်း/တက်ဘလက်/ကွန်ပျူတာတွေမသုံးတာ၊ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ မီးရောင်နဲ့ သင့်အိပ်ပျော်နိုင်မှုအတွက်တွန်းအားဖြစ်စေမယ့် အိပ်ရာပတ်ဝန်းကျင်ကောင်းအောင်ချိန်ညှိတာ … စသဖြင့် အမျိုးမျိုးလုပ်ပါ။ တကယ်လို့ မရရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးစားသင့်ရင်စားရပါမယ်။

လေ့ကျင့်ခန်းလုပ်ပါ – ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနေ့တိုင်းတစ်မျိုးမဟုတ်တစ်မျိုးလုပ်ပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေလှုပ်ရှားနေတာက စွမ်းအင်တွေလောင်ကျွမ်းစေပြီး ဦးနှောက်ထဲ ချမ်းမြေ့သက်သာစေတဲ့ဓာတ်ကိုထွက်စေပါတယ်။ ဘယ်လောက်ပဲသေးငယ်တဲ့လေ့ကျင့်ခန်းဖြစ်စေ စွဲစွဲမြဲမြဲပုံမှန်လုပ်ကြည့်ပါ။

အသက်၀၀ရှူပါ – ၀၀နဲ့ရင်ခေါင်းတစ်ခုလုံးသုံးပြီးအသက်ရှူတဲ့နည်းက အကြည်ဓာတ်ကလေးရှိစေပါတယ်။ ဝင်သက်နဲ့ထွက်သက်ကို အချိန်တူနိုင်သမျှတူအောင်လုပ်ပါ။ နေ့စဉ် စိတ်နှစ်အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် စိုးရိမ်ကြောင့်ကြစိတ်နဲ့ စိတ်ဓာတ်ကျခြင်းလက္ခဏာရပ်တွေကို သိသာစွာပဲလျှော့ချပေးနိုင်ပါတယ်။

ရယ်မောပါ – သင့်အနေနဲ့ စိုးရိမ်ကြောင့်ကြမှုများနဲ့ ဘဝမှာပိတ်မိနေတယ်၊ ရယ်မောစရာရှာမတွေ့ဘူး တာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေအပေါ်ပဲ ရယ်ပွဲဖွဲ့ကြည့်ပါ။ စိတ်လွတ်လပ်လွတ်ရယ်မောပြီးနောက် ခဏလေးပဲဖြစ်ဖြစ် ပေါ့ပါးသွားမှုကိုရအောင်ယူတတ်ကြည့်ပါ။

ဆွပေးမယ့်အရာတွေကိုရှောင်ပါ – ဘယ်လိုအခြေအနေမျိုးမှာ၊ ဘယ်လိုလူတွေနဲ့တွေ့ဆုံတဲ့အခါမျိုးမှာ ကိုယ့်ရဲ့စိုးရိမ်ပူပန်စိတ်တွေတိုးပြီး ထိတ်ထိတ်ပျာပျာ အယောင်ယောင်အမှားမှားတွေဖြစ်စေသလဲဆိုတာ သင့်ကိုယ်သင်သိအောင်အရင်လုပ်ပါ။ သင့်ရဲ့စိုးရိမ်ပူူပန်စိတ်တွေကို သင်မထိန်းချုပ်နိုင်သေးခင်၊ မလျှော့ချနိုင်သေးခင် အဲဒီလိုအခြေအနေ၊ လူတွေနဲ့ ထိပ်တိုက်တွေ့တာမျိုးကိုရှောင်ပါ။

တခြားသူတွေနဲ့ဆက်သွယ်မှုလုပ်ပါ – ထီးတည်းတည်းဖြစ်နေတာက စိုးရိမ်ကြောင့်ကြမှုကို တွန်းအားပေးဆွနိုင်တဲ့အရာဖြစ်သလို အဲဒါရဲ့လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေသူငယ်ချင်းမိသားစုနဲ့ စကားပြောပါ။ ဒီလိုပြောလို့ စိတ်ထဲထိခိုက်တယ်ဆိုဦးတော့ ပြောပါ။ လူတွေနဲ့နီးနီးကပ်ကပ်နေထိုင်ဆက်ဆံပါ။ စကားများများမပြောချင်ဘူးဆိုရင်တောင်မှာ အိမ်မှာ၊ ကိုယ့်အနီးအနားမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့အသိရအောင် နေထိုင်ပါ။ ဒါက စိုးရိမ်ကြောင့်ကြစိတ်ကို ပြေလျော့စေပါတယ်။

App တွေလည်းရှိပါတယ် – လူငယ်လူကြီးမကျန် အလွှာတိုင်း၊ လူတန်းစားတိုင်းက လူများစွာက စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ဖိစီးမှုတွေခံစားနေကြရတာပါ။ ဒီအတွက် သင့်အနေနဲ့ ကိုယ်တိုင်က စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်သောကတွေရောက်နေတာလား၊ စိတ်ဖိစီးနေတာလား၊ စိတ်ဓာတ်ကျနေတာလား စသဖြင့် ကိုယ့်လက္ခဏာရပ်တွေကိုသိပြီး လိုအပ်တဲ့အကူအညီနဲ့ ဖြေလျော့အောင်လုပ်နည်းတွေကိုသိနိုင်ဖို့ App တွေကလည်း ကူညီပေးနိုင်ပါတယ်။ Happify ၊iSleep Easy ၊SuperBetter ၊ Youper AI နဲ့ အခြားသော App များစွာရှိပါတယ်။ Free ရော၊ Paid ပါ ရှိပါတယ်။

Ref : thehealthy.com, Internet