တစ်ခါတုန်းက အမေရိကန်ပရဟိတအလှူရှင်ကြီး Andrew Carnegie က ''ကိုယ်ကိုယ်တိုင်က တခြားလူတွေကို ချမ်းသာအောင်လုပ်မပေးဘဲနဲ့ ဘယ်သူမှ ချမ်းသာမလာနိုင်ဘူး။ ချမ်းသာပြီး ဒီအတိုင်းသေသွားတဲ့ လူဟာလည်း ဂုဏ်သိက္ခာကင်းမဲ့စွာ သေသွားတာဖြစ်တယ်'' လို့ ပြောခဲ့ဖူးပါတယ်။ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တော်တော်များဟာ သူတို့ဘဝရဲ့ တစ်နေရာရာမှာ တခြားသူတွေကို မျှဝေပေးဖို့နဲ့ သူတို့ရဲ့လူ့အဖွဲ့အစည်းကို ပြန်လည်ပေးဆပ်ပြီး ပရဟိတလုပ်ငန်းထဲကိုဝင်လုပ်ဖို့ စဉ်းစားကြပါတယ်။ အဲဒါဟာ စေတနာသဒ္ဓါတရားကြီးမားကြတာပဲလို့ တချို့လူတွေကပြောကြပေမဲ့ တချို့ကတော့ အဲဒါဟာအခွန်ကိစ္စအတွက်သာဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ ဘာပဲဖြစ်ဖြစ် ပရဟိတကိစ္စတွေအတွက် ငွေတွေကိုသုံးစွဲဖို့ တစ်နည်းမဟုတ်တစ်နည်းနဲ့ လိုအပ်နေပြီး အဲဒီငွေတွေဟာ တစ်စုံတစ်ယောက်ရဲ့ဘဝအပေါ်မှာ ပုံစံတစ်ခုခုနဲ့ သက်ရောက်မှုရှိနေတာတော့ အမှန်ပါပဲ။ အောက်မှာ ဖော်ပြထားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကတော့ မျှဝေပေးခြင်းဟာ ပြုစုစောင့်ရှောက်ခြင်းဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ Wealth-X သုတေသနလုပ်ငန်းကြီးရဲ့အဆိုအရ သူတို့လှူဒါန်းခဲ့တဲ့ ငွေစုစုပေါင်းဟာ ဒေါ်လာ ၁၀၆.၈ ဘီလီယံ ရှိသွားပြီဖြစ်ပါတယ်။
1.Bill Gates
သူ့ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာ Bill Gates လုပ်ခဲ့တဲ့ လှူဒါန်းမှုတွေရဲ့စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ ၂၇ ဘီလီယံ ရှိသွားပါပြီ။ သူဟာ Bill & Melinda Gates ဖောင်ဒေးရှင်းကြီးက လုပ်ကိုင်နေတဲ့ ပရဟိတစီမံကိန်းတွေကို စီမံခန့်ခွဲရင်း သူ့ဘဝရဲ့အချိန်အများစုကို ဖြတ်သန်းနေပါတယ်။ Gates ဟာ Microsoft ကုမ္ပဏီကြီးကို တည်ထောင်ခဲ့ပြီး အဲဒီကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး Software ကုမ္ပဏီကြီး ဖြစ်လာခဲ့ပါတယ်။
2.Warren Buffett
Berkshire Hathaway ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအိုဖြစ်တဲ့ Warren Buffett ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အလွန်ချမ်းသာကြွယ်ဝပြီး အလွန်အလှူအတန်းရက်ရောတဲ့ သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့အထိ သူလှူဒါန်းခဲ့တဲ့ ငွေပေါင်းဟာ ဒေါ်လာ ၂၁.၅ ဘီလီယံရှိသွားပါပြီ။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုရဲ့ ၈၅ ရာခိုင်နှုန်းကို Bill & Melinda Gates ဖောင်ဒေးရှင်းကြီးနဲ့ မိသားစုတွေတည်ထောင်ထားကြတဲ့ တခြားဖောင်ဒေးရှင်းတွေကိုလှူသွားမယ်လို့ ၂၀၀၆ ခုနှစ်တုန်းက ကတိပြုထားပါတယ်။
3.George Soros
ဟန်ဂေရီနိုင်ငံမှာမွေးဖွားခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူ၊ စာရေးဆရာနဲ့ ပရဟိတစေတနာရှင်တစ်ဦးဖြစ်သူ George Soros ဟာ Soros Fund Management ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ သူဟာ ဒေါ်လာတစ်ဆယ်ဘီလီယံ တန်ဖိုးရှိတဲ့ ဗြိတိသျှပေါင်ငွေတွေကို Short Selling လုပ်ပြီး (လက်ထဲမှာမရှိသေးပေမဲ့ ငွေတန်ဖိုး အတက်အကျကို ခန့်မှန်းတွက်ချက်ကြိုတင်ရောင်းချပြီး) ဒေါ်လာတစ်ဘီလီယံ မြတ်အောင်လုပ်ခဲ့တဲ့အတွက် ''အင်္ဂလန်ဘဏ်ကြီးကိုအလဲထိုးခဲ့သူ'' ဆိုတဲ့ နာမည်ပြောင်ကို ရခဲ့ပါတယ်။ အဲဒါဟာ ၁၉၉၂ ခုနှစ်တုန်းက ဗြိတိန်နိုင်ငံရဲ့ Black Wednesday ဆိုတဲ့ ငွေကြေးအကျပ်အတည်း ဖြစ်ခဲ့တဲ့အချိန်တုန်းက ဖြစ်ပါတယ်။ သူဟာ ဒေသဆိုင်ရာ လူထုဖွံ့ဖြိုးရေး၊ လူမှုရေးဝန်ဆောင်မှု၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေက ပရဟိတလုပ်ငန်းတွေကို ဒေါ်လာရှစ်ဘီလီယံ လှူဒါန်းခဲ့ပါတယ်။
4.Azim Premji
Azim Premji ဟာ အိန္ဒိယလူမျိုး ဧရာမစီးပွားရေးလုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူနဲ့ ပရဟိတစေတနာရှင်တစ်ယောက် ဖြစ်ပါတယ်။သူဟာ Wipro Limited ဆိုတဲ့ အိုင်တီအကြံပေးကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ သူဟာ Giving Pledge ကို လက်မှတ်ရေးထိုးခဲ့တဲ့ ပထမဦးဆုံး အိန္ဒိယလူမျိုးတစ်ယောက် ဖြစ်ပါတယ်။
''ချမ်းသာကြွယ်ဝခွင့်ရတဲ့ ကျွန်တော်တို့ဟာ အဲဒီအခွင့်အရေးနဲ့အများကြီးအလှမ်းဝေးနေတဲ့ သန်းပေါင်းများစွာသော လူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ကမ္ဘာကြီးတစ်ခုကို ကြိုးစားပြီးဖန်တီးပေးဖို့ များများစားစား ပါဝင်ပေးလှူသင့်တယ်လို့ ကျွန်တော်အခိုင်အမာယုံကြည်ပါတယ်'' လို့ သူပြောခဲ့ဖူးပါတယ်။ ဒီနေ့အထိဆိုရင် သူဟာ သူရဲ့ချမ်းသာကြွယ်ဝမှုတွေထဲက ဒေါ်လာရှစ်ဘီလီယံ လှူဒါန်းပြီးသွားပါပြီ။
5.Charles Francis Feeney
Charles Francis Feeney ဟာ 'ပရဟိတဂျိမ်းစ်ဘွန်း' လို့ မကြာခဏ အခေါ်ခံရပါတယ်။ သူဟာ အခွန်လွတ် ဈေးဆိုင်အုပ်စုကြီးရဲ့ ပူးတွဲတည်ထောင်သူအဖြစ်နဲ့ ကြွယ်ဝချမ်းသာလာခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေအားလုံးကို လှူပစ်မယ်လို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ပရဟိတကူညီမှုတွေကို ဒေါ်လာ ၆.၃ ဘီလီယံလှူဒါန်းပစ်လိုက်တဲ့ ဒီပရဟိတစေတနာရှင်ကြီးဟာ အခုအချိန်မှာ အသားတင်အားဖြင့် ဒေါ်လာ ၁.၅ ဘီလီယံပဲ ချမ်းသာပါတော့တယ်။ သူ့ရဲ့ဖောင်ဒေးရှင်းတွေဟာ နိုင်ငံတော်တော်များများမှာ ပညာရေး၊ သိပ္ပံ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အများပြည်သူရပိုင်ခွင့်တွေကို ကူညီထောက်ပံ့ပေးနေပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ အမေရိကန်၊ ဗီယက်နမ်နဲ့ ဘာမြူဒါနိုင်ငံတွေလည်း ပါဝင်ပါတယ်။
6.Sulaiman bin Abdul Aziz Al Rajhi
Sulaiman bin Abdul Aziz Al Rajhi ဟာ ၁၉၅၇ ခုနှစ်မှာ သူ့ရဲ့ ညီအစ်ကိုသုံးယောက်နဲ့အတူ Al RaJhi ဘဏ်ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီဘဏ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးအစ္စလမ်မစ်ဘဏ်ကြီး ဖြစ်လာခဲ့ပါတယ်။ Al RaJhi မိသားစုကို ဆောဒီအာရေဗျနိုင်ငံရဲ့ တော်ဝင်မဟုတ်တဲ့ အချမ်းသာဆုံး မိသားစုတစ်ခုအဖြစ် ယူဆထားကြပါတယ်။ ၂၀၁၁ ခုနှစ်မှာ Sulaiman bin Abdul Aziz Al Rajhi က အဲဒီတုန်းကသူ့မှာရှိတဲ့ ဒေါ်လာ ၇.၇ ဘီလီယံထဲက အများစုကို ပရဟိတလုပ်ငန်းတွေမှာ လှူပစ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ အခုအချိန်မှာတော့ သူဟာ ဒေါ်လာ ၅.၇ ဘီလီယံကို လှူပြီးသွားပါပြီ။
7.Gordon Moore
Gordon Moore ဟာ Intel ကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကော်ပိုရေးရှင်းရာထူးတွေက ၂၀၁၆ ခုနှစ်မှာ အနားယူခဲ့ပြီး အခုအချိန်မှာတော့ သူ့ဇနီးနဲ့အတူ ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်နေပါတယ်။ သူတို့ဟာ Gordon and Betty Moore ဖောင်ဒေးရှင်းကို နှစ်ယောက်အတူတွဲလုပ်ကိုင်နေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမမာစောင့်ရှောက်ရေးနဲ့ သိပ္ပံပညာကို အကူအညီပေးနေတဲ့ အရေးကိစ္စတွေမှာ ဒေါ်လာငါးဘီလီယံ လှူပြီးခဲ့ပါပြီ။
8.Carlos Slim Helu
Carlos Slim ဟာ ကိုယ့်အစွမ်းအစနဲ့ကိုယ်ကြိုးစားပြီး ဖြစ်လာခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတစ်ယောက် ဖြစ်ပါတယ်။ သူဝင်လုပ်နေတဲ့ ဖောင်ဒေးရှင်းအမျိုးမျိုးကတစ်ဆင့် ပရဟိတလုပ်ငန်းတွေကို သူလှူဒါန်းခဲ့တဲ့ငွေစုစုပေါင်းဟာ ဒီနေ့အထိဆိုရင် ဒေါ်လာလေးဘီလီယံ ရှိနေပါပြီ။
9.Eli Broad
Eli Broad ဟာ Fortune500 ကုမ္ပဏီစာရင်းထဲက KB Home နဲ့ Sun America ဆိုတဲ့ လုပ်ငန်းမတူတဲ့ ကုမ္ပဏီနှစ်ခုကိုတည်ဆောက်ခဲ့တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူဟာ Eli and Edythe Broad နဲ့ The Broad Art ဆိုတဲ့ ဖောင်ဒေးရှင်းကြီးနှစ်ခုကို တည်ထောင်ခဲ့ပါတယ်။ Broad ရဲ့ တစ်သက်တာလှူဒါန်းခဲ့တဲ့ ငွေစုစုပေါင်းဟာ ဒေါ် လာ ၃.၃ ဘီလီယံရှိသွားခဲ့ပါပြီ။
10.George Kaiser
George Kaiser ဟာ BOK ဘဏ္ဍာရေးကော်ပိုရေးရှင်းကြီးရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ သူဟာ George Kaiser မိသားစု ဖောင်ဒေးရှင်းကြီးကိုလည်း တည်ထောင်ခဲ့ပါတယ်။ အဲဒီဖောင်ဒေးရှင်းကြီးဟာ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေးနဲ့ ဒေသဆိုင်ရာ လူထုဖွံ့ဖြိုးရေးနဲ့ ဆက်စပ်နေတဲ့ အရေးကိစ္စတွေကို လှူဒါန်းခဲ့ပါတယ်။ သူဟာ ၂၀၁၀ ပြည့်နှစ်မှာ Giving Pledge ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီနေ့အထိ သူလှူဒါန်းပြီး ငွေစုစုပေါင်းဟာ ဒေါ်လာ ၃.၃ ဘီလီယံရှိသွားပါပြီ။
11.Michael Bloomberg
Michael Bloomberg ဟာ Bloomberg Media ရဲ့စီအီးအိုဖြစ်သလို နယူးယောက် မြို့တော်ဝန်ဟောင်းလည်းဖြစ်ပြီး Bloomberg ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ဖောင်ဒေးရှင်းဟာ John Hopkins တက္ကသိုလ်၊ ကမ္ဘာ့အဆုတ်ရောဂါဖောင်ဒေးရှင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၊ Sierra Club ဖောင်ဒေးရှင်းနဲ့ John Hopkins တက္ကသိုလ်က Bloomberg ပြည်သူ့ကျန်းမာရေးကျောင်းတွေကို အလှူ ငွေတွေပေးအပ်ခဲ့ပါတယ်။ သူဟာ ပရဟိတလုပ်ငန်းတွေကို စုစုပေါင်း ဒေါ်လာသုံးဘီလီယံ ပေးလှူခဲ့ပြီးပါပြီ။
12.Paul Allen
Bill Gates နဲ့အတူ Microsoft ကို ပူးတွဲတည်ထောင်ခဲ့တဲ့ Paul ဟာ အခုဆိုရင် Vulcan ဆိုတဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုမှာ ဥက္ကဋ္ဌဖြစ်နေပါပြီ။ သူ့ရဲ့ဖောင်ဒေးရှင်းဖြစ်တဲ့ Paul G. Allen မိသားစု ဖောင်ဒေးရှင်းကြီးဟာ ကမ္ဘာ့ကျန်းမာရေးကိစ္စကြီးတွေမှာ ဒေါ်လာတွေ သန်းနဲ့ချီပြီး လှူဒါန်းခဲ့ပါတယ်။ ပရဟိတလုပ်ငန်းတွေမှာ သူလှူဒါန်းခဲ့တဲ့ငွေစုစုပေါင်းဟာ ဒီနေ့အထိဆိုရင် ဒေါ်လာ နှစ်ဘီလီယံရှိသွားပါပြီ။
13.Mark Zuckerberg
Mark Zuckerberg ဟာ ကမ္ဘာမှာ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ကြိုးစားပြီး ဖြစ်လာခဲ့တဲ့ အသက်အငယ်ဆုံး ဘီလျံနာတစ်ယောက်ဖြစ်ပါတယ်။ Facebook ကို တည်ထောင်ခဲ့သူဖြစ်တဲ့ Zuckerberg ဟာ Giving Pledge မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ သူ့ရဲ့တစ်သက်တာမှာ အနည်းဆုံးသူ ချမ်းသာသမျှရဲ့တစ်ဝက်ကို မျှဝေပေးမယ်လို့ သူက ကတိပြုထားပါတယ်။ သူဟာ ဒေါ်လာ ၁.၆ ဘီလီယံအထိ လှူထားပြီးပါပြီ။ မနှစ်တုန်းက Zuckerberg နဲ့ သူ့ရဲ့ဇနီး Priscilla တို့ဟာ အီဘိုလာရောဂါ တိုက်ဖျက်ရေးကို ကူညီထောက်ပံ့ဖို့အတွက် ဒေါ်လာ ၂၅ သန်း ထုတ်ပေးခဲ့ပါတယ်။
14.Li Ka-shing
Li Ka-shing ဟာ ဟောင်ကောင်က ဧရာမစီးပွားရေးလုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူနဲ့ ပရဟိတစေတနာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ အာရှမှာ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ Li Ka-shing ဖောင်ဒေးရှင်းဟာ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့အရေးကိစ္စတွေကို ကူညီပံ့ပိုးနေပါတယ်။ ဒေါ်လာ ၁.၂ ဘီလီယံအထိ Li Ka-shing လှူဒါန်းပြီးတဲ့အခါ သူ့ကို အာရှရဲ့စေတနာအကောင်းဆုံး ပရဟိတအလှူရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံရပါတယ်။
15.Jon Huntsman Sr.
Jon Huntsman Sr. ဟာ အမေရိကန်နိုင်ငံမှာ အကြီးဆုံးအပူထိန်း ပလတ်စတစ် ဖော့ဖြူထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ Huntsman ဓာတုဗေဒပစ္စည်း ကော်ပိုရေးရှင်းကြီးကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ Huntsman ပလတ်စတစ်တွေကို ဟမ်ဘာဂါထည့်တဲ့ဘူးတွေအပါအဝင် ကျွန်တော်တို့အကျွမ်းတဝင်ရှိပြီးသားဖြစ်တဲ့ ပစ္စည်းအမျိုးပေါင်းများစွာမှာ သုံးနေကြပါတယ်။ Huntsman ရဲ့ ပရဟိတပေးကမ်းလှူဒါန်းမှုတွေဟာ ဒေါ်လာ ၁.၂ ဘီလီယံအထိ ရောက်လာခဲ့ပြီး အဲဒီလှူဒါန်းမှုတွေဟာ ကင်ဆာရောဂါသုတေသနလုပ်ငန်းအပေါ်မှာ ဇောင်းပေးထားပါတယ်။ သူဟာ Warren Buffett နဲ့ Bill Gates တို့ ဦးဆောင်တဲ့ အချမ်းသာဆုံးလူတွေကို သူတို့ရဲ့ချမ်းသာကြွယ်ဝမှုအများစုကို ပရဟိတအရေးကိစ္စတွေမှာ တာဝန်ယူပေးလှူကြဖို့တိုက်တွန်းထားတဲ့ ''Giving Pledge'' (ပေးလှူရန်ကတိ) ဆိုတဲ့လှုပ်ရှားမှုကြီးမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။
16.Ted Turner
အမေရိကန်မီဒီယာလောကရဲ့ အထင်ကရပုဂ္ဂိုလ်ကြီးနဲ့ ပရဟိတစေတနာရှင်ကြီး Ted Turner ရဲ့အကြောင်းကို စာဖတ်သူတွေအားလုံးကြားဖူးကြမှာပါ။ သူဟာ CNN ကြိုးသွယ်ကွန်ရက်ကြီးကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၁၉၉၇ ခုနှစ်မှာ အမျိုးသမီးရေးရာ၊ ကလေးသူငယ် ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေကို မြှင့်တင်ပေးဖို့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးကို ဒေါ်လာတစ်ဘီလီယံ လှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့တစ်သက်တာ လှူဒါန်းခဲ့သမျှ စုစုပေါင်းဟာ ဒေါ်လာ ၁.၂ ဘီလီယံ ရှိသွားခဲ့ပါပြီ။
17.James Simons
James Simons ဟာ ပိုင်ဆိုင်မှုအားဖြင့် ဒေါ်လာ ၆၅ ဘီလီယံရှိပြီး အလွန်အောင်မြင်နေတဲ့ Renaissance Technologies ဆိုတဲ့ အရံအတား ရန်ပုံငွေလုပ်ငန်းကုမ္ပဏီကြီးရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ဇနီး Marilyn နဲ့အတူ Simons ဖောင်ဒေးရှင်းကိုဖွင့်လှစ်ခဲ့ပြီး အဲဒီဖောင်ဒေးရှင်းကြီးဟာ အဓိကအားဖြင့် ပညာရေးကိစ္စတွေကို အကူအညီပေးနေပါတယ်။ သူတို့ဟာ ၁၉၉၆ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်တွေမှာ ကွယ်လွန်ခဲ့ကြတဲ့ သူတို့ရဲ့သားနှစ်ယောက်ကိုရည်စူးပြီး Paul Simons ဖောင်ဒေးရှင်းနဲ့ Nick Simons ဖောင်ဒေးရှင်းဆိုတဲ့ အဖွဲ့ကြီးနှစ်ခုကိုလည်း တည်ထောင်ခဲ့ပါတယ်။ ဒီဇနီးမောင်နှံနှစ်ဦး လှူဒါန်းခဲ့တဲ့စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ ၁.၂ ဘီလီယံရှိသွားပါပြီ။
18.Michael Dell
ကွန်ပျူတာထုတ်လုပ်ရေးကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအိုဖြစ်သူ Dell ဟာ ပညာရေး၊ လူမှုရေးနဲ့ လူသားရေးရာလုပ်ငန်း၊ အနုပညာနဲ့ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးကိစ္စတွေမှာ ကူညီရတာကို နှစ်သက်ပါတယ်။ Wealth-X ရဲ့အဆိုအရ သူ့ရဲ့ တစ်သက်တာလှူဒါန်ခဲ့မှုတွေဟာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ တစ်ဘီလီယံလောက်ရှိပါတယ်။ သူ့ရဲ့ဖောင်ဒေးရှင်းကြီးက တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ ကုတင် ၂၂၁ လုံး ပါဝင်တဲ့ ဆေးရုံတစ်ရုံတည်ဆောက်ဖို့အတွက် ဒေါ်လာ ၂၅ သန်း လှူဒါန်းမယ်လို့ ကတိပြုထားပါတယ်။
19.Pierre Omidyar
ပြင်သစ်၊ အီရန်နဲ့ အမေရိကန်ကပြား စီးပွားရေးလုပ်ငန်းရှင် Pierre Omidyar ဟာ eBay ကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်ခဲ့သူနဲ့ လက်ရှိဥက္ကဋ္ဌဖြစ်ပါတယ်။ သူဟာ ၁၉၉၈ ခုနှစ်မှာ သူ့ဇနီးနဲ့အတူ Omidyar ဖောင်ဒေးရှင်းကြီးကို စပြီးလုပ်ခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းကြီးဟာ စွန့်ဦးတီထွင်လုပ်ကိုင်မှု၊ အစားအသောက်၊ နည်းပညာနဲ့ စွမ်းအင်ဆိုင်ရာကိစ္စတွေမှာ တော်တော်များများ လှူဒါန်းနေပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒေါ်လာသန်း ၂၇၀ တန်ဖိုးရှိတဲ့ သူ့ရဲ့ eBay ကုမ္ပဏီရှယ်ယာတွေကို အမည်မဖော်ပြတဲ့ ပရဟိတလုပ်ငန်းတစ်ခုကို လှူဒါန်းခဲ့တယ်လို့ သတင်းရခဲ့ပါတယ်။ ဒီနေ့အထိတော့ သူလှူဒါန်းခဲ့တဲ့ ငွေပေါင်းဟာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာတစ်ဘီလီယံ ရှိသွားပါပြီ။
20.Dietmar Hopp
ဂျာမန်အိုင်တီလုပ်ငန်းရှင် Dietmar Hopp ဟာ နာမည်ကျော် Software ကုမ္ပဏီ SAP ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ သူဟာ ဂျာမနီနိုင်ငံက သူနေထိုင်တဲ့မြို့မှာ ဒေသခံပညာရေး၊ အားကစားနဲ့ ကျန်းမာရေးကိစ္စတွေကို ကူညီဖို့အတွက် သူ့ရဲ့ Dietmar Hopp Stiftung ဖောင်ဒေးရှင်းကြီးကတစ်ဆင့် ဒေါ်လာတစ်ဘီလီယံ လှူဒါန်းခဲ့ပါတယ်။ သူအသားတင် ချမ်းသာတာက ဒေါ်လာ ၆.၃ ဘီလီယံ ဖြစ်ပါတယ်။
ဇော်ဝင်းကြူ (ပျဉ်းမနား)