သူ့ထက်သူ လူစွမ်းကောင်း

Fitness2017Mar1

ပီဂျီအေတိုး၏ ၂၀၁၆-၁၇ ဂေါက်သီးရာသီသည် Safeway Open (၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃-၁၆) မှ စတင်ခဲ့ပြီး Tour Championship (၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၁-၂၄) ဖြင့် အဆုံးသတ်ပါမည်။ ပီဂျီအေတိုးဟု ဆိုလိုက်ရာတွင် အမေရိကန်ပီဂျီအေတိုးအားပြောခြင်းပါ။ အခြားဂေါက်တိုးများသည် ဥရောပတိုး၊ ဂျပန်ဂေါက်တိုး၊ သြစတြေးလျပီဂျီအေတိုး၊ အေရှံတိုး စသဖြင့် 'တိုး' ရှေ့က ဒေသအမည်များ ထည့်လေရှိသော်လည်း အမေရိကန်ပီဂျီအေတိုးတွင်မူ ရှေ့ကအမေရိကန်ဟူသော အမည်အားထည့်ရန် မလိုအပ်ပါ။ အဘယ်ကြောင့်ဆိုသော် ဤတိုးသည် ကမ္ဘာပေါ်တွင် ပထမဆုံးပေါ်ပေါက်လာခဲ့သော တိုးဖြစ်ပြီး ပီဂျီအေတိုးဟုဆိုလိုက်သည်နှင့် အမေရိကန်ပီဂျီအေတိုးမှန်း အားလုံးက နားလည်ထားပြီး ဖြစ်နေ၍ပါ။

ပီဂျီအေတိုး၏ ပြိုင်ပွဲများသည် အမေရိကန်ပြည်ထောင်စုတွင်သာမက အခြားနိုင်ငံများတွင်ပါ ကျင်းပပါသည်။ မလေးရှား၊ တရုတ်၊ မက္ကစီကို၊ ပေါ်တိုရီကို၊ အင်္ဂလန်နိုင်ငံများတွင် ဖြစ်ပါသည်။ ပီဂျီအေတိုးမှာ ကမ္ဘာပေါ်တွင် ဆုကြေးအများဆုံးတိုးဖြစ်သဖြင့် ကမ္ဘာအနှံ့မှ ဂေါက်သီးသမားများ၏ ဦးတည်ချက်မှာ ပီဂျီအေတိုး၌ ခြေချခွင့်ရရေးဖြစ်ပါသည်။ ပီဂျီအေတိုး၌ အောင်ပွဲများရပြီး ကမ္ဘာ့အဆင့်တွင် ထိပ်ဆုံးဆယ်ဦးအတွင်းသို့ ရောက်လာသော ဂျပန်ဂေါက်သီးသမားလေးတစ်ဦးမှာ အသက် ၂၃ နှစ်ရှိ ဟိဒဲခိမာဆုယားမား (Hideki Matsu- yama) ဖြစ်ပါသည်။

သူသည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် အစပိုင်းက ပီဂျီအေတိုး အောင်ပွဲတစ်ပွဲစီ ရခဲ့ပြီးပါပြီ။ ၂၀၁၆ ခုနှစ်၏ နှစ်ကုန်ပိုင်းကာလသည်ကား သူ့အတွက် လက်ရည်လက်စွမ်း အလွန်ထက်မြက်သော အချိန်ကာလတစ်ခုပင် ဖြစ်ခဲ့ပါသည်။

[caption id="attachment_28893" align="alignnone" width="720"]Fitness2017Mar2Tiger Woods & Hideki Matsuyama[/caption]

သူပါဝင်ကစားသော ပြိုင်ပွဲငါးပွဲတွင် လေးပွဲဗိုလ်စွဲပြီး တစ်ပွဲဒုတိယ ရခဲ့သောကြောင့်ပါ။ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဂျပန်အိုးပင်းဗိုလ်စွဲခဲ့သည်။ ဂျပန်အိုးပင်းမှာ ဂျပန်ဂေါက်တိုး၏ ပြိုင်ပွဲဖြစ်ပါသည်။ အောက်တိုဘာလ ၂၃ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ကျင်းပသော ပီဂျီအေတိုး၏ CIMB Classic ၌ သူ ဒုတိယရသည်။ အောက်တိုဘာလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ၌ကျင်းပသော ပီဂျီအေတိုး၏ WGC-HSBC Champions ပြိုင်ပွဲအား အနိုင်ရခဲ့ပြန်သည်။ နိုဝင်ဘာ လ ၁၃ ရက်နေ့၌ ဂျပန်တိုး၏ Taiheiyo Masters ပြိုင်ပွဲ အား ဗိုလ်စွဲခဲ့ပြန်သည်။ ယင်းနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် တိုက်ဂါး၏ပြိုင်ပွဲဖြစ်သော Hero World Challenge အား အနိုင်ရပြန်ပါသည်။ တိုက်ဂါး၏ပွဲမှာ ပီဂျီအေတိုး၏ ပြိုင်ပွဲတော့မဟုတ်ပါ။

မာဆုယားမား၏ လက်ရည်သည် ထိုကာလအတွင်း အလွန်ကောင်းနေခဲ့ပါသည်။ ထိုကာလအတွင်း သူ့အား နိုင်သွားသူဟူ၍ CIMB Classic တွင် ဗိုလ်စွဲသွားသူ အသက် ၂၃ နှစ်ရှိ အမေရိကန်ပရိုလေးဂျပ်စ်တင်တွမ်မတ်စ် (Justin  Thomas) သာ ရှိခဲ့ပါသည်။ ဂျပ်စ်တင်နှင့် မာဆုယားမားတို့သည် ပီဂျီအေတိုး၏ တစ်နှစ်အတွင်း ချန်ပီယံဖြစ်ခဲ့သူများသာ ပါဝင်ခွင့်ရသော SBS Tournament of Champions ပြိုင်ပွဲ၌ ကစားခွင့်ရခဲ့ကြသည်။ ထိုပွဲအား ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ဟဝိုင်ရီပြည်နယ် မောဝီမြို့၌ ကျင်းပခဲ့သည်။ ထိုပွဲ၌ ဂျပ်စ်တင်က ဗိုလ်စွဲပြီး မာဆုယားမားက ဒုတိယရခဲ့ပါသည်။ မာဆုယားမားအတွက်မှာ ခြောက်ပွဲဝင်ကစားခဲ့သည့် ကာလအတောအတွင်း လေးပွဲဗိုလ်စွဲကာ နှစ်ပွဲ ဒုတိယရခဲ့ခြင်းပါ။ သူဒုတိယရခဲ့သော နှစ်ပွဲစလုံးတွင် သူ့အားနိုင်သွားသူမှာ ဂျပ်စ်တင်တစ်ဦးတည်း ဖြစ်နေပေရာ ဂေါက်သီးဆောင်းပါးရှင်များအတွက် ဂေါက်သီးပရိသတ်သို့ တင်ပြစရာ အထူးသတင်းဆောင်းပါး ဖြစ်လာခဲ့ပါသည်။ ထို့အပြင် ဂျပ်စ်တင်သည် ကမ္ဘာ့နံပါတ် ၁ ဂေါက်သီးသမားဖြစ်ခဲ့သူ ယနေ့ကမ္ဘာ့အဆင့် ၃ ဖြစ်နေသော ဂျော်ဒန်စပိသ်နှင့် အလွန်ခင်မင်သော သူငယ်ချင်းမိတ်ဆွေလည်း ဖြစ်နေပါသည်။

ထိုသီတင်းပတ်အပြီး ဆက်လာသော ရက်သတ္တပတ်၌ ပီဂျီအေတိုး၏ Sony Open အား ဟဝိုင်ရီပြည်နယ်၊ ဟိုနိုလူလူမြို့တွင် ကျင်းပခဲ့ရာ ပထမကွင်းပတ်၌ ဂျပ်စ်တင်သည် ၅၉ ချက်ကွင်းပတ်စကိုးကိုရခဲ့ပြီး ဦးဆောင်ခဲ့ရာမှ လေးရက်အပြီးတွင် ဒုတိယနေရာ ရသူအား ခုနစ်ချက်ဖြတ်၍ ဗိုလ်စွဲနိုင်ခဲ့ပြန်သည်။ ရက်သတ္တ နှစ်ပတ်ကာလအတွင်း ထူးခြားလှသော လက်ရည်လက်စွမ်းဖြင့် စံချိန်သစ်များတင်နိုင်ခဲ့ခြင်းပါ။ ပီဂျီအေတိုးပြိုင်ပွဲများသည် ဟဝိုင်ရီပြည်နယ်၌ နှစ်ဆန်းပိုင်းတွင် နှစ်ပွဲကျင်းပလေ့ရှိပြီး ထိုပြိုင်ပွဲနှစ်ပွဲအား Hawaii Swing ဟု ခေါ်ပါသည်။ ဟဝိုင်ရီပြိုင်ပွဲနှစ်ပွဲအား ဆက်တိုက်နိုင်ဖူးသူဟူ၍ ၂၀၀၃ ခုနှစ်က စွမ်းဆောင်နိုင်ခဲ့သူ အာနီအဲလ်စ်တစ်ဦးသာ ယခင်က ရှိခဲ့ပါသည်။ ယခု ဂျပ်စ်တင်တစ်ယောက် တိုးလာပါပြီ။ ဂျပ်စ်တင်သည် လောလောဆယ်၌ အတောက်လောင်ဆုံး ဂေါက်သီးသမားဟု တစ်ဟုန်ထိုး ကျော်ကြားသွားပါတော့သည်။

ဟဝိုင်ရီပြိုင်ပွဲနှစ်ပွဲဗိုလ်စွဲပုံအား တင်ပြရပါဦးမည်။ သူပထမဗိုလ်စွဲသော SBS Tournament of Champions ပြိုင်ပွဲသည် ၂၀၁၇ ခုနှစ်၌ ပီဂျီအေတိုး၏ နှစ်အစ ပထမဆုံးသောပြိုင်ပွဲပါ။ ရာသီအစမဟုတ်ပါ။ ပြက္ခဒိန် နှစ်အစဖြစ်ပါသည်။ ဤပြိုင်ပွဲသို့ ယခင်ပြက္ခဒိန်နှစ်အတွင်း ပီဂျီအေတိုးပြိုင်ပွဲ ဗိုလ်စွဲခဲ့သူများသက်သက်သာ ပါဝင်ယှဉ်ပြိုင်ခွင့်ရကြပါသည်။ စုစုပေါင်းပြိုင်ပွဲ ဝင် ၃၂ ဦးသာ ရှိပါသည်။ ချန်ပီယံများ၏ ပြိုင်ပွဲပါ။ ယမန်နှစ်က ဗိုလ်မစွဲပါက မည်မျှပင်ကမ္ဘာ့အဆင့်မြင့်စေကာမူ ပါဝင်ခွင့်မရနိုင်ပါ။

ဇန်နဝါရီလ ၅ ရက် ပထမနေ့တွင် ဦးဆောင်နိုင်ခဲ့သူမှာ ၂၀၁၆ ခုနှစ်က ပီဂျီအေချန်ပီယံရှစ်ပ်မေဂျာပွဲကြီး ဗိုလ်စွဲခဲ့သူ ဂျင်မီဝေါ်လ်ကာ ဖြစ်ပါသည်။ သူက ပါ ၇၃ ချက် သတ်မှတ်သော Kapalua Resort ဂေါက်ကွင်း၌ ရှစ်ချက်လျော့ ၆၅ ချက် ရခဲ့သည်။ ဒုတိယနေရာ၌ ခြောက်ချက်လျော့ဖြင့် ဂျပ်စ်တင်တွမ်မတ်စ်၊ ဂျင်မ်ဟာမင်နှင့် ရိုက်ဒါဖလားအမေရိကန်လက်ရွေးစင် ရိုင်ယင် မိုးရ်တို့က ရှိနေကြသည်။ မာဆုယားမားက လေးချက်လျော့ဖြင့် ကမ္ဘာ့အဆင့် ၂ ဒပ်စ်တင်းဂျွန်ဆင်နှင့်အတူ အဆင့်ပူးတွဲ ၇ ၌ ရှိနေသည်။ ကမ္ဘာ့အဆင့် ၁ ဂျေဆင်ဒေးက သုံးချက်လျော့ရထားပြီး ယမန်နှစ် ချန်ပီယံကမ္ဘာ့ အဆင့် ၄ ဂျော်ဒန်စပိသ်က တစ်ချက်လျော့သာရနေပါသည်။ ကမ္ဘာ့အဆင့် ၃ မက်ကဲလ်ရွိုင်းက လာရောက်ယှဉ်ပြိုင်ခြင်းမပြုပါ။

[caption id="attachment_28894" align="alignnone" width="720"]Fitness2017Mar3Justin Thomas & Jordan Spieth[/caption]

ဒုတိယနေ့တွင် ဂျပ်စ်တင်နှင့် ရိုင်ယင်မိုးရ်တို့က ခြောက်ချက်လျော့စီ ထပ်ရကြကာ နှစ်ရက်ပေါင်း ၁၂ ချက်လျော့ဖြင့် ပူးတွဲဦးဆောင်သူများ ဖြစ်လာကြသည်။ မာဆုယားမားက ပေါင်း ၉ ချက်လျော့ဖြင့် ဆဋ္ဌမနေရာ၌ ရှိနေသည်။ ဒေးနှင့် ဒပ်စ်တင်းဂျွန်ဆင်တို့ ခုနစ်ချက်လျော့၊ စပိသ်က ငါးချက်လျော့သာ ရနေပါသည်။

တတိယနေ့၌ ဂျပ်စ်တင်က တတိယဆက်တိုက် ကွင်းပတ်အဖြစ် ခြောက်ချက်လျော့ထပ်ရခဲ့ပြီး သုံးရက်ပေါင်း ၁၈ ချက်လျော့ဖြင့် ဦးဆောင်သူဖြစ်လာသည်။ မာဆုယားမားကလည်း ဤနေ့၌ ခုနစ်ချက်လျော့ရကာ ပေါင်း ၁၆ ချက်လျော့ဖြင့် ဒုတိယနေရာသို့ရောက်လာပြီး မိုးရ်က ပေါင်း ၁၄ ချက်လျော့ဖြင့် ဂျင်မီဝေါလ်ကာနှင့်အတူ ပူးတွဲတတိယနေရာတွင် ရှိနေသည်။ ဒပ်စ်တင်းဂျွန်ဆင်က ပေါင်း ၁၁ ချက်လျော့၊ ဂျေဆင်ဒေးက ပေါင်းဆယ်ချက်လျော့နှင့် စပိသ်က ပေါင်းရှစ်ချက်လျော့တွင်သာရှိကြသဖြင့် သူတို့ကတော့ လိုက်မီရန် မလွယ်ကြတော့ပါ။

အရပ်ငါးပေ ဆယ်လက်မသာမြင့်ကာ ကိုယ်အလေးချိန် ၁၄၅ ပေါင်သာရှိသော ဂျပ်စ်တင်မှာ အမေရိကန် ပရိုများကြားတွင် သေးညှက်သူဖြစ်သော်လည်း ဒရိုက်ဗ်အလွန်ပြေးသူများထဲ၌ ပါဝင်နေပါသည်။ တတိယကွင်းပတ်၌ ၂၈၇ ကိုက်သာရှိသော တိုတောင်းသည့် ပါဖိုးကျင်းဝယ်တီခုံမှ သရီးဝွဒ်ဖြင့် ဂရင်းအရောက်ရိုက်နိုင်ခဲ့ပြီး ပေနှစ်ဆယ်အီဂယ်ပတ်လည်း ဝင်ခဲ့သည်။ ကျင်း ၁၅ ပါဖိုက်၌လည်း တီရှော့တ်အား ဒရိုက်ဗာဖြင့် ၃၄၈ ကိုက်ရောက်အောင် ရိုက်နိုင်ခဲ့သည်။ ဒုတိယအချက်မှာ ကိုက် ၁၈၀ သာ ကျန်သော်လည်း အောက်နှိုက်မိပြီး ဂရင်းသို့ မရောက်ခဲ့ဘဲ 'ပါ' သာ ရခဲ့ပါသည်။

တတိယနေ့အပြီးတွင် ၂၀၁၆ - ၂၀၁၇ ခုနှစ် ပီဂျီအေတိုးရာသီ ဖက်ဒိတ်စ်ဖလားအမှတ်အများဆုံး လူနှစ်ဦးဖြစ်သော မာဆုယားမားနှင့် ဂျပ်စ်တင်တို့ ဦးဆောင်နေကြပြီး နောက်ဆုံးနေ့ဝယ် သူတို့နှစ်ဦး၏ ကျားနှင့်ဆင် လယ်ပြင်မှာတွေ့ပွဲလာပါပြီ။ ပီဂျီအေတိုး အမှတ်ဇယား၌ ယခုရာသီတွင် ပီဂျီအေတိုးတစ်ပွဲ ဗိုလ်စွဲထားသူ မာဆုယားမားက အမှတ် ၈၅၀ ဖြင့် ပထမနေရာရနေပြီး တစ်ပွဲဗိုလ်စွဲထားသူပင်ဖြစ်သည့် ဂျပ်စ်တင်က ၆၁၄ မှတ်ဖြင့် ဒုတိယနေရာရနေကြခြင်းပါ။

ဇန်နဝါရီလ ၈ ရက်နေ့၌ နောက်ဆုံးကွင်းပတ်အား ကျင်းပပါသည်။ စိတ်ဝင်စားစရာကောင်းလှသည်မှာ နောက်ဆုံး ၅ ကျင်း၌ ဖြစ်ပါသည်။ ဂျပ်စ်တင်သည် ၁၃ ကျင်းအပြီး၌ ဤနေ့အတွက် လေးချက်လျော့ရနေခဲ့ကာ စုစုပေါင်း ၂၂ ချက်လျော့ဖြစ်လာပြီး ဒုတိယနေရာရနေသူ မာဆုယားမားအပေါ် ငါးချက်ပင် ဖြတ်ထားနိုင်ခဲ့ပါသည်။ ကျင်း ၁၄ ပါဖိုး၌ ဂျပ်စ်တင်က 'ပါ' သာ ရချိန်တွင် မာဆုယားမားက ဒုတိယရိုက်ချက်တန်းဝင်ကာ အီဂယ်ရလိုက်သဖြင့် သုံးချက်ပဲ ကျန်ပါသည်။ ဂျပ်စ်တင်သည် ကျင်း ၁၅ ပါဖိုက်၌ ဒုတိယရိုက်ချက် ဟွတ်ခ်ဖြစ်ကာ ရေထဲကျရာမှ ဒပ်ဘယ်ဘိုဂီဖြစ်သွားပြီး မာဆုယားမားက 'ပါ' ရသည့်အခါ တစ်ချက်သာ ကွာပါတော့သည်။ ကျင်း ၁၆ ၌ မာဆုယားမား ဆယ်ပေ ဘာဒီပတ်လွဲခဲ့သည်မှာ ဂျပ်စ်တင်အားမီရန် အခွင့်အရေးလွတ်ခဲ့ခြင်းပါ။ ကျင်း ၁၇ ပါသရီးမှာ ၂၁၄ ကိုက်ပင်ရှည်သော်လည်း ဂျပ်စ်တင်က သံ ၈ ဖြင့် ကျင်းပေါက်နှင့် သုံးပေအကွာအထိရောက်အောင် ရိုက်နိုင်ခဲ့ကာ ဘာဒီပတ်လည်း ဝင်ခဲ့ပါသည်။ ထိုကျင်းတွင် မာဆုယားမားက ပေသုံးဆယ်အကွာမှ သရီးပတ်ဖြစ်ခဲ့သဖြင့် ဂျပ်စ်တင်က သုံးချက်အသာရသွားပါသည်။ ကျင်း ၁၈ ပါဖိုက်၌ နှစ်ဦးစလုံး ဘာဒီရကြသည့်အခါ ဂျပ်စ်တင်က စုစုပေါင်း ၂၂ ချက်လျော့ဖြင့် ဗိုလ်စွဲသွားပြီး မာဆုယားမားက ၁၉ ချက်လျော့ဖြင့် ဒုတိယရခဲ့ကြသည်။

စပိသ်က နောက်ဆုံးကွင်းပတ်တွင် လက်စွမ်းပြကာ ရှစ်ချက်လျော့ရခဲ့ပြီး လေးရက်ပေါင်း ၁၆ ချက်လျော့ဖြင့် ရိုင်ယင်မိုးရ်နှင့်အတူ ပူးတွဲတတိယရခဲ့သည်။ ဒပ်စ်တင်းဂျွန်ဆင်က ပေါင်း ၁၅ ချက်လျော့ဖြင့် အဆင့် ပူးတွဲ ၆၊ ဂျေဆင်ဒေးက ပေါင်း ၁၃ ချက်လျော့ဖြင့် အဆင့်ပူးတွဲ ၁၂ ရခဲ့ကြသည်။ ထိုပွဲအပြီးတွင် မာဆုယားမားက ကမ္ဘာ့အဆင့် ၆ တွင် ဆက်လက်ရှိနေပြီး ဂျပ်စ်တင်က အဆင့် ၂၁ မှ ၁၂ သို့ တက်ရောက်လာသည်။ ဖက်ဒိတ်စ်ဖလားအမှတ်ဇယားတွင် မာဆူယားမားက ဂျပ်စ်တင်အပေါ် ၃၆ မှတ်အသာဖြင့် ပထမနေရာ ရနေပါသေးသည်။

ဆယ်ကျော်သက်အရွယ်ကတည်းက ဂေါက်သီးကစားဖက်သူငယ်ချင်းဖြစ်သူ ကမ္ဘာ့နံပါတ် ၁ ဟောင်း စပိသ်က သူ့သူငယ်ချင်းဂျပ်စ်တင်သည် ရေတံခါးကြီး ပွင့်သွားပြီဖြစ်ကြောင်း၊ အောင်ပွဲတွေ ဒလဟော ရတော့မည်ဖြစ်ကြောင်း ပြောခဲ့ပါသည်။ မာဆုယားမားကလည်း ဂျပ်စ်တင်သည် ဒရိုက်ဗ်အလွန်ပြေးပြီး အနီးကပ် ရိုက်ချက်များလည်းကောင်းလှကြောင်း၊ ရှေ့သီတင်းပတ်ပြိုင်ပွဲတွင်လည်း သူ့ကိုအနိုင်ရရန် မလွယ်ကြောင်း ပြောခဲ့ပါသည်။

[caption id="attachment_28895" align="alignnone" width="720"]Fitness2017Mar4Justin Thomas[/caption]

အမှန်ပင်ဖြစ်ပါသည်။ ဆက်လာသောရက်သတ္တပတ်၌ ဆိုနီအိုးပင်းကျင်းပခဲ့ရာ ပထမကွင်းပတ်၌ပင် ဂျပ်စ်တင်က ၅၉ ချက် စကိုးကိုရခဲ့သည်။ ပီဂျီအေတိုးရာဇဝင်တွင် ၅၉ ချက် ကွင်းပတ်ကိုရခဲ့ဖူးသူ ယခင်က ခြောက်ဦးသာရှိခဲ့ပါသည်။ ယခုဂျပ်စ်တင်က ခုနစ်ဦးမြောက် ဖြစ်လာပါသည်။ ထို့ထက်လျော့နည်းသော ၅၈ ချက် ကွင်းပတ်စကိုးရဖူးသူဟူ၍တော့ တစ်ဦးတည်းသာရှိပြီး ထို့ထက်နည်းသော ကွင်းပတ်စကိုးကိုမူ မည်သူမျှ မရိုက်နိုင်ကြသေးပါ။ ဂေါက်ကွင်းများသည် အများအားဖြင့် ပါ ၇၂ ချက်၊ သို့မဟုတ် ပါ ၇၁ ချက်၊ သို့မဟုတ် ပါအချက်ခုနစ်ဆယ် ရှိတတ်ကြသည်။ ရံဖန်ရံခါ ပါ ၇၃ ချက်ကွင်းကို တွေ့ရတတ်သည်။ ၅၉ ချက်ဟူသည်မှာ ပါ ၇၂ ချက်ကွင်း၌ ၁၃ ချက် လျော့ရခြင်း ဖြစ်ပြီး၊ ပါ ၇၁ ချက်ကွင်း၌ ၁၂ ချက်လျော့ရခြင်းဖြစ်ကာ ပါအချက်ခုနစ်ဆယ်ကွင်း၌ ၁၁ ချက်လျော့ရခြင်း ဖြစ်ပါသည်။ မည်သည့်ကွင်းတွင်ပင်ရစေကာမူ ၅၉ ချက် ဟူသည်မှာ အလွန်ခက်ခဲလွန်းသဖြင့် ၅၉ ချက် ရိုက်နိုင်သူအား Mr. 59  ဟု ခေါ်ကြပါသည်။ ယခု ဂျပ်စ်တင်ရသောကွင်းမှာ ပါအချက်ခုနစ်ဆယ်ကွင်း ဖြစ်ပါသည်။

ပထမနေ့တွင် ၁၁ ချက်လျော့ရသူ ဂျပ်စ်တင်က ဒုတိယနေရာရနေသူအပေါ် သုံးချက်အသာရနေခဲ့သည်။ ဂျော်ဒန်စပိသ်က ငါးချက်လျော့၊ မာဆုယားမားနှင့် ဂျပ်စ်တင်တို့က လေးချက်လျော့ရနေကြသည်။ ဤပွဲသို့ ၁၄၄ ဦး ဝင်ပြိုင်ခဲ့ကြသည်။ ဂျေဆင်ဒေး၊ ဒပ်စ်တင်းဂျွန်ဆင်နှင့် ရော်ရီမက်ကဲလ်ရွိုင်းတို့တော့ မပါဝင်ခဲ့ကြပါ။ ၅၉ ချက်ကွင်းပတ်ရခဲ့သူများအတွင်း ယခင်က အသက်အငယ်ဆုံးမှာ ၁၉၉၉ ခုနှစ်က အသက် ၂၇ နှစ် အရွယ်တွင် ရခဲ့သူ ဒေးဗစ်ဒ်ဒူဗေါလ်ဖြစ်ရာ ယခုဂျပ်စ်တင်မှာ ၂၃ နှစ်သာရှိသေးသဖြင့် အသက်အငယ်ဆုံး Mr. 59 ဖြစ်လာပါသည်။ ဤနေ့၌ ဂျပ်စ်တင်သည် ဘိုဂီတစ် ကျင်းပါသေးပေရာ ဘိုဂီပါပင်ပါငြားလည်း ၅၉ချက်ရသူ ဖြစ်လာပါသည်။ သူက ဘာဒီရှစ်ကျင်းနှင့် အီဂယ် နှစ်ကျင်းရခဲ့သည်။

ထိုနေ့က သူသည် ကျင်း ၁၀ မှ စတင်တာထွက်ခဲ့ရရာ ထိုကျင်း ၁၀ ပါဖိုက်၌နှစ်ချက်ဖြင့် ဂရင်းနားရောက်ခဲ့ပြီးနောက် ချစ်ပ်လုပ်လိုက်ရာ အီဂယ်တန်းဝင်ခြင်းဖြင့် တာထွက်ကောင်းခဲ့သည်။ ဒုတိယကျင်းဖြစ်သော ကျင်း ၁၁ ပါဖိုး၌ ဂရင်းအနီးဘန်ကာထဲမှ 'ပါ'လွတ်ခဲ့ပြီး ဘိုဂီပါသွားခဲ့သည်။ သူက ဆက်လက်၍ ဘိုဂီမပါတော့ဘဲ ဘာဒီရှစ်ကျင်းထပ်ရပြီးနောက် သူ့အတွက် ၁၈ ကျင်းမြောက်ဖြစ်သော ကျင်းအမှတ် ၉ ပါ ဖိုက်သို့ ရောက်လာခဲ့သည်။ ထိုကျင်း၌ သူ၏ဒရိုက်ဗ်က ဖဲဝေးနံဘေးဘန်ကာထဲသို့ ကျခဲ့သည်။ အလံတိုင်နှင့် ၂၀၆ ကိုက်ကွာဝေးသော ထိုဘန်ကာထဲမှ ဂျပ်စ်တင်က သံ ၅ ဖြင့် ဂရင်းအရောက်ရိုက်ခဲ့သည်။ သူ၏ အီဂယ်ပတ်ကျင်းပေါက်ထဲကျသွားသည့်အခါ သူ ၅၉ ချက် ကွင်းပတ်ကို ရလိုက်ပါပြီ။

ဒုတိယနေ့တွင် ဂျပ်စ်တင်က နောက်ဆုံးကျင်းဖြစ်သော ကျင်း ၁၈ ပါဖိုက်၌ ရှစ်ပေအီဂယ်ပတ်ဝင်သည့်အခါ ထိုနေ့အတွက် ခြောက်ချက်လျော့နှင့် နှစ်ရက်ပေါင်း ၁၇ ချက်လျော့ဖြင့် ပီဂျီအေတိုး၏ ၃၆ ကျင်း စကိုးစံချိန်သစ်အား တင်နိုင်ခဲ့ပြန်သည်။ ဒုတိယနေရာ ရနေသူအပေါ်လည်း ၅ ချက် အသာရခဲ့သည်။ သူ၏ နှစ်ရက်ပေါင်း ၁၂၃ ချက်မှာ ယခင်က ဂျေဆင်ဒေး ၂၀၁၅ ခုနှစ် BMW Championship ၌ တင်ထားသော ၁၂၄ ချက် စံချိန်ထက် တစ်ချက်ပိုကောင်း ခဲ့ပါသည်။ ဤနေ့တွင် နာမည်ကျော်ဇက်ခ်ဂျွန်ဆင်က ကိုးချက်လျော့ ၆၁ ချက် နှင့် ဂျပ်စ်တင်ရို့စ်က ၆၄ ချက် ရိုက်နိုင်ခဲ့ကြကာ နှစ်ဦးစလုံး ဆယ်ချက်လျော့ဖြင့် ပူးတွဲတတိယနေရာသို့ ရောက်လာကြသည်။ နှစ်ရက်ပေါင်းတွင် စပိသ်က ရှစ်ချက်လျော့၊ မာဆူယားမားက ခုနစ်ချက်လျော့တွင်သာ ရှိနေကြပါသည်။

တတိယနေ့တွင် ဂျပ်စ်တင်က ငါးချက်လျော့ထပ်ရခဲ့ရာ သုံးရက်ပေါင်း ၂၂ ချက်လျော့ဖြင့် ဒုတိယရနေသူ ဇက်ခ်ဂျွန်ဆင်အပေါ် ခုနစ်ချက်အသာရခဲ့ပါသည်။ ရို့စ်က ပေါင်း ၁၄ ချက်လျော့ဖြင့် တတိယနေရာတွင် ရှိနေသည်။ ဂျပ်စ်တင်၏ သုံးရက်ပေါင်း ၂၂ ချက် လျော့ ၁၈၈ ချက်သည် လက်ရှိစံချိန်ဖြစ်သော စတိဗ်စထရစ်ကို ၂၀၁၀ ပြည့်နှစ် John Deere Classic ၌ တင်ထားချက်နှင့် စံချိန်တူဖြစ်ပါသည်။ ဤနေ့တွင် ကယ်ဗင်ကစ်စ်နာသည် ၅၉ ချက်ကွင်းပတ်ကို ရလုနီးပါး ဖြစ်ခဲ့ပါသည်။ နောက်ဆုံးကျင်းတွင် သူ၏ ကိုးပေကွာဝေးသာ အီဂယ်ပတ်က ကျင်းပေါက်ထဲသို့ မကျခဲ့ပါ။ ဘာဒီသာရသဖြင့် သူက အချက်ခြောက်ဆယ်ကွင်းပတ်ကိုသာရခဲ့သည်။ သုံးရက်ပေါင်းတွင် သူက ၁၃ ချက်လျော့သို့ ရောက်လာသည်။ နှစ်ရက်အပြီးကမူ သူက အဆင့်ပူးတွဲ ၇၀ နောက်ဆုံးအဆင့်မှကပ်၍ မပြုတ်ဘဲ ဆက်ပါလာခြင်းပါ။ စပိသ်က ပေါင်း ၁၂ချက်လျော့ သာရနေပြီး မာဆုယားမားက ပေါင်းဆယ်ချက်လျော့သာ ရနေပါသည်။

လေးရက်အပြီးတွင် ဂျပ်စ်တင်ဗိုလ်စွဲနိုင်ပါ့မလား။ ပီဂျီအေတိုးရာဇဝင်တွင် သုံးရက်အပြီး ခုနစ်ချက် သာနေသူများသည် နောက်ဆုံးနေ့တွင် ဆက်လက်ဗိုလ်စွဲကြမြဲ ဖြစ်ပါသည်။ ကွင်းပတ်တစ်ခုသာ ကျန်ချိန်၌ ခြောက်ချက်သာနေသူများတွင်မူ ရှုံးနိမ့်ခဲ့သူ ခြောက်ဦးပင် ရှိခဲ့ပါသည်။ ၁၉၉၆ ခုနှစ် မာစတာစ်ပွဲကြီး၌ ငမန်းဖြူကြီးအမည်ရ ဂရက်ဂ်နော်မန်က နစ်ခ်ဖယ်လ်ဒိုအား ရှုံးနိမ့်ခဲ့မှုအပါအဝင်ဖြစ်ပါသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့၌ နောက်ဆုံးကွင်းပတ် စတင်ပါသည်။ ဂျပ်စ်တင်သည် နောက်ဆုံးကျင်းဖြစ်သော ကျင်း ၁၈ ပါဖိုက်အား နှစ်ချက်နှင့် အွန်ပြီးနောက် တူးပတ်ဖြင့် ဘာဒီရသည့်အခါ ထိုနေ့အတွက် ငါးချက်လျော့ ၆၅ ချက်၊ လေးရက်ပေါင်း ၂၇ ချက်လျော့ ၂၅၃ ချက်ဖြင့် ဒုတိယရသူရို့စ်အား ခုနစ်ချက်ဖြတ်ကာ ဗိုလ်စွဲသွားပါသည်။ ဤလေးရက်ပေါင်း စကိုးမှာလည်း စံချိန်သစ်ပင် ဖြစ်ပါသည်။ ယခင်စံချိန်မှာ ၂၀၀၃ ခုနှစ် Texas Open တွင် တွမ်မီအားမားတင်ထားခဲ့သော ၂၅၄ ချက်ဖြစ်ပါသည်။ ရို့စ်က စုစုပေါင်းအချက် နှစ်ဆယ်လျော့ဖြင့်  ဒုတိယ၊ ဤနေ့၌ ခုနစ်ချက်လျော့ရခဲ့သော စပိသ်က စုစုပေါင်း ၁၉ ချက်လျော့ တတိယရခဲ့ကြသည်။ မာဆုယားမားက ပေါင်း ၁၁ ချက်လျော့ဖြင့် အဆင့်ပူးတွဲ ၂၇ သာ ချိတ်နိုင်သည်။ ဂျပ်စ်တင်မှာ ယခုရာသီတွင် သူပါ ဝင်ကစားခဲ့သော ငါးပွဲအတွင်း၌ သုံးပွဲဗိုလ်စွဲနိုင်သူ ဖြစ်လာသည်။ ဤစံချိန်မျိုးအား ဂျွန်နီမီလာက ၁၉၇၄ ခုနှစ်နှင့် ၁၉၇၅ ခုနှစ်များကလည်းကောင်း၊ တိုက်ဂါးက ၂၀၀၃၊ ၂၀၀၈နှင့် ၂၀၁၃ ခုနှစ်များကလည်းကောင်း ရခဲ့ဖူးပါသည်။ ဤအောင်ပွဲကြောင့် ဂျပ်စ်တင်သည် ကမ္ဘာ့အဆင့်တွင် အမှတ်စဉ် ၁၂ မှ ၈ သို့ တက်ရောက်လာပါသည်။ သူ့အထက်တွင် ဂျေဆင်ဒေး၊ မက်ကဲလ်ရွိုင်း၊ ဒပ်စ်တင်းဂျွန်ဆင်၊ ဟင်းန်ရစ်ခ်စတန်ဆင်၊ စပိသ်၊ မာဆုယားမားနှင့် အဒမ်စကော့တ် တို့သာ ရှိပါတော့သည်။

အသက်သုံးဆယ်မပြည့်ကြသေးသော ဂျေဆင်ဒေး ၂၉ နှစ်၊ မက်ကဲလ်ရွိုင်း ၂၇ နှစ်၊ စပိသ် ၂၃ နှစ်၊ မာဆုယားမား ၂၄ နှစ်၊ ဂျပ်စ်တင်တွမ်မတ်စ် ၂၃ နှစ်၊ ပက်ထရစ်ခ်ရိဒ် ၂၆ နှစ်၊ ရစ်ကီဖောင်လာ ၂၈ နှစ်၊ ဘရွတ်စ်ကက်ပ်ကာ ၂၆ နှစ်၊ ဒင်နီဝီးလက် ၂၉ နှစ်တို့၏ လက်ရည်လက်သွေးများအား ၂၀၁၇ ခုနှစ် ဂေါက်သီးပြိုင်ပွဲကြီးများတွင် တွေ့မြင်ကြရပါဦးမည်။ အသက်သုံးဆယ်ကျော် လက်ရည်ကောင်းဆဲဖြစ်သော ဒပ်စ်တင်းဂျွန်ဆင်၊ အဒမ်စကော့တ်၊ ဘတ်ဘာဝပ်တ်ဆင်၊ ဆာဂျီယိုဂါစီယာ၊ ဂျင်မီဝေါ်လ်ကာ၊ ဂျပ်စ်တင်ရို့စ်၊ ရိုင်ယင်မိုးရ်တို့အပြင် အသက်လေးဆယ်ကျော်နေပြီး အောင်မြင်နေကြဆဲဖြစ်သော ဟင်းန်ရစ်ခ်စတန်ဆင်၊ ဖီးလ်မစ်ကယ်ဆင်၊ ဇက်ခ်ဂျွန်ဆင်၊ ဂျင်မ်ဖျူးရစ်ခ်တို့ကလည်း လူငယ်တွေကို အလျော့ပေးကြလိမ့်မည် မဟုတ်ပါ။

[caption id="attachment_28896" align="alignnone" width="720"]Fitness2017Mar5Sony Open မှာ အောင်ပွဲခံနေတဲ့ Justin Thomas[/caption]

ဂျပ်စ်တင်အတွက် ဇန်နဝါရီလလယ်ဆိုနီအိုးပင်းဗိုလ်စွဲပြီးနောက်ဝယ် ဆက်လက်ပါဝင်ကစားမည့် ပီဂျီအေတိုးပွဲမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပမည့် Waste Management Phoenix Open ဖြစ်ပါသည်။ ထိုပွဲသို့ မာဆုယားမား၊ စပိသ်၊ ဖီးလ်မစ်ကယ်ဆင်၊ ဇက်ခ်ဂျွန်ဆင်၊ ဘရွတ်စ်ကက်ပ်ကာအပါအဝင် ၁၃၂ ဦးပါဝင်ကစားကြမည်ဖြစ်ရာ စိတ်ဝင်စားစရာပွဲကြီးပါ။

မာဆုယားမားမှာ ပြိုင်ပွဲလေးပွဲ ဗိုလ်စွဲထားသည်ဆိုသော်လည်း ပီဂျီအေတိုးအမည်ပေါက်သည့် အောင်ပွဲက တစ်ပွဲသာရှိပါသည်။ ဂျပ်စ်တင်က ဤရာသီပီဂျီအေတိုးအောင်ပွဲ သုံးပွဲရပြီးဖြစ်သဖြင့် ဖက်ဒိတ်စ်ဖလား အမှတ်ဇယားတွင် ဂျပ်စ်တင်က ၁၆၁၄ မှတ်ဖြင့် ဦးဆောင်နေပြီး မာဆုယားမားက ၁၁၉၇ မှတ်ဖြင့် ဒုတိယလိုက်နေပါသည်။ ယခု ၂၀၁၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ လက်ရွေးစင်ပရိုအသင်းနှင့် ဥရောပမပါ အပြည်ပြည်ဆိုင်ရာ လက်ရွေးစင်ပရိုအသင်းတို့ နှစ်နှစ်တစ်ကြိမ် ယှဉ်ပြိုင်ကြသော သမ္မတများဖလား ပြိုင်ပွဲကြီးလည်း စက်တင်ဘာလကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ရာ ဂျပ်စ်တင်က အမေရိကန်လက်ရွေးစင်အသင်းတွင် ပါဝင်ရန်နှင့် မာဆုယားမားက အပြည်ပြည်ဆိုင်ရာ လက်ရွေးစင်အသင်းတွင် ပါဝင်ရန်သေချာနေကြပါပြီ။ ထိုပွဲမတိုင်မီ ဂေါက်သီးမေဂျာ ပွဲကြီးလေးပွဲလည်းရှိသေးပေရာ သူ့ထက်သူလူစွမ်းကောင်း မည်သူဖြစ်မည်ဆိုသည်မှာ စောင့်ကြည့်စရာကောင်းလျက် ရှိနေပါတော့သည်။

ဝင်းမြင့်သိန်း