မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ (အခန်း-၃)
ဆွန်ဇူးက အောက်ပါအတိုင်း မိန့်ကြားပါတယ်။ ဒါကြောင့် တပ်တွေကို အသုံးချနည်းတွေဟာ အောက်ပါအတိုင်းဖြစ်တယ်။
- ရန်သူကတစ်ယောက် ကိုယ်ကဆယ်ယောက်ဖြစ်နေရင် ရန်သူကို ဝိုင်းထားပါ။
- ရန်သူ့ရဲ့အင်အားထက် ငါးဆသာရင် ဝင်တိုက်ပါ။
- နှစ်ဆဖြစ်ရင် ကိုယ်က စတင်တိုက်ခိုက်ပါ။
- အင်အားချင်းညီနေရင် ရန်သူအင်အား တကွဲတပြား ဖြစ်သွားအောင် ကြိုးစားပါ။
- ကိုယ်က နည်းနေရင် ခုခံကာကွယ်နိုင်အောင် ကြိုးစားပါ။
- ကိုယ်က အစစအရာရာမှာ အခြေအနေမကောင်းဘူးဆိုရင် ရန်သူကို ရှောင်နိုင်ဖို့ ကြိုးစားပါ။
ဒါကြောင့် ကြံ့ကြံ့ခံပြီး မဆုတ်မနစ်သော ဇွဲနဲ့ အသေအလဲ ခုခံတိုက်ခိုက်သွားရင် အားနည်းတဲ့တပ်ဟာ အားသာတဲ့တပ်ကို နောက်ဆုံးပိတ်မှာ အညံ့ခံသွားရမှာ ဖြစ်တယ်။
ဆွန်ဇူးရဲ့ အထက်ပါ မူရင်းဘာသာစကားဝါကျကို အင်္ဂလိပ်လို အမျိုးမျိုးဘာသာပြန်ကြပါတယ်။ သူတို့ရဲ့ အင်္ဂလိပ်ဘာသာပြန်တွေဟာ မြန်မာလို အောက်ပါအတိုင်းဖြစ်တယ်။ ဒါတွေကို ဖတ်ကြည့်ရင် ဆွန်ဇူးရဲ့နောက်ဆုံးဝါကျရဲ့ ဆိုလိုရင်းအနှစ်သာရကို တွေ့နိုင်တယ်။
တပ်အင်အားသေးနေရင် တပ်အင်အားပိုကြီးမား တဲ့ တပ်ရဲ့ အဓမ္မတိုက်ခိုက်အနိုင်ယူခြင်းကို ခံရတော့မှာ ဖြစ်တယ်။
Samuel B. Griffith
အင်အားသေးတဲ့တပ်ဟာ ဆုတ်သာတက်သာ အပြောင်းအလဲလုပ်ပြီး မဆောင်ရွက်ဘူးဆိုရင် အင်အားကြီးတဲ့တပ်ရဲ့ ဖမ်းဆီးသိမ်းပိုက်ခြင်းကို ခံရမှာပဲ။
Ralph D. Sawyer
အင်အားနည်းတဲ့ တပ်ဟာ အလျှော့မပေးဘူး၊ ဘာပဲဖြစ်ဖြစ် တင်းခံနေမယ်ဆိုရင် အင်အားကြီးတဲ့တပ်ရဲ့ ဖမ်းဆီးသိမ်းပိုက်ခြင်းကို ခံရပါလိမ့်မယ်။
James Clavell
မန်နေဂျာရှုထောင့်မှ သုံးသပ်ချက် . . .
စစ်ပွဲတွေနိုင်တယ်ဆိုတာ အားသာချက်တွေ၊ အင်အားတွေကို စုစည်းအသုံးချနိုင်လို့ ဖြစ်တယ်။
အမေရိကန်နိုင်ငံတွေမှာ Gillette က မုတ်ဆိတ်ရိတ်ဘလိပ်ဓားတွေ အများဆုံးရောင်းထွက်လိမ့်မယ်။ FritoLay က အာလူးကြော်အများဆုံးရောင်းထွက်မှာပဲ။ Anheuser-Busch က ဘီယာအရက်တွေ အများဆုံးရောင်းထွက်မှာပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့အသီးသီးမှာ ရောင်းချရာနေရာတွေက သူများတွေထက်ပိုရှိလို့ပါပဲ။ သူတို့ရဲ့ ရောင်းကွက်အရေအတွက် အားသာချက်ကို သူတို့ရဲ့ ထုတ်လုပ်ဖြန့်ဖြူးရေးအားသာချက်တွေကလည်း ပံ့ပိုးထောက်ကူပေးထားပါတယ်။
လုပ်ငန်းတွေအောင်မြင်တယ်ဆိုတာ အားသာချက်တွေကို စုစည်းကာ အားနည်းချက်တွေကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ သိကြလို့ဖြစ်တယ်။ ကျွန်တော်တို့ဟာ လိုအပ်တဲ့ အားသာချက်မရှိရင် မအောင်မြင်နိုင်ဘူး။ ရည်ရွယ်ချက်က တန်းတူရည်တူဖြစ်ရုံမျှ မဟုတ်ဘူး။ ကိုယ့်အတွက် အသာရစေနိုင်တဲ့ အချက်ကိုတွေ့အောင်ရှာဖွေရေးပဲ ဖြစ်တယ်။ ''စစ်ပွဲမှာ လက်နက်အင်အားအများဆုံးဘက်မှာ ဘုရားသခင်ကနေမှာပါ'' လို့ နပိုလီယံက ပြောခဲ့တယ်။
အရေးကြီးတာက အရေအတွက် ကိစ္စချည်းပဲမဟုတ်ပါဘူး။ သူများတွေထက်သာအောင် နည်းအမျိုးမျိုး လုပ်ကိုင်ရတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အပြိုင်အဆိုင် လုပ်ကြတဲ့အခါ ကုန်ပစ္စည်းတွေ ရောင်းထွက်နိုင်ရေးအတွက် လိုအပ်ချက်တွေဖြစ်တဲ့ နေရာ (တည်နေရာ၊ သို့မဟုတ် ပစ္စည်းတွေ ပြရောင်းဖို့နေရာ)၊ ဈေးနှုန်း၊ အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်း စတဲ့ဟာတွေမှာလည်း သူများတွေထက်သာအောင် လုပ်နိုင်တယ်။ ဒါအပြင် သူများတွေထက်သာအောင် တအားကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့လည်း လုပ်လို့ရတယ်။
ပြိုင်ဘက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုသိဖို့လိုတယ်။ ဒါမှဘယ်နေရာမှာ ကြိုးစားလုပ်ရမယ်ဆိုတာ အာရုံစိုက်လာနိုင်မှာဖြစ်တယ်။ ပြိုင်ဘက်ကို လျှော့တွက်ရင်တော့ ကိုယ်ဒုက္ခအကြီးအကျယ်ရောက်နိုင်တယ်။ ကိုယ်က သူတို့အပေါ်အားသာချက်တွေနဲ့ လွှမ်းမိုးထားနိုင်ရင် ကိုယ်အနိုင်ရမှာပဲ။ သူတို့က လွှမ်းမိုးနိုင်ရင်တော့ သူတို့နိုင်သွားမှာပဲ။ ဒီအနိုင်နဲ့အရှုံးဆိုတဲ့ အစွန်းနှစ်ဖက်ကြားမှာ ယှဉ်ပြိုင်မှုကို တိုးချဲ့လုပ်ကိုင်ဖို့ လိုအပ်လာတဲ့ အခြေအနေတွေဟာ အမျိုးမျိုးရှိပါတယ်။
ဘယ်အလုပ်မှာဖြစ်ဖြစ် အောင်မြင်မှုတွေ အများအပြားရအောင် မိမိမှာရှိတဲ့ ငွေအား၊ လူအား၊ အကြံဉာဏ်အား စတာတွေကို အကျိုးရှိအောင် သုံးစွဲသွားနိုင်ဖို့လိုတယ်။ နေရာတိုင်းမှာတော့ အသာစီးမရနိုင်ဘူးပေါ့။ ဒီလိုလုပ်ဖို့အတွက် အကျိုးအမြတ်ရနိုင်တဲ့ အခွင့်အလမ်းတွေကိုရော ဈေးကွက်ရဲ့ လိုအပ်ချက်တွေကိုပါ အသေအချာသုံးသပ်စိစစ်တတ်ဖို့ လိုတယ်။ ဘယ်ဟာကို ဦးစားပေးရမလဲဆိုတာလည်း အရေးကြီးတယ်။
ပထမအချက်အနေနဲ့ ခင်ဗျားဟာ ဈေးကွက်ရဲ့ တောင်းဆိုမှုတွေ၊ လိုလားချက်တွေကို ဖြည့်ဆည်းပေးရမယ်။ အဲဒါမှ ခင်ဗျားလုပ်လိုက်တာတွေ အကျိုးဖြစ်ထွန်းလာမှာဖြစ်တယ်။ မြတ်ဖို့ပဲ ဦးစားပေးထားရင်၊ တလွဲတွေ ဆက်တိုက်ဆုံးဖြတ်မိတော့မှာ ဖြစ်တယ်။ ဘဏ္ဍာငွေကြေးအရ ဆုံးဖြတ်ချက်တွေမချမီ ဈေးကွက်ရဲ့ လိုလားချက်ကို အမြဲဦးစားပေးရပါတယ်။ အောင်မြင်ဖို့အတွက် တခြားနည်းလမ်းမရှိပါဘူး။
အားသာချက်ကို လက်တွေ့သုံးတော့မယ်ဆိုရင် ခင်ဗျားရဲ့ အားသာချက်ကိုလည်း လေးလေးနက်နက် စဉ်းစားဖို့လိုတယ်။ ဒါဟာ အောင်မြင်ရေးအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်လေ့ရှိပါတယ်။
ညွန့်သောင်း