စေ့စပ်ညှိနှိုင်းရာမှာ ပါဝင်ကြတဲ့လူတွေအကြောင်း ကျွန်တော်တို့ အတော်များများပြောခဲ့ကြပါပြီ။ ဆောင်းပါးပေါင်း အပုဒ်နှစ်ဆယ်တောင် ရှိခဲ့ပြီပဲ။ ဒါတွေကလည်း အရေးကြီးပါတယ်။ စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်မရောက်ခင်၊ ပွဲမဝင်ခင်အပြင်မှာ ကျင်းပဆိုသလို စေ့စပ်ညှိနှိုင်းရေးနဲ့ပတ်သက်ပြီး ပြင်ဆင်ထားသင့် ပြင်ဆင်ထားထိုက်တဲ့ အတတ်ပညာတွေပါပဲ။ ဒီအတတ်ပညာတွေ မပါဘဲ စေ့စပ်ညှိနှိုင်းရေး စားပွဲဆီကို ကျွန်တော်တို့ မသွားသင့်ဘူးဆိုတာ ထင်ရှားပါတယ်။
အခုတော့ ဒီထက်ပိုအရေးကြီးတဲ့ ဗဟိုစက်ဝန်းတစ်ခုအနားကို ရောက်လာကြပါပြီ။ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တစ်ခုမှာ အခြေခံရမယ့်အချက်တွေ အကြောင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်လိုလုပ်ငန်းအမျိုးအစားမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်း၊ ဒါမှမဟုတ် ဌာနဆိုင်ရာလုပ်ငန်းမှာပဲဖြစ်ဖြစ် ပါဝင်နေကြပါစေ၊ ဘယ်လိုထုတ်လုပ်မှု၊ ဒါမှမဟုတ် ဝန်ဆောင်မှုပေးနေကြသည်ဖြစ်ပါစေ၊ အခု ကျွန်တော်ဆွေးနွေးတင်ပြမယ့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ရဲ့ အခြေခံရမယ့်အချက်တွေကတော့ အမြဲတမ်းလိုလို ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး ကျွန်တော်တို့ စဉ်းစားရမှာကတော့ စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်ရောက်တဲ့အချိန် ကျွန်တော်တို့မှာ ဘယ်လိုအခြေခံယူဆချက်တွေ (Assumptions) ပါလာသလဲ။ ဒါတွေကို ဘယ်လိုအကျိုးများအောင် ကိုင်တွယ်ထိန်းကျောင်းရမလဲ ဆိုတာပါပဲ။ ယူဆချက်ဆိုတာ အမည်နာမကိုယ်နှိုက်က အစစ်အမှန် မဟုတ်သေးဘူးဆိုတာ ထင်ရှားပြီးသားပါ။ ကိုယ့်စိတ်ထဲမှာ ထင်နေတာ၊ မှန်းဆထားတာက ဒီလိုများ ဖြစ်နေမလားဆိုတဲ့ အယူအဆတစ်ခုသာလျှင် ဖြစ်ပါတယ်။ အစစ်အမှန် သိရှိခြင်းဆိုတဲ့ အခြင်းအရာတစ်ခုမျှ မပါဝင်ပါဘူး။ စာရှုသူတွေကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ရဲ့ စိတ်အထင်တွေ ဘယ်လောက်များများ လွဲခဲ့ကြသလဲ။ အမှန်တကယ် ပြောရမယ်ဆိုရင် ကျွန်တော်တို့ကြိုတင်ပြီး မသိခဲ့ကြတာ များပါတယ်။ အဲဒီလို မမှန်ကန်တဲ့၊ မတိကျတဲ့ ယူဆချက်တွေကို အသုံးပြုခဲ့ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေဟာ ကျွန်တော်တို့ဘဝမှာ ဘယ်လောက်တောင် ဆိုးဆိုးရွားရွားဖြစ်စေခဲ့သလဲ။ ဒါပေမဲ့လည်း လူသားမျိုးနွယ်တစ်ရပ်လုံးမှာ တစ်ဦးအပေါ်တစ်ဦး၊ တစ်ဖွဲ့အပေါ်တစ်ဖွဲ့၊ ဖြစ်စဉ်တစ်ခု၊ အကြောင်းအရာ တစ်ခုအပေါ်မှာ အခြေခံယူဆချက်တွေက အမြဲရှိနေကြပါတယ်။ ဒီလိုရှိနေကြတာကလည်း ထောင်စုနှစ်ပေါင်း များစွာကြာမြင့်လှပြီ ဖြစ်ပါတယ်။ လူအချင်းချင်း ဆက်သွယ်စကားပြောနိုင်ကြတဲ့ အချိန်မတိုင်မီကတည်းက ရှိခဲ့ကြတာ ဖြစ်နိုင်ပါတယ်။
တစ်ခါတုန်းက ဒီကမ္ဘာကြီးက ပြားတယ်လို့ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းလိုလိုက ယူဆခဲ့ကြပါတယ်။ ဒါဟာ မမှန်ဘူးဆိုတာ အခုခေတ်မှာတော့ လူတိုင်းလိုလိုက သိနေကြပါပြီ။ ဒါဆို ဟိုတုန်းက လူတွေမှာ ဘာကြောင့် ကမ္ဘာပြားတဲ့ ယူဆချက် ရှိခဲ့ကြသလဲ။ သူတို့ရှေ့က လူတွေရဲ့ အတွေ့အကြုံအရ သူတို့ကို အဲဒီလိုပဲပြောခဲ့ကြတော့ 'အတိတ်ကအဖြေ' ဟာ သူတို့အတွက် လက်ငင်းယူဆချက် ဖြစ်လာစေခဲ့တာပဲလို့ ပြောရမှာပါ။ ဒါပေမဲ့ လူတွေက ဒီအတိုင်းမနေကြဘူး၊ စူးစမ်းရှာဖွေကြတယ်၊ ပြုပြင်ပြောင်းလဲကြတယ်၊ ဖွံ့ဖြိုးတိုးတက်လာကြတယ်။ ဒီလိုနဲ့ စစ်မှန်မှုကို ရှာဖွေတွေ့ရှိလာရတယ်။ အတိတ်တုန်းက မှန်တယ်လို့ထင်ခဲ့တာဟာ ယနေ့လည်း ဒီအတိုင်းပဲ မှန်နေတုန်းပဲလို့ ယူဆနေကြမယ်ဆိုရင်တော့ အသစ်ဖြစ်နိုင်ခြေရှာဖွေမှုကို အကြီးအကျယ် ထိခိုက်စေပါလိမ့်မယ်။ အမှန်တရားနဲ့ အသုံးဝင်မှုကိုလည်း ဆုံးရှုံးစေနိုင်ပါတယ်။
ဒါကြောင့် လူ့ဘဝတစ်ခုလုံးအတွက်သော်လည်းကောင်း၊ စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်မှာသော်လည်းကောင်း အခြေခံယူဆချက်နှင့်ပတ်သက်ပြီး ကျွန်တော်တို့ အလေးအနက်ထားရမယ့် အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်ကတော့ ကျွန်တော်တို့က အစစ်အမှန်ကို မသိသေးဘူးဆိုတာ သတိပြုမိဖို့ပါပဲ။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ရဲ့ အခြေခံယူဆချက်ကို အမြဲ စစ်ဆေးနေဖို့ပါ။ အခြေခံယူဆချက်ကတော့ ရှိနေမှာပါပဲ။ အဲဒါကို မှန်ကန်တယ်ဆိုရင်လည်း မှန်ကန်ကြောင်း၊ ကျိုးကြောင်းညီညွတ်ကြောင်း အထောက်အထားရှိဖို့နဲ့ မမှန်ကန်ဘူးဆိုရင်လည်း မမှန်ကန်တဲ့အကြောင်း ဖော်ထုတ်နိုင်ဖို့ပဲ လိုပါတယ်။ ဒါကိုရှာဖွေတဲ့နေရာမှာ မေးခွန်းတွေမေးတဲ့ နည်းလမ်းဟာ အသုံးဝင်ဆုံးနည်းလမ်းပါ။ ဆွေးနွေးဖက် အခြားအဖွဲ့အစည်းမှာလည်း သူတို့ဘက်ကကြည့်ရင် မှန်ကန်တဲ့ ယူဆချက်တစ်ခု ရှိနေမှာပါ။ ဒါကိုလည်း ကျွန်တော်တို့က နားလည်ထားရပါမယ်။
သာဓကအနေနဲ့ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တစ်ခုမှာ တစ်ဖက်အဖွဲ့အစည်းဟာ အမြဲတမ်း တင်းမာတဲ့သဘောထားရှိတယ်၊ အချိန်ဆွဲတတ်တယ်ဆိုတဲ့ အခြေခံယူဆချက်ရှိတဲ့အတွက် ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲကို မျှော်လင့်ချက်သိပ်မထားဘဲ ရောက်လာခဲ့တယ်။ အခုတစ်ခေါက် ဆွေးနွေးပွဲကျမှ တစ်ဖက်အဖွဲ့အစည်းဟာ အတော်များများ လိုက်လျောလိုတဲ့ ဆန္ဒတွေဖော်ပြခဲ့ပေမယ့် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားမှု မရှိတာကြောင့် သဘောတူညီချက် မထုတ်ပြန်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲ။ တစ်ဖက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်မှု ပြောင်းလဲသွားတဲ့အပေါ်မှာ မိမိအဖွဲ့အစည်းရဲ့ မူလယူဆချက်ကို မှန်တယ်၊ မမှန်ဘူး မဖော်ထုတ်နိုင်ခဲ့တာကြောင့် ရှားရှားပါးပါးရနိုင်တဲ့ အခွင့်အရေးတစ်ရပ် လက်လွတ်သွားခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တစ်ခုမှာ ကျွန်တော်တို့ဟာ အတိတ်က အဖြေကို အသေမှတ်ထားပြီး ''သူ့အကြောင်း ငါက အံတိုနေပါပြီ၊ သူ့ပါးစပ်က ဟ လိုက်တာနဲ့ အူဘယ်နှခွေဆိုတာ ငါသိပြီးသားပါ'' ဆိုတဲ့ အခြေခံယူဆချက်ကို ဘယ်တော့မှ အသုံးမပြုသင့်ပါဘူး။ အရင်မှန်းဆချက်တွေကို လုံးဝရပ်တန့်ပစ်ရမှာဖြစ်ပြီး အခြေခံယူဆချက်အသစ်ကို အစစ်မှန်နဲ့ နီးကပ်နိုင်သမျှ နီးကပ်ရအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အခြေခံယူဆချက်တွေကို နောက်ဆုံးအခြေအနေနဲ့အညီ မွမ်းမံပြင်ဆင်နိုင်ဖို့ စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်ရောက်ပြီးတဲ့တိုင် ဆက်လက်စူးစမ်းရှာဖွေနေရမှာ ဖြစ်ပါကြောင်း ဖော်ပြအပ်ပါတယ်။
မင်းဗထူး