မျက်မြင်သင်ခန်းစာ

ynn2017feb1

လူတစ်ယောက်ဟာ စကားတတ်တဲ့ ကြက်တူရွေးတစ်ကောင် လက်ဆောင်ရလာသတဲ့။ ဒါပေမဲ့ အဲဒီကြက်တူရွေးက အလွန်ရိုင်းစိုင်းပြီး တစ်ချိန်လုံး ဆဲရေးတိုင်းထွာနေတာပဲတဲ့။ အဲဒီလူက ဒီကြက်တူရွေးကို ယဉ်ကျေးအောင် နည်းအမျိုးမျိုးနဲ့ ဘယ်လိုပဲ ကြိုးစားသွန်သင်ပေမဲ့ မရဘူးတဲ့။ ဒါနဲ့အဲဒီလူလည်း ဒီသတ္တဝါကို အပြစ်ပေးတဲ့အနေနဲ့ ရေခဲသေတ္တာထဲ ခဏထည့်ပိတ်ထားလိုက်ပါသတဲ့။ ခဏကြာတော့ ရေခဲသေတ္တာထဲကနေ ငယ်သံပါ အောင်အော်သံနဲ့အတူ တံခါးကို ကန်ကျောက်တဲ့အသံကြားရပြီး ငြိမ်သက်သွားပါသတဲ့။ တံခါးဖွင့်ကြည့်လိုက်တော့ အတော်လေး တုန်လှုပ်ချောက်ချားတဲ့ပုံပေါက်နေတဲ့ ကြက်တူရွေးက ''တောင်းပန်ပါတယ်ခင်ဗျား၊ တကယ်စိတ်မကောင်းဖြစ်မိပါတယ်၊ ကျွန်တော်က အတော်ရိုင်းရိုင်းစိုင်းစိုင်းတွေပြောပြီး လူကြီးမင်းစိတ်ဆင်းရဲအောင် လုပ်ခဲ့မိတာကိုး၊ နောက်ဘယ်တော့မှ ဒါမျိုးမလုပ်တော့ပါဘူးခင်ဗျ''လို့ ရိုရိုကျိုးကျိုးပြော ပါသတဲ့။

ဒီလူလည်း အတော်အံ့သြသွားပြီး ဒီကြက်တူရွေး ဘယ်လိုများ ချက်ချင်းပြောင်းလဲသွားပါလိမ့်လို့ တွေးမိလိုက်တာပေါ့။ အဲဒီအချိန်မှာ ကြက်တူရွေးက စကားဆက်ပြီး ''ဒါနဲ့ စကားမစပ် ကြက်က ဘယ်လောက်ဆိုးတဲ့အပြစ် လုပ်ခဲ့တာမို့လဲ၊ ဟင်'' လို့ မေးခွန်းထုတ်လိုက်ပါသတဲ့။ သြော်၊ ရေခဲသေတ္တာထဲမှာ အမွေးနုတ် နှုတ်သီးချိုး ခြေထောက်ဖြတ်ပြီး အကောင်လိုက်ခဲပြီးသေနေတဲ့ ကြက်တစ်ကောင်ကို သူမြင်ခဲ့ပေသကိုး။

ဥပဒေသ ။ ။ ပြုပြင်မရလောက်အောင် မည်မျှဆိုးသွမ်းသူဖြစ်ပါစေ၊ သူ့လိုဆိုးသွမ်းသူမျိုး မည်သို့ထိခိုက်ခံစားရတတ်ကြောင်း မျက်မြင်သင်ခန်းစာ လုံလုံလောက်လောက် ရရှိသွားသောအခါ မယုံနိုင်လောက်အောင် ပြောင်းလဲပြုပြင်သွားတတ်ပါသည်။

အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်