စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေမှာ အောင်မြင်မှုတွေရရှိဖို့အတွက် ပါဝင်ကြသူတိုင်း ကြိုးစားကြပါတယ်။ သူတို့ကြိုးစားတိုင်းအောင်မြင်မှုရပါသလားလို့မေးရင် မရနိုင်ပါဘူးလို့ပဲ ဖြေကြမှာပါ။ အောင်မြင်မှုရအောင် ဘာတွေလိုအပ်သလဲလို့ ထပ်မေးရင် ကျွန်တော်တို့ဆွေးနွေးတင်ပြခဲ့တဲ့ အချင်းချင်းအပြန်အလှန် တန်ဖိုးထားမှု၊ ဖြစ်စေလိုတဲ့အခြေအနေကို ဖန်းတီးရယူနိုင်မှု၊ အပြုသဘော ပြုမူတုံ့ပြန်တတ်မှု၊ လူ့သဘောသဘာဝရဲ့ အခြေခံတရားတွေနားလည်မှု၊ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်ပမာဏကြီးမားမှု၊ စေ့စပ်ညှိနှိုင်းတဲ့ ဆွေးနွေးပွဲပုံစံအမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်မှု၊ ကျင့်ဝတ်များ လိုက်နာစောင့်စည်းမှု၊ ပဋိပက္ခများကို လျော့နည်းပပျောက်စေမှုစတာတွေ လိုအပ်မှာဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့အခုဆွေးနွေးသွားမယ့် စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ ဦးဆောင်မှုပေးနိုင်တဲ့အပြုအမူ ရှိဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲတစ်ခုကို အောင်မြင်စေချင်ရင် ကိုယ့်ဘက်က ဦးဆောင်ဆွေးနွေးတင်ပြမယ့် လူကိုတော့ အသေအချာရွေးချယ်သင့်ပါတယ်။ လူတိုင်းကို ဒီလိုတာဝန်မျိုးပေးလို့ မရနိုင်ပါဘူး။ စောစောပိုင်းမှာ ကျွန်တော်တို့ဆွေးနွေးခဲ့ကြသလို လူတွေရဲ့ အပြုအမူတွေဟာ သူတို့သန်ရာသန်ရာကို လိုက်ပြီးတော့ အနည်းဆုံးလေးမျိုးခွဲခြားနိုင်ပါတယ်။ တစ်မျိုးက လက်တွေ့လုပ်ကိုင်ရမှုအပေါ်မှာ အားသန်တဲ့ ''လုပ်ကိုင်သူ''အမျိုးအစားဆိုပြီး ရှိသလို၊ စဉ်းစားတွေးခေါ်မှုအပေါ် အားသန်တဲ့ ''စဉ်းစားသူ'' အမျိုးအစား၊ စကားပြောဆိုမှုအပေါ် အားသန်တဲ့ ''ပြောဆိုသူ'' အမျိုးအစားနဲ့ နေရာတကာမှာ ပြဿနာမရှိအောင် စောင့်ရှောက်အုပ်ထိန်းမှုအပေါ် အားသန်တဲ့ ''အုပ်ထိန်းသူ'' အမျိုးအစားဆိုပြီး လေးမျိုးလေးစား ရှိပါတယ်။
လုပ်ကိုင်သူ အမျိုးအစားရဲ့ အားသာချက်ကတော့ ချက်ချင်းအဆုံးအဖြတ်ပေးနိုင်ခြင်း၊ အခြေအနေတစ်ခုလုံးကို ခြုံငုံ၍ ရှုမြင်နိုင်စွမ်းရှိခြင်းနဲ့ ကိုယ်ရည်ကိုယ်သွေး သိသာထင်ရှားခြင်းတို့ ဖြစ်ပါတယ်။ သူတို့ရဲ့အားနည်းချက်က လိုရင်းကိုသာ တိုက်ရိုက်ပြောဆိုတတ်ခြင်း၊ မာန်ပါခြင်းနဲ့ စိတ်မရှည်တတ်ခြင်းတို့ ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေမှာတော့ နှစ်ဖက်နိုင်အဖြေမျိုးရဖို့အတွက်ဆိုရင် သူတို့ဟာ အောင်မြင်မှု အလားအလာနည်းပါးသူတွေ ဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ဖြစ်စေချင်တာကို အတင်းတိုက်တွန်းတတ်တယ်။ ''ကျုပ်လိုချင်တာကတော့ ကျုပ်ပြောထားတဲ့အတိုင်းပဲ။ ခင်ဗျားတို့ လိုချင်တာကတော့ ထပ်ညှိရဦးမယ်'' ဆိုတဲ့ ရပ်တည်ချက်မျိုးပေါ့။ ဒါကြောင့် သူတို့ကို စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ဦးဆောင်မှုတာဝန်ပေးဖို့ မသင့်ပါဘူး။
စဉ်းစားသူ အမျိုးအစားရဲ့ အားသာချက်က သူ့သဘောနဲ့သူ ဖြစ်ချင်တိုင်းဖြစ်နေတဲ့အကြောင်းအရာတွေကို ရှေ့နောက်အစီအစဉ်တကျ ဖြစ်အောင်တည်ဆောက်နိုင်စွမ်းရှိတယ်။ ရှုပ်ထွေးနေတဲ့ အကြောင်းအရာတွေကို ကြီးကျယ်ခန့်ညားတဲ့ ပုံစံသစ်တစ်ခုဖြစ်ပေါ်လာအောင် ရှင်းလင်းပေးနိုင်တယ်။ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့အောင်မြင်မှုတစ်ခု ဖြစ်လာရအောင် ပါဝင်သူတွေအားလုံးအတွက်လည်း စဉ်းစားပေးနိုင်တယ်။ သူတို့ရဲ့ အားနည်းချက်က အသေးစိတ်သတင်းအချက်အလက်တွေကို အမြဲပိုမိုလိုအပ်နေတယ်။ အသံနေ အသံထားမပြောင်းလဲနိုင်တဲ့အတွက် ငြီးငွေ့စရာဖြစ်တယ်။ ဟန်ပန်အမူအယာ သက်ဝင်လှုပ်ရှားမှု သိပ်မရှိဘူး။ ဒါပေမဲ့ သူတို့ဟာ နှစ်ဖက်နိုင်အယူအဆကို အအောင်မြင်ဆုံးဖြစ်အောင် စေ့စပ်ညှိနှိုင်းပေးနိုင်သူတွေ ဖြစ်ကြပါတယ်။ တစ်ဖက်ကလည်း သူတို့လိုပဲ မျှမျှတတ စဉ်းစားပေးလိမ့်မယ်လို့ မျှော်လင့်တတ်ကြပြီး မကြာခဏ ဆိုသလို ဒီလိုပုဂ္ဂိုလ်မျိုးဟာ အလျော့ပေးလိုက်လျောမှုတွေ လုပ်တတ်ပါတယ်။ မဖြစ်မနေ အောင်မြင်မှုရအောင် လုပ်ချင်တယ်ဆိုရင်တော့ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ကိုယ့်ဘက်က ဦးဆောင်မှု တာဝန်အတွက် ဒီလိုအမျိုးအစားမျိုးရှိတဲ့လူပုဂ္ဂိုလ်တွေကို တာဝန်ပေးသင့်ပါတယ်။
ပြောဆိုသူ အမျိုးအစားရဲ့အားသာချက်ကတော့ ဖော်ရွေမှုရှိခြင်းနဲ့ အပေါင်းအသင်းများခြင်းတို့ ဖြစ်ပါတယ်။ ဆွေးနွေးနေကြသူတွေဟာ အသေးအဖွဲကိစ္စကလေးနဲ့ နစ်မွန်းနေသလို ဖြစ်နေချိန်မှာ စိတ်ကူးစိတ်သန်းထက်မြက်စွာနဲ့ ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုအပေါ်ရောက်သွားအောင် ပြောဆိုသူအမျိုးအစားက ဆွဲတင်ပေးနိုင်တယ်။ စကားအသုံးအနှုန်း၊ ပြောဆိုတဲ့ အသံနေအသံထားနဲ့ ကိုယ်ဟန်ပန်အမူအရာတို့က နှစ်ဖက်စလုံးကို သဘောကျစေပါတယ်။ သူတို့ရဲ့ အားနည်းချက်တွေကတော့ တစ်ခါတလေ တောင်စဉ်ရေမရ ပြောဆိုတတ်ခြင်း၊ ဆွေးနွေးနေတဲ့အစီအစဉ်ကနေ လမ်းလွဲသွားတတ်ခြင်းနဲ့ စိတ်လိုက်မာန်ပါတုံ့ပြန်မိတတ်ခြင်းတို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ နှစ်ဖက်နိုင်အယူအဆအတွက် ရလဒ်ကောင်းပေါ်စေလိုရင်၊ စဉ်းစားသူအမျိုးအစား လူပုဂ္ဂိုလ်တွေရဲ့နောက်မှာ ဒုတိယဦးစားပေးအဖြစ်နဲ့ ဦးဆောင်မှု တာဝန်ပေးနိုင်သူတွေ ဖြစ်ကြပါတယ်။ လူမှုဆက်ဆံရေးဝင်ဆံ့တာ၊ အကောင်းမြင်တတ်တာနဲ့ စိတ်ပါဝင်စားမှုရှိတာက သူ့အတွက် အားဖြစ်စေတယ်။ ဒါပေမဲ့ အရေမရ အဖတ်မရ ပြောတတ်ခြင်း၊ အာဂျင်ဒါကနေ လွဲသွားခြင်းမဖြစ်ရအောင်တော့ ထိန်းရပါမယ်။ နောက်ပြီး တစ်ခါတလေကျရင်တော့ ပြောဆိုသူအမျိုးအစားဟာ စကားနိုင်လုရင်း အနိုင်အရှုံးရလဒ်ဘက်သို့ ပြောင်းလဲသွားစေနိုင်ပါတယ်။
အုပ်ထိန်းသူ အမျိုးအစားရဲ့အားသာချက်ကတော့ ရေတိုအတွက်ရော ရေရှည်အတွက်ပါ ကောင်းမွန်စေလိုတဲ့စေတနာနဲ့ အကြောင်းအရာတွေကို တည်ဆောက်နိုင်ခြင်း၊ သဟဇာတဖြစ်စေရန် အားပေးခြင်းနဲ့ လူတွေကိုအေးချမ်းငြိမ်သက်မှုရှိအောင် ဖျောင်းဖျနိုင်ခြင်းတို့ ဖြစ်ပါတယ်။ သူတို့ရဲ့အားနည်းချက်တွေကတော့ ပြောဆိုမှုနဲ့ လုပ်ဆောင်မှုတွေမှာ အင်အားမပါရှိခြင်း၊ အကောင်အထည်ဖော်နိုင်မှု နိမ့်ကျခြင်းနဲ့ အချိန်သတ်မှတ်ချက် မပြုလုပ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ အုပ်ထိန်းသူ အမျိုးအစားဟာ နှစ်ဖက်နိုင် အယူအဆနဲ့ ပြုလုပ်တဲ့ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေမှာ အောင်မြင်မှုရရှိဖို့ အလားအလာအနည်းဆုံး အမျိုးအစားဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင်က ပဋိပက္ခဖြစ်တာကို မကြိုက်ဘူး။ လူတွေတစ်ယောက်နဲ့တစ်ယောက် သဟဇာတဖြစ်အောင် မနေနိုင်တာကို ချွတ်ယွင်းချက်လို့မြင်တယ်။ အပြန်အလှန်အပြင်းအထန် ဆွေးနွေးပြောဆိုမှုမျိုးကို လုံးဝရှောင်ရှားတယ်။ စိတ်ထဲမှာ မကျေနပ်တာရှိရင်လည်း သိမ်းထားဖို့ပဲ ဆုံးမတတ်ပါတယ်။ ပြဿနာမှန်သမျှ တအုံနွေးနွေး ဖြစ်ကျန်ခဲ့လို့ ဘယ်တော့မျှ အဖြေမရနိုင်ပါဘူး။
လူတိုင်းမှာ သူ့အပြုအမူနဲ့သူ ရှိတတ်ကြပါတယ်။ ဒီအပြုအမူတွေကပဲ သူ့နေရာနဲ့သူ အင်အားဖြစ်စေသလို ချို့တဲ့မှုလည်းဖြစ်စေပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ကျွန်တော်တို့ရဲ့ အဆိုတွေကို တခြားလူတွေဆီကို တင်ပြရတဲ့အခါမှာ ဒီအပြုအမူတွေက စကားပြောလာပါတယ်။ ကျွန်တော်တို့ရဲ့ အပြုအမူတွေဟာ တခြားလူတွေနဲ့ လိုက်ဖက်မှုရှိတယ်ဆိုရင် အချင်းချင်းပွတ်တိုက်မှုနည်းမယ်၊ နားလည်မှုများမယ်၊ ညှိနှိုင်းဆွေးနွေးရေးလုပ်ငန်းစဉ်မှာ ထိရောက်အောင်မြင်မှုရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စေ့စပ်ညှိနှိုင်းရေးစားပွဲတစ်ခုမှာ ဦးဆောင်မှုတာဝန်ပေးတော့မယ်ဆိုရင် လူတစ်ဦးချင်းရဲ့အပြုအမူကို သေသေချာချာ စိစစ်ရွေးချယ်ပြီးမှသာ တာဝန်ပေးသင့်ကြောင်း တင်ပြလိုက်ပါတယ်။
မင်းဗထူး