Business Insider's Strategy ဝက်ဘ်ဆိုက်ဟာ သူအင်တာဗျူးလုပ်ပြီးခါစ ကျွမ်းကျင်သူတွေရဲ့ ထုတ်လုပ်နိုင်စွမ်း အကြံဉာဏ်တွေနဲ့ ဖတ်ရှုပြီးခါစ စာအုပ်တစ်အုပ်၊ ဒါမှမဟုတ် လေ့လာပြီးခါစ သုတေသနပြုချက်အသစ်တစ်ခုခုကို မျှဝေပေးလေ့ရှိရာ ၂၀၁၇ ခုနှစ်ကို သင့်ရဲ့စွမ်းဆောင်ရည်အမြင့်ဆုံး ထုတ်လုပ်နိုင်စွမ်းအရှိဆုံးနှစ်ဖြစ်အောင်လုပ်ဖို့ ကျွမ်းကျင်ပညာရှင် ၁၁ ဦးဆီက အကြံဉာဏ်တွေ တောင်းခံပြီး အောက်ပါအတိုင်း မျှဝေဖော်ပြပေးထားပါတယ်။
၁။ သင်လုပ်ဆောင်ချင်တဲ့အရာတစ်ခုကို သင်မြတ်နိုးတဲ့အရာတစ်ခုနဲ့ ပေါင်းဖက်ပေးပါ
''ကျွန်တော် မနက်တိုင်း ကော်ဖီသောက်တာ ထုံးစံတစ်ခုပါ။ ထုတ်လုပ်နိုင်စွမ်း ဆက်စပ်လှုပ်ရှားမှုနဲ့ အဲဒါကို ဆက်သွယ်ပေးပါတယ်။ ကျွန်တော့်အလုပ်က စာရေးတဲ့အလုပ်ပါ။ ဒါကြောင့် ကျွန်တော်ကော်ဖီသောက်ရင်း စာရေးတဲ့အခါ စာတွေများများရေးဖြစ်တယ်''။
Dan Ariely (Payoff စာအုပ်ရေးသူ၊ Duke တက္ကသိုလ်မှ ပါမောက္ခ)
၂။ ကရုဏာစိတ်ပိုထားပါ
''ထုတ်လုပ်နိုင်စွမ်းအတွက် အကောင်းဆုံးအကြံပေးချင်တာက ကရုဏာစိတ်ထားဖို့ပဲ။ အဲဒါက ကျွန်မတို့ဟာ လူသားတွေဖြစ်ကြောင်း ရိပ်မိစေတယ်။ ကျွန်မတို့မှာ အဆင်ပြေတဲ့နေ့ရှိသလို မပြေတဲ့နေ့တွေရှိတာပဲ။ ဒါပေမဲ့ ကရုဏာစိတ်က ကိုယ့်ဘာသာ ခွင့်လွှတ်နိုင်အောင်၊ တတ်နိုင်သမျှ လေ့လာဆည်းပူးနိုင်အောင်၊ လေ့ကျင့်တာဘာလဲ မြင်ရအောင်၊ ပြီးပြည့်စုံမှုကို စွန့်လွှတ်အောင် လုပ်ပေးတယ်။ ရှေ့ဆက်ချီတက်ပြီး ထပ်ကြိုးစားဖြစ်စေတယ်''။
Brigid Schulte (Good Life Intiative Lab ညွှန်ကြားရေးမှူးနှင့် Overwhelmed စာအုပ်ရေးသူ)
၃။ သင့်တာဝန်ပြီးမြောက်ရေးကို လိုအပ်ချက်အဖြစ် သတ်မှတ်ပါ
''ထုတ်လုပ်နိုင်စွမ်း အမြင့်မားဆုံးဖြစ်ရေးအတွက် သော့ချက်ဟာ လှုံ့ဆော်မှုနဲ့ပတ်သက်လို့ သင်သိပြီးသား၊ ဒါမှမဟုတ် သင်သိတယ်လို့ထင်တာကို မေ့ပစ်ဖို့ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ရလဒ်နဲ့ ကျွန်တော်တို့ တကယ်လုပ်နိုင်တာကြားမှာ တိုက်ရိုက်အပြန်အလှန်ဆက်စပ်မှုရှိတယ်လို့ ကျွန်တော်တို့ ပုံမှန်ယူဆကြတယ်။ လှုံ့ဆော်မှုအကြောင်းစဉ်းစားဖို့ အပြုသဘောပိုဆန်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒါက သင်လုပ်ဆောင်ချင်တဲ့ ရည်မှန်းချက်တစ်ခုချင်းစီအတွက် သင်စိတ်ကြိုက်မှာယူထုတ်လုပ်ရမယ့်အရာတစ်ခုအဖြစ် စဉ်းစားဖို့ပါပဲ။ ဒီလိုတွေးခြင်းအားဖြင့် လိုအပ်တယ်လို့ အရေးတကြီးအောက်မေ့ရမယ့် အခြေအနေဆီ တမင်တကာ တီထွင်ဖန်တီးမှုမြောက်စွာနဲ့ သင့်ကိုယ်သင်ထားရှိပေးပါလိမ့်မယ်''။
Steve Levinson (The Power To Get Things Done စာအုပ်ရေးသူနှင့် ကုခန်းစိတ်ပညာရှင်)
၄။ ၁၅ မိနစ်စာ စာရင်းပြုစုပါ
''၁၅ မိနစ်စာ စာရင်းပြုစုအသုံးပြုခြင်းအားဖြင့် သင့်တစ်နေ့တာရဲ့ အနုစိတ် အချိန်အကန့်လေးတွေအတွင်း ဖင့်နှေးမှုကိုရှောင်ပြီး အလုပ်ပြီးမြောက်အောင် လုပ်ပါ။ ဒီစာရင်းဟာ ၁၅ မိနစ်၊ ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ အချိန်အတွင်း ပြီးစီးနိုင်တဲ့ အလုပ်တာဝန်တွေရဲ့စာရင်း ဖြစ်ပါတယ်။ တန်းစီနေတဲ့အခါ၊ ဒါမှမဟုတ် သွားဆေးခန်းမှာ စောင့်ဆိုင်းနေတဲ့အခါမျိုးမှာ အလဟဿ ကုန်ဆုံးမယ့်အချိန်လေးတွေကို အကျိုးရှိအောင် အသုံးချနိုင်ဖို့ ဒီစာရင်းလေးကို ဆောင်ထားပါ''။
Carson Tate (Work Simply ရေးသားသူ)
၅။ သင်တွေးခေါ်တဲ့အချိန်ကို ကာကွယ်စောင့်ရှောက်ပါ
''အစည်းအဝေးတစ်ခု၊ ဒါမှမဟုတ် ချိန်းဆိုမှုတစ်ခုအတွက် ခက်ခဲပြီး အရေးကြီးတဲ့ ပြဿနာတွေကို နက်နက်နဲနဲ စဉ်းစားရမယ့် ပြက္ခဒိန်ပေါ်က ကျွန်တော့်အချိန်ကို အစီအစဉ် ချချင်ပါတယ်။ ပြီးရင် အဲဒီအချိန်ကို ကျွန်တော်ကာကွယ်ပါတယ်။ အဲဒီအချိန်မှာပဲ တခြားတစ်ဦးက ကိစ္စတစ်ခုခု လာလုပ်ခိုင်းရင် ကျွန်တော်မအားဘူးလို့ ပြောမှာပဲ။ ရိုးစင်းတဲ့ ဒီနည်းလမ်းက ကျွန်တော်အလုပ်ဖိလုပ်နေရတဲ့အချိန်ကို ချိန်ညှိပေးလို့ တိကျစေ့စပ်စွာ လုပ်နိုင်ပါတယ်''။
Cal Newport (Deep Work စာအုပ်ရေးသူနှင့် Georgetown တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဌာနတွဲဖက်ပါမောက္ခ)
၆။ တစ်မိနစ်အတွင်းပြီးနိုင်မယ့် အလုပ်တာဝန်မှန်သမျှကို ချက်ချင်းဆောင်ရွက်ပါ
''တစ်မိနစ်စာ စည်းကမ်းကိုလိုက်နာပြီး တစ်မိနစ်နဲ့ပြီးနိုင်တဲ့ အလုပ်မှန်သမျှ လုပ်ပါ။ သင့်ကုတ်အင်္ကျီကို ချွတ်ပါ။ စာတစ်စောင်ဖတ်ပြီး ဘေးချလိုက်ပါ။ ပုံစံစာရွက်ဖြည့်ပါ။ အီးမေးလ်စာပြန်ပါ။ မှာကြားချက်ရေးမှတ်ပါ။ သင့်ဖုန်းမက်ဆေ့ချ် ဖွင့်ကြည့်ပါ။ စာတစ်ရွက်ကို စာတွဲထဲထည့်ညှပ်ပါ။ အဲဒီကိစ္စတွေက သိပ်မြန်ဆန်လွန်းလို့ ဒီစည်းကမ်းကိုလိုက်နာဖို့ မခဲယဉ်းလှပါဘူး။ ဒါပေမဲ့ သိပ်ကောင်းတဲ့ရလဒ်တွေ ထွက်ပါတယ်။ စိတ်အနှောင့်အယှက်ပေးတဲ့ အဲဒီအသေးအဖွဲလေးတွေပြီးမြောက်ခြင်းကြောင့် ကျွန်မတို့တွေဟာ သိသာပေါ်လွင်မှုမရှိတဲ့ တာဝန်ပိစိကွေးလေးတွေရဲ့ စုပေါင်းစပ်ပေါင်းဝန်ထုပ်ကြောင့် နှောင့်နှေးခြင်းမရှိတော့ဘဲ ပိုတည်ငြိမ်ပြီး ပိုတက်ကြွလန်းဆန်းပါတယ်''။
Gretchen Rubin (Better Than Before နှင့် The Happiness Project စာအုပ်ရေးသူ)
၇။ သင့်ရဲ့လုပ်စရာကိစ္စများစာရင်းကို အမျိုးအစားခွဲခြားသတ်မှတ်ပါ
''သောကြာနေ့တိုင်း ဦးစားပေးစာရင်းတိုလေးတစ်ခုကို ရှေ့အပတ်အတွက် ကျွန်မစဉ်းစားကြည့်ပါတယ်။ ဒီစာရင်းပြုစုခြင်းဟာ ပိုမိုဟန်ချက်ညီတဲ့ဘဝကို ရစေပါတယ်။ စာရင်းလုပ်ပြီးတဲ့အခါ ရှေ့အပတ်အစီအစဉ်ကို ပြက္ခဒိန်မှာကြည့်ပြီး ဘာတွေဘယ်လိုလုပ်သင့်သလဲ အကြမ်းဖျင်းတွက်ဆပါတယ်။ ကိစ္စအားလုံးပြီးအောင် အမြဲမလုပ်နိုင်ပေမယ့် သီတင်းပတ်ကုန်ဆုံးချိန်မှာ ကိစ္စအားလုံးလုပ်ဆောင်ပြီးသားဖြစ်ဖို့ ကျွန်မရည်မှန်းပါတယ်။ အဲဒါကြောင့်မို့ ကျွန်မရဲ့ ဦးစားပေးစာရင်းကို စာရွက်ပေါ်မှာရေးတာပါ။ ကိစ္စတစ်ခုလုပ်ပြီးတိုင်း စာရင်းကို ခြစ်ပစ်ရတာ သိပ်ကျေနပ်စရာ ကောင်းလှပါတယ်''။
Laura Vander Kham (I Know How She Does It စာအုပ်ရေးသူ)
၈။ သင့်အလုပ်တာဝန်တွေဟာ သင့်စွမ်းအင်အဆင့်နဲ့ကိုက်ညီပါစေ
''သင်လုပ်တဲ့အလုပ်နည်းတူ သင်ဘယ်အချိန်မှာ လုပ်တယ်ဆိုတာကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ သိမြင်တတ်တဲ့ လုပ်ဆောင်ချက်တွေက တစ်နေ့တာလုံး အတက်အကျဖြစ်ပါတယ်။ ကျွန်တော်တို့အများစုဟာ သတင်းအချက်အလက်အသစ်ကို ဖမ်းဆုပ်မှတ်သားရာမှာ သိသိသာသာ ညံ့ဖျင်းကြပါတယ်။ ရှေ့အစီအစဉ် ကြိုရေးဆွဲတာ၊ နောက်ပြီး ညနေစောင်းလာတာနဲ့အမျှ အာရုံထွေပြားစရာတွေကို တောင့်ခံရာမှာလည်း ထို့အတူပါပဲ။ ဒါကြောင့်မို့ သင်ဟာ သင့်စွမ်းအင်အဆင့်နဲ့ အလုပ်တာဝန်တွေ ကိုက်ညီအောင်ပိုလုပ်နိုင်လေ အားနည်းနည်းပဲစိုက်ကာ အလုပ်ပြီးမြောက်အောင် ပိုလုပ်နိုင်လေဖြစ်မှာပါ''။
Ron Friedman (၂၀၁၇ ဧပြီလထုတ်လွှင့်မည့် 2017 Peak Work Summit အခမ်းအနားမှူးနှင့် စိတ်ပညာရှင်)
၉။ နှစ်သစ်ကို Inbox အလွတ်နဲ့ စတင်လိုက်ပြီး အဲဒီအတိုင်း ဆက်ထားရှိဖို့ မျှော်လင့်ပါ
''အခုအချိန်ဟာ ကျွန်မရဲ့အီးမေးလ် Setup ကို ပြန်သုံးသပ်ပြီး Folder တွေကို စနစ်တကျပြန်စီပြီးတော့ ကျွန်မရဲ့အီးမေးလ်ဦးစားပေးစနစ်ကို ပိုပြီးထိရောက်စေချင်ပါတယ်။ သင့်အီးမေးလ် Inbox ထဲ မကြာခင်ကဝင်လာတဲ့ မက်ဆေ့ချ်အစောင်ရေ ငါးဆယ်၊ ဒါမှမဟုတ် တစ်ရာခန့်ကိုကြည့်ပြီး သတင်းလွှာတွေ၊ ဒါမှမဟုတ် မရှိလည်းဖြစ်တဲ့ စာမှန်သမျှ သင့် Inbox ထဲ ဝင်မလာအောင် ထိန်းသိမ်းပေးကာ သတ်မှတ် Folder တွေဆီ ပို့ပေးမယ့် ချောစာစည်းကမ်းတွေ Setup လုပ်ပါ။ သင့် Email Setup ကို ရှင်းလင်းဖို့ နာရီအနည်းငယ် အချိန်ပေးပါ။ ပြီးရင် ၂၀၁၆ က အကြွင်းအကျန်အားလုံးကို ၂၀၁၆ မော်ကွန်းစာတွဲ (Archive Folder) ထဲကို ဆွဲထည့်ပါ။ နှစ်သစ်ကို ရှင်းလင်းပြီးသား Inbox နဲ့ သင်စတင်နိုင်ပါလိမ့်မယ်''။
Alexandra Samuel (Work Smarter With Social Me စာအုပ်ရေးသားသူ)
၁၀။ နေ့စဉ်နံနက်မိုးလင်းတိုင်း ရည်မှန်းချက်သုံးခုသတ်မှတ်ပါ
''နေ့စဉ် နံနက်မိုးလင်းတိုင်း ကျွန်တော် ဒီလိုစဉ်းစားပါတယ်။ တစ်နေ့တာကုန်ဆုံးတဲ့အခါ ငါလုပ်လို့ပြီးချင်တဲ့ ကိစ္စသုံးခုက ဘာတွေဖြစ်မလဲ။ မိနစ်အနည်းငယ်အတွင်းမှာပဲ အရေးကြီးတာနဲ့ အရေးမကြီးတာကို သင်ခွဲထုတ်ပါ။ သင့်ရဲ့ ရေရှည်ရည်မှန်းချက်တွေကို နိစ္စဓူ၀ စဉ်းစားခွင့်ရလိမ့်မယ်။ နောက်ပြီး နှစ်သစ်အတွက် သင့်ရဲ့ဆုံးဖြတ်ချက်တွေရှိခဲ့ရင်လည်း သင့်အချိန်၊ သင့်အာရုံစိုက်မှုနဲ့ သင့်စွမ်းအင်တွေကို အဲဒီနေ့ရက်မှာ ဘယ်လောက်အားထုတ်ရမလဲ စဉ်းစားပါ။ သင်ဟာ ပိုပြီးထုတ်လုပ်နိုင်စွမ်းရှိမယ့်အဆင့်ကို မျှော်လင့်နေရင် အပတ်စဉ်ရော၊ လစဉ်ပါ ရည်ရွယ်ချက်သုံးမျိုး ချမှတ်ဖို့ အကြံပြုချင်ပါတယ်''။
Chris Bailey (A Year of Productivity စာအုပ်ရေးသားသူ)
၁၁။ သင့်အီးမေးလ်ဖြစ်စဉ်ကို Timebox လုပ်ပါ
''အီးမေးလ်ပေးပို့တဲ့လူနှစ်မျိုးနှစ်စားရှိပါတယ်။ တစ်မျိုးက တစ်နေကုန် သူတို့အီးမေးလ်တွေကို မွှေနှောက်ပြီး သူတို့ရဲ့ Inbox တွေကို ဆက်တိုက်စောင့်ကြည့်ကာ သတိပေးစာ၊ နှိုးဆော်စာ (Notifications) တွေကို အားကိုးအားထားပြုတဲ့ Reactors (တုံ့ပြန်သူတွေ) ဖြစ်ပါတယ်။ နောက်တစ်မျိုးက ကျန်တဲ့အချိန်တွေမှာ မိမိတို့ဥပေက္ခာပြုထားနိုင်အောင်လို့ နေ့စဉ်မိမိတို့ Inbox ကို စစ်ဆေးဖို့ အချိန်အကန့်လေးတချို့ ချန်လှပ်ထားတဲ့ (Batcher) (Batching လုပ်သူ) တွေဖြစ်ပါတယ်။ အီးမေးလ်မကြာခဏ စစ်ဆေးလေ ကျွန်မတို့ ပိုပြီးစိတ်ဖိစီးခံရလေ ဖြစ်ပါတယ်။ ဒါကြောင့် Batcher တွေဟာ ပိုထုတ်လုပ်နိုင်စွမ်းရှိပြီး ပိုစိတ်ချမ်းသာကာ ဖိစီးမှုပိုနည်းသူတွေဖြစ်ပါတယ်။ Batching လုပ်တဲ့ အလေ့အကျင့်ရအောင် အီးမေးလ်စစ်ဆေးဖို့ နေ့စဉ် နာရီဝက်၊ ဒါမှမဟုတ် တစ်နာရီစာ အချိန်အကန့်လေးတွေ သတ်သတ်ဖယ်ထားဖို့ ဖြစ်ပါတယ်''။
Jocelyn Glen (Unsubscibe စာအုပ်ရေးသားသူ)
ဟိဏ်းကိုကို