ကိုယ်ထူးကိုယ်ချွန်မီလီယံနာ ဖြစ်လာစေမယ့် အလေ့အကျင့် ၁၀ ခု

ကိုယ်ထူးကိုယ်ချွန်သန်းကြွယ်သူဌေး (မီလီယံနာ) ဖြစ်လာဖို့ဆိုတာ လွယ်တယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အောင်မြင်တဲ့ ကိုယ်ထူးကိုယ်ချွန် မီလီယံနာတွေကိုကြည့်ရင် အောက်မှာဖော်ပြထားတဲ့ အချက်ဆယ်ချက်ထဲက နည်းလမ်းတွေ၊ အကျင့်စည်းကမ်းတွေ၊ လမ်းညွှန်ချက်တွေကို အကုန်လုံး ဒါမှမဟုတ် အနည်းငယ်ကို လိုက်နာကျင့်သုံးကြတယ်ဆိုတာ တွေ့ရပါတယ်။ ဒီနည်းလမ်းတွေဟာ ကိုယ်ထူးကိုယ်ချွန် ကျွမ်းကျင်အတတ်ပညာရှင်တွေ၊ အောင်မြင်သူတွေ၊ မီလီယံနာတွေဖြစ်ဖို့ နည်းလမ်းကောင်းတွေဖြစ်တာကြောင့် သင့်မှာမီလီယံနာတစ်ဦးဖြစ်ဖို့ ရည်မှန်းချက်ရှိတယ်ဆိုရင် ဒီနည်းလမ်းတွေကို လိုက်နာကျင့်သုံးသွားဖို့ လိုပါတယ်။

millioner10fact

၁။ စိန်ခေါ်မှုလို့ သဘောထားဆောင်ရွက်ပါ။

ကိုယ်ထူးကိုယ်ချွန်မီလီယံနာတွေဟာ အပြောသမား၊ စိတ်ကူးယဉ်သမားတွေ မဟုတ်ပါဘူး။ သူတို့က ''ဒေါ်လာတစ်သန်း ပိုင်ဆိုင်လာဖို့'' လို့ပြောရုံသက်သက် မဟုတ်ဘဲ ကိုယ့်ရဲ့စိတ်ကူးအိပ်မက်အတိုင်း အောင်မြင်ဖို့အတွက် စိန်ခေါ်မှုတွေကို လိုလိုလားလား လက်ခံကြသူတွေ ဖြစ်ပါတယ်။

၂။ ဇိမ်မယူလွန်းပါနဲ့။

လုပ်သင့်သလောက်လုပ်ပြီးပြီ၊ ပင်ပင်ပန်းပန်း ဆက်ပြီးကြိုးစားစရာမလိုတော့ဘူးလို့ ဘယ်တော့မှ မမှတ်ယူပါနဲ့။ ဥပမာ- ကိုယ့်ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဒေါ်လာတစ်သန်းပိုင်လာပြီဆိုရင် နောက်ထပ် ရည်မှန်းချက်ပန်းတိုင်၊ အဆင့်တစ်ဆင့်ကို ချမှတ်ပြီး ရောက်အောင်ကြိုးစားဖို့လိုပါတယ်။ ကိုယ်ရောက်နေတဲ့နေရာမှာ ရောင့်ရဲနေတာမျိုးမလုပ်ဘဲ အောင်မြင်မှုပိုမိုရရှိဖို့၊ ဝင်ငွေပိုရဖို့အတွက် ပိုပြီးကြိုးစားနေသင့်ပါတယ်။

၃။ ပိုလေ့လာသင်ယူပါ၊ ပိုကြိုးစားလုပ်ကိုင်ပါ။

ကိုယ်က အရည်အချင်းဘယ်လောက်ပဲ ရှိပါစေ၊ အစွမ်းဘယ်လောက်ပဲရှိပါစေ၊ လေ့လာသင်ယူမှု၊ ကြိုးစားလုပ်ကိုင်မှုတွေ ဆက်မလုပ်ဘဲ ရပ်တန့်နေမယ်ဆိုရင် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ အောင်မြင်မှုကို အပြည့်အဝကို မရရှိနိုင်ပါဘူး။ အဆက်မပြတ် သင်ယူလေ့လာခြင်းဟာ ရည်မှန်းချက်ပန်းတိုင်တွေကို ပေါက်မြောက်စေမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

၄။ ကျရှုံးမှုတွေနဲ့ အမှားတွေကနေ သင်ခန်းစာယူပါ။

လူဆိုတာ တစ်ချိန်ချိန်မှာ အမှားပြုလုပ်မိလေ့၊ ကျရှုံးလေ့ ရှိတတ်စမြဲဖြစ်ပါတယ်။ ဒီကျရှုံးမှုတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာက ကိုယ့်ကိုအောင်မြင်စေတဲ့ အောင်မြင်ရေးသော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က ကျရှုံးမှုတွေ၊ အမှားတွေကနေ ကျရှုံးရတဲ့ အကြောင်းရင်းတွေကို သင်ယူမှုအတွေ့အကြုံအဖြစ် မှတ်ယူပြီး လက်သင့်တော့မခံဘဲ ဆက်လက်လှုပ်ရှားဆောင်ရွက်သင့်ပါတယ်။

၅။ နေ့တိုင်းစာဖတ်ပါ။

နေ့တိုင်းစာဖတ်ဖို့ အချိန်ရှိသရွေ့ စာဖတ်နေဖို့လိုပါတယ်။ ဖတ်ရမယ့် အကြောင်းအရာသစ်တွေကိုလည်း မပြတ်တမ်းရှာဖွေနေဖို့လိုပါတယ်။ ကိုယ့်လုပ်ငန်း ခေတ်စားလာတာနဲ့အမျှ ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး အမြဲနှာတစ်ဖျားသာနေဖို့ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး ထိပ်ဆုံးရောက်ရှိစေမယ့် အထိရောက်ဆုံး လှုပ်ရှားလုပ်ကိုင်ရမှာတွေကို သိဖို့လိုပါတယ်။

၆။ ကိုယ်၊ စိတ် ကျန်းမာ၊ ချမ်းသာစွာ ရှိပါစေ။

အောင်မြင်မှုရစေဖို့ အရေးကြီးတဲ့ သော့ချက်တစ်ခုမှာ ကိုယ်၊ စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာစွာ ရှိနေစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် နေ့တိုင်းလေ့ကျင့်ခန်းပုံမှန်လုပ်၊ သင့်တင့်တဲ့ အစားအစာကိုစားပြီး အိပ်ရေး၀၀အိပ်ဖို့ လိုပါတယ်။

၇။ အောင်မြင်ချင်စိတ်ရှိသူတွေနဲ့ ရောနှောပေါင်းသင်းပါ။

လူပေါင်းမှားရင် ကိုယ်ရောစိတ်ပါ ပင်ပန်းရစေပါတယ်။ ကိုယ်နဲ့ စိတ်သဘောတူညီသူတွေ၊ အောင်မြင်ချင်စိတ် ရှိသူတွေက ကိုယ့်ရဲ့ကြိုးစားချင်စိတ်ဖြစ်ပေါ်လာအောင် စေ့ဆော်ပေးပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်အပေါ် အာရုံစူးစိုက်စေပါတယ်။ အလုပ်ကို ဂရုမစိုက်သူတွေ၊ အလေးမထားသူတွေနဲ့ အပေါင်းအသင်းမလုပ်ဘဲ ရှောင်ကွင်းပါ။ အချိန်ရှိသရွေ့ ပျော်ပွဲစားနေလေ့ရှိသူတွေဟာ ကိုယ့်အောင်မြင်မှုကို အကျိုးမပြုကြပါဘူး။

၈။ ကိုယ့်အောက်အခြေအနေရှိသူ၊ ချစ်ခင်တွယ်တာရမယ့်သူတွေကို စောင့်ရှောက်ပါ။

ကိုယ်စိတ်နှစ်ပါးစောင့်ရှောက်ထားပါဟု ဖော်ပြပြီးပါပြီ။ ကိုယ့်ရဲ့အဇ္ဈတ္တ (အတွင်းစိတ်) ကိုလည်း စောင့်ရှောက်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ချို့တဲ့သူတွေကို မျက်ခြည်မပြတ်ပါစေနဲ့။ ငွေရေးကြေးရေး အောင်မြင်မှုကို အကောင်းဆုံးခံစားနိုင်စေမယ့် နည်းလမ်းတစ်ခုမှာ ချစ်ခင်တွယ်တာသူများကို ပြုစုစောင့်ရှောက်ခြင်း ဖြစ်ပါတယ်။

၉။ ရိုးသားဖြောင့်မတ်ပြီး ပွင့်လင်းမြင်သာရှိပါစေ။

လိမ်ပြောတာနဲ့ မရိုးမသားပြုလုပ်တာဟာ ဘယ်တော့မှ ထင်သလောက် ခရီးမရောက်စေပါဘူး။ ဒါကြောင့် လူအများနဲ့ ဆက်ဆံရင် အမြဲတမ်း ရိုးသားဖြောင့်မတ်၊ ပွင့်လင်းမြင်သာရှိဖို့ လိုပါတယ်။ အမှန်တကယ် အရေးပါပေမဲ့ အမြဲလျှော့တွက်ခံရလေ့ရှိတဲ့ ဒီအလေ့အထက ကိုယ်မျှော်မှန်းတမ်းတနေတဲ့ ကျွမ်းကျင်မှုအတတ်ပညာ၊ အောင်မြင်မှုစတာတွေရရှိစေဖို့ ကူညီပံ့ပိုးပေးပါလိမ့်မယ်။

၁၀။ ဘဝအောင်မြင်မှုရရှိဖို့ ရေတိုမဟုတ်၊ ရေရှည်အတွက် တွေးခေါ်ပါ။

လူမြောက်မြားစွာဟာ ''နောင်နှစ်မှာ ငါငွေဘယ်လောက် ရရစေမယ်'' ဆိုတဲ့ ရေတိုအောင်မြင်ရေး ပန်းတိုင်တွေပဲ ထားလေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အမှန်တကယ် အောင်မြင်ချင်တယ်ဆိုရင်တော့ ရေတိုရည်မှန်းချက် ပန်းတိုင်တွေပေါ် အာရုံမစူးစိုက်ဘဲ ရေရှည်မှာ ကိုယ့်ဘ၀ ဘယ်လိုဖြစ်စေရမယ်ဆိုတဲ့ စိတ်ကူးပုံရိပ်ကြီးအပေါ် အာရုံစူးစိုက်ထားသင့်ပါတယ်။ ဒီလိုရည်မှန်းချက် ပန်းတိုင်မျိုးကသာ မိမိဘာသာ ဖူလုံအောင်၊ ကိုယ်နဲ့မိသားစုအတွက် ဥစ္စာဓနစုဆောင်းမိအောင် စေ့ဆော်ပေးနိုင်မှာ ဖြစ်ပါတယ်။

ခင်အောင် (အင်္ဂလိပ်စာ)