ရှုထောင့်ပေါင်းစုံ အညီအမျှ ပါဝင်သုံးသပ်တင်ပြထားတဲ့ လုပ်ငန်းပြီးမြောက်မှု အခြေပြဇယား(The Balanced Score-card)

unyuntthoung1

Robert Kaplan နဲ့ David Norton တို့ဟာ သူတို့ရဲ့ The Balanced Scorecard ဆိုတဲ့ စာအုပ်ထဲမှာ စီးပွားရေး စတင်စွန့်စားလုပ်ကိုင်သူတွေ မိမိတို့ရဲ့ လုပ်ငန်းရေရှည် ပိုမိုအကျိုးဖြစ်ထွန်းရေးအတွက် လုပ်ကိုင်ရမယ့် နည်းလမ်းအသွယ်ကို မီးမောင်းထိုးပြထားပါတယ်။ Balance Scorecard ဆိုတဲ့ လုပ်ငန်းအခြေပြဇယားဟာ တိုင်းတာရေးနဲ့ စီမံခန့်ခွဲရေးဆိုတဲ့ အချက်နှစ်ချက်ပါဝင်တဲ့ စနစ်တစ်ရပ်ဖြစ်ပြီး ဦးတည်ရည်မှန်းချက်တွေနဲ့ လုပ်ငန်းတိုးတက်မှုတွေဟာ ဘယ်လိုအဆက်အစပ်ရှိသလဲဆိုတာကို ဖော်ပြတဲ့ဇယားပဲဖြစ်ပါတယ်။

အယူအဆ

ဒီ Scorecard ဟာ မန်နေဂျာတွေကို ယင်းတို့ရဲ့လုပ်ငန်းဆိုင်ရာကဏ္ဍလေးရပ်မှာ ဦးတည်ရည်မှန်းချက်တွေ ချမှတ်တဲ့အခါ ဘယ်လိုလက်တွေ့ဆောင်ရွက်ရမယ်ဆိုတာနဲ့ လုပ်ငန်းတွေရဲ့အကျိုးရလဒ်ကိုလည်း ပုံမှန်စိစစ်အကဲ ဖြတ်တတ်သွားစေနိုင်တယ်။ ယင်းတို့ရဲ့ အဓိကလုပ်ငန်းအဆင့်ဆင့်မှာတွေ့ရတဲ့ အချက်အလက်တွေကိုလည်း အချက်အလက်အချင်းချင်း ဆက်စပ်ညှိနှိုင်းကာ တလုံးတစည်းတည်းဖြစ်အောင် ဆောင်ရွက်စေနိုင်တယ်။ ဒီလို အချက်အလက်တွေကို သဟဇာတဖြစ်အောင် စုစည်းတင်ပြထားတာဖြစ်ပြီး ဘယ်အလုပ်တွေကို ပြီးဆုံးအောင် လုပ်ရမယ်ဆိုတာကိုလည်း မီးမောင်းထိုးပြတယ်။

ဒီ Scorecard မှာ အပိုင်းလေးပိုင်းပါဝင်တယ်။ ပထမအပိုင်းကတော့ သမားရိုးကျသိပြီးလည်းဖြစ်၊ ကိန်းဂဏန်းတွေနဲ့လည်း အတိအကျအခိုင်အမာဖော်ပြနိုင်တဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာအတိုင်းအတာတွေ ဖြစ်တယ်။ ကျန်တဲ့သုံးပိုင်းမှာ အောက်ပါတို့ ပါဝင်တယ်။

- ဖောက်သည်ရဲ့ ရှုထောင့်။ ။ မိမိရဲ့လုပ်ငန်းကို ဖောက်သည်တွေက ဘယ်လိုမြင်နေကြသလဲ။

- မိမိလုပ်ငန်းတွင်း ရှုထောင့် ။ ။ သူများတွေထက် သာအောင် မိမိလုပ်ငန်းတွင်းမှာ လုပ်ရမယ့် အလုပ်ကိစ္စတွေ။

- ဆန်းသစ်တီထွင်မှုဆိုင်ရာနဲ့ အသိပညာသင်ယူရေးဆိုင်ရာ ရှုထောင့် ။ ။ မိမိဌာနတွင်းမှာ ဆက်လက် တိုးတက်ကောင်းမွန်လာအောင် ပိုမိုတန်ဖိုးရှိလာအောင ် လုပ်ရမယ့်ကိစ္စတွေ။

Scorecard ကို လက်တွေ့အကောင်အထည် ဖော်ရာမှာ အထင်ရှားဆုံးနဲ့ အအောင်မြင်ဆုံးနမူနာကို ပြပါဆိုရင် Mobil Oil (အခုအခါ Exxon လို့ နာမည်ပြောင်းထားတဲ့ကုမ္ပဏီနဲ့ CIGNA Insurance ဆိုတဲ့ကုမ္ပဏီတွေကို ပြရမှာဖြစ်တယ်။ Exxon ဟာ သူ့ရဲ့ အလားတူ လုပ်ငန်းခွင်တစ်ရပ်လုံးမှာ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အတွင်း အမြတ်ရရှိနိုင်မှုအနေအထားဟာ နောက်ဆုံးအဆင့်ကနေ ပထမအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ ဒီအနေအထားကို လေးနှစ်ထိန်းထားခဲ့တယ်။ CIGNA Insurance ဟာ ၁၉၉၃ ခုနှစ်တုန်းက တစ်နေ့ကို ဒေါ်လာတစ်သန်း အရှုံးပေါ်ခဲ့တယ်။ ဒါပေမဲ့ နောက်နှစ်နှစ်အတွင်းမှာ သူ့လို အလားတူလုပ်ငန်းများ လောကမှာ ထိပ်ဆုံးအုပ်စုစာရင်း ဝင်လာနိုင်ခဲ့တယ်။ ဒီလိုအောင်မြင်လာကြတာဟာ Balanced Scorecard ကြောင့်ပါလို့ ဒီကုမ္ပဏီနှစ်ခုလုံးက ဆိုကြတယ်။

လက်တွေ့ဆောင်ရွက်ရန်

Scorecard ကို အကောင်အထည်ဖော်ရာမှာ ဘာတွေလုပ်ရမလဲဆိုတဲ့ အသေးစိတ်အလုပ်ဟာ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်း (ကုမ္ပဏီ) ရဲ့အမျိုးအစား၊ အရွယ်အစားနဲ့ ဖွဲ့စည်းပုံပေါ်မှာ မူတည်ပါတယ်။ အဲဒါတွေအရသာ ဆောင်ရွက်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်။ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေထဲက အဓိကအဆင့်တွေကတော့ -

၁။ လုပ်ငန်းဦးတည်ချက်အောင်မြင်ရေးအတွက် အစီအစဉ်တွေကိုရေးဆွဲကာ ပီပီပြင်ပြင်သတ်မှတ်ခြင်း ။ ။ ဦးတည်ချက်၊ ရည်မှန်းချက်တွေကို လူတွေနားလည်သဘောပေါက်လာအောင် ရှင်းပြရမယ်။ ရည်ရွယ်ချက်တစ်ခုချင်း အောင်မြင်ရေးအတွက် အချက်သုံးချက်၊ ဒါမှမဟုတ် လေးချက်လောက်ကို ရှင်းပြပါ။

၂။ ဘာကိုတိုင်းတာရမလဲဆိုတာ ဆုံးဖြတ်သတ်မှတ်ခြင်း ။ ။ အထက်မှာဖော်ပြခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ၊ ဖောက်သည်ဆိုင်ရာ၊ ဌာနတွင်းလုပ်ငန်းဆိုင်ရာနဲ့ ဆန်းသစ်တီထွင်မှုနဲ့ သင်ယူရေးဆိုင်ရာဆိုတဲ့ အချက်တွေနဲ့ပတ်သက်တဲ့ တစ်ချက်ချင်းစီရဲ့ ရှုထောင့်အမြင်ကို အခြေခံပြီး ရည်ရွယ်ချက်တွေနဲ့ တိုင်းတာမှုတွေကို ပြုလုပ်သင့်တယ်။

Balanced Scorecard နမူနာကိုကြည့်ပါ။

၃။ လုပ်ငန်းစီမံချက်ကို အပြီးသတ်ကာ စတင်အကောင်အထည်ဖော်ခြင်း ။ ။ ဦးတည်ရည်ရွယ်ချက်တွေနဲ့ရော တိုင်းတာရမယ့်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကို သဘောတူညီချက်ရဖို့ နောက်ထပ်ဆွေးနွေးသွားကြဖို့လိုတယ်။ ဘယ်လိုတိတိကျကျ တိုင်းတာမလဲဆိုတာလည်း ဆွေးနွေးဖို့လိုတယ်။ ဦးတည်ရည်ရွယ်ချက် အောင်မြင်အောင် ဘယ်လိုလုပ်ကိုင်မလဲဆိုတာ တကယ်အရေးကြီးတယ်။

၄။ ဆက်သွယ်ဆောင်ရွက်ခြင်းနဲ့ အကောင်အထည်ဖော်ခြင်း ။ ။ Scorecard များကို မိမိတို့ဌာနတွင်းမှာ ဖြန့်ကြက်ဆောင်ရွက်ခိုင်းပါ။

၅။ ရရှိထားတဲ့အဖြေရလဒ်တွေကို အများသိအောင် လုပ်ခြင်းနဲ့ အသုံးချခြင်း ။ ။ ဦးတည်ရည်မှန်းချက် အားလုံးကို လူတိုင်းသိဖို့လိုတယ်။ တစ်ဦးချင်းအနေနဲ့ ဘာကိုဘဲ ဃဂနဏ သိရမလဲဆိုတာ ဆုံးဖြတ်ပါ။ သိပ်ပြီး အသေးစိတ်လွန်းရင် ဘာမှအလုပ်မဖြစ်တတ်သလို သိပ်ပြီးနည်းလွန်းရင်လည်း အကျိုးမရှိနိုင်ဘူး။ သိထားတာတွေကိုသုံးပြီး နောက်ထပ်ဘယ်လို အခွင့်အရေးယူဆောင်ရွက်ရမလဲဆိုတာ သိသင့်တယ်။

၆။ လုပ်နေတဲ့စနစ်ကို ပြန်လည်သုံးသပ်ကာ ပြင်သင့်တာပြင်ပါ ။ ။ ဒါမှလည်း လုပ်ငန်းအဖုအထစ်တွေ ချောမွေ့သွားမှာဖြစ်ပြီး အခက်အခဲအသစ်များကိုလည်း သိမြင်လာနိုင်မှာဖြစ်တယ်။ Scorecard သုံးခြင်းဖြင့် လုပ်ငန်းတွေအလုပ်ဖြစ် မဖြစ် သိနိုင်ဖို့ အကောင်းဆုံးနည်းကတော့ လုပ်ငန်းတွေကို ပိုပြီးလုပ်ငန်းအောင်မြင်မှု အတိုင်းအတာ ဦးတည်ချက်များ နှစ်စဉ်သတ်မှတ်သွားပြီး အဲဒီရည်မှန်းချက်တွေရရှိအောင် ဆက်လက်လုပ်ကိုင်သွားတဲ့ နည်းပဲဖြစ်တယ်။

unyuntthoung2

unyuntthoung3

ဦးညွှန့်သောင်း