နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှုအနေအထား

အိမ်နီးချင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့၏ စီးပွားရေးပိတ်ဆို့မှုများ၊ နိုင်ငံရေးမတည်ငြိမ်မှု၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများမှ ရင်းနှီးမှုကျဆင်းရပ်တန့်သွားခြင်း၊ နိုင်ငံသူနိုင်ငံသားတို့အနေဖြင့် စိုးရိမ်ကြောင့်ကြမှုရှိသဖြင့် ဝယ်လိုအားလျော့နည်းလာခြင်း၊ လုပ်ငန်းချဲ့ထွင်မှုအားနည်းလာခြင်း၊ ငွေကြေးသုံးဖြုန်းနိုင်သော၊ လုံခြုံရေးကိုစိုးရိမ်သော၊ တတ်နိုင်သည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုကျဆင်းလာခြင်း၊ အထွေထွေကုန်ဈေးနှုန်းများ တတ်လာခြင်းတို့ ကြုံတွေ့နေရပါသည်။ နိုင်ငံရေးမတည်ငြိမ်ခြင်း ရလဒ်ဖြစ်သော်လည်း ပုဂ္ဂလိကစီးပွားရေး အခန်းကဏ္ဍတောင့်တင်းခိုင်မာသဖြင့် ခံသာနိုင်သေးသည့် အခြေအနေအဖြစ်သော်လည်း ရေရှည်အကျိုးဆက်မှာ အနည်းနှင့်အများ ထိခိုက်ဖွယ်ရာရှိပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံတွင် သမ္မတအသစ်နှင့် အစိုးရသစ် တက်လာပြီဖြစ်ပါသည်။ ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စများစွာရှိသော်လည်း နိုင်ငံရေးတည်ငြိမ်မှုသည် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါသည်။ တစ်ဖက်ကလည်း မြန်မာရင်းနှီးမြှုပ်နှံမှုဥပဒေကို အတည်ပြုရန် လိုအပ်ပါသည်။ သို့မှသာ နိုင်ငံတကာရှိ ကုမ္ပဏီကြီးများနှင့် အသေးစားနှင့် အလတ်စားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ဆွဲဆောင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ စီးပွားရေးများကို လက်ရှိအနေအထားမှ နောက်တစ်ဆင့်သို့ မြှင့်တင်ပေးနိုင်ရန်မှာ နိုင်ငံတကာမှ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖြစ်ပါသည်။ အရေးကြီးသည့်စီးပွားရေးအတွက် ဆောင်ရွက်ရန်မှာ ငွေကြေးဆိုင်ရာဥပဒေများ လုပ်ထုံးလုပ်နည်းများ ပြန်လည်ဆန်းစစ်ရန် လိုအပ်နေပေသည်။

စီးပွားရေးလုပ်ငန်းရှင်များ၊ ခေါင်းဆောင်များအနေဖြင့် အစစအရာရာ နိုင်ငံတော်မှ တာဝန်ယူရမည်ဟူသော  အသိစိတ်ဓာတ်မျိုးမထားရှိဘဲ မိမိနိုင်ငံရှေ့ရေးတိုးတက်မှုသည် မိမိတို့အားလုံး၏တာဝန်ဟု ခံယူလျက် ဆွေးနွေးအကြံပြု တင်ပြရမည့်အချိန်ဖြစ်ပါသည်။ သို့မှသာ အခြားအိမ်နီးနားချင်းနိုင်ငံများကို အချိန်ကာလတစ်ခုတွင် ရင်ဘောင်တန်းမည်ဖြစ်ပါကြောင်း။

မောင်သာ