ကြုံတွေ့ရတာကို အသုံးချပါ

Steve1

အဆက်အသွယ်တွေ ခိုင်ခိုင်မာမာရရှိဖို့ လုပ်ရတာဟာ အတတ်ပညာတစ်ရပ်ဖြစ်ပါတယ်။ လုပ်ရင်းတွေ့ရတဲ့ အမှားတွေကို ပြင်သွားရတာတွေရှိပြီး နှစ်နဲ့ချီပြီးမှ အောင်မြင်သွားတတ်လေ့ရှိတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ကြုံကြိုက်တွေ့ဆုံရတဲ့သူတွေဆီက အကူအညီတို့ အဆက်အသွယ်တို့ ရလာနိုင်တဲ့ အခွင့်အလမ်းတွေရှိတယ်။ ဒီအခွင့်အလမ်းတွေကို မြင်အောင်ကြည့်တတ်ဖို့တော့ လိုတယ်။ အဲသလို လူတွေနဲ့ကြုံဆုံတဲ့အခါ အဆက်အသွယ်တွေရအောင် အောက်ပါအတိုင်းဆောင်ရွက်နိုင်တယ်။

ဘာမှမပြောသေးဘဲ နားပဲထောင်နေပါ။ မိမိနဲ့ခင်မင်တဲ့သူတစ်ယောက်ဟာ မိမိမသိတဲ့လူတစ်ယောက်နဲ့ မိမိနဲ့စားပွဲတစ်ခုတည်းထိုင်ပြီး စကားပြောနေကြတယ်ဆိုရင် အသာနားထောင်နေပါ။ တစ်ခါက အဲဒီလို နားထောင်နေရင်း ဒီတစိမ်းလူဟာ ဧရာမစီးပွားရေးလုပ်ငန်းကုမ္ပဏီကြီး တည်ထောင်ပြီး ကြီးပွားနေသူဖြစ်ကြောင်း သိရတယ်။ ဒါကြောင့် ဘယ်သူနဲ့ဖြစ်ဖြစ် မမျှော်လင့်ဘဲတွေ့ကြုံရတဲ့အခါ အဲဒီလူကို အထင်မသေးဖို့လိုတယ်။ အရေးကြီးတဲ့ပုဂ္ဂိုလ်လို့ပဲ သဘောထားပါ။ ပြောကြတဲ့စကားတွေကို နားထောင်နေပါ။ ဒီစကားတွေထဲမှာ ကိုယ့်အတွက် အခွင့်အလမ်းတွေ ရှိနိုင်တယ်။

ပတ်ဝန်းကျင်ကိုလေ့လာပါ။ ဥပမာ - သင်ဟာ ဆေးအရောင်းသမားတစ်ဦး ဆိုကြပါစို့။ သင့်ဆီ လာဝယ်ကြသူတွေထဲက ဘယ်သူကဘာဆိုတာသိဖို့ မလွယ်ဘူး။ ဒီတော့ များများလာဝယ်နိုင်တဲ့သူကို သိဖို့လိုတယ်။ လာဝယ်တဲ့သူတွေထဲမှာ အဲဒီလို ဝယ်နိုင်မယ့်ဆရာဝန်တစ်ဦးဦးနဲ့ သိတဲ့သူပါလာနိုင်တယ်။ ဒီလူကနေကြုံတုန်း စကားစမြည်ပြောရင်း အဲဒီဆရာဝန်နဲ့ အဆက်အသွယ်ရသွားနိုင်ပါတယ်။ ဒီလို အဆက်အသွယ်ရဖို့အတွက် အရပ်ထဲမှာ အိမ်ပေါက်စေ့သွား စုံစမ်းဖို့မလိုဘူး။ စိတ်ရင်းကောင်းသူတွေဟာ ကူညီတတ်ပါတယ်။

ကြုံတွေ့ရသူတွေကို လေးလေးစားစား သဘောထားပြီး သူတို့ရဲ့ယုံကြည်စိတ်ချမှုရအောင်လုပ်ပါ။ ကိုယ်ကြုံတွေ့ရတဲ့သူဟာ ကိုယ့်ကိုယုံကြည်လာဖို့ လိုတယ်။ ဒါမှလည်း အဲဒီလူက ကိုယ့်အတွက် အဆက်အသွယ်ကောင်း ရှာပေးမှာဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် ကြားထဲက ဆက်သွယ်ပေးတဲ့သူ မျက်နှာပျက်သွားနိုင်ပါတယ်။

[caption id="attachment_25523" align="alignnone" width="720"]Steve Ballmer [/caption]

Steve Ballmer ပြောတဲ့ ဘဝသင်ခန်းစာသုံးရပ် . . .

Steve Ballmer ဟာ Microsoft ကုမ္ပဏီမှာ ၁၄ နှစ်ကြာ CEO အဖြစ် တာဝန်ယူလုပ်ကိုင်ရာမှ အနားယူသွားသူ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဝါရှင်တန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဘွဲ့ယူမယ့် ကျောင်းသားတွေကို မိန့်ခွန်းပြောကြားတယ်။ ဒီအထဲမှာ ဘဝသင်ခန်းစာသုံးရပ်ကို ထည့်သွင်းပြောကြားပါတယ်။ သူ့အရင်ပြောကြားသွားတဲ့ ကျောင်းသားနှစ်ယောက်ဘက်လှည့်ပြီး မင်းတို့နှစ်ယောက်ထဲက တစ်ယောက်က အသက် ၂၂ နှစ်၊ နောက်တစ်ယောက်က ၃၀ မှာ ဘွဲ့ရပြီး ဘာလုပ်ရမှန်းမသိဘူးလို့ ပြောသွားတယ်။ ငါက အခုအသက် ၅၈ နှစ်ရှိပြီ။ ငါလည်း နောက်ထပ်ဘာလုပ်ရမလဲ မသိဘူးလို့အရွှန်းဖောက်ပြီးပြောတယ်။

တကယ်တော့ Ballner ဟာ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ဦးစီးခေါင်းဆောင်မှုအောက်မှာ Microsoft ကုမ္ပဏီဟာ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကနေ ဘီလီယံ ၇၀ ထိ တိုးတက်လာခဲ့တယ်။ အသားတင်ဝင်ငွေဟာလည်း ၂၁၅ ရာခိုင်နှုန်း (ဒေါ်လာ ၂၃ ဘီလီယံအထိ) တိုးပွားလာခဲ့တယ်။ မိုဘိုင်းဖုန်းလုပ်ငန်းနဲ့ပတ်သက်ပြီး ချေချော်လက်ချော် မှားယွင်းသွားဖို့ အခွင့်အလမ်းတွေ လက်လွှတ်ခဲ့ရတာတွေလည်းရှိခဲ့တယ်။ သူ့မိန့်ခွန်းထဲမှာ သူ့ရဲ့အတွေ့အကြုံတွေအရ ဘွဲ့ရသူတွေ လုပ်ဆောင်ရမယ့် ဘဝသင်ခန်းစာသုံးရပ်ကို အောက်ပါအတိုင်း အကျဉ်းချုံး ပြောကြားပေးခဲ့တယ်။

၁။ အခွင့်အလမ်းတွေကို အမိအရဖမ်းယူဆုပ်ကိုင်ပါ . . .

ခုအချိန်ဟာ မင်းတို့အတွက် အကောင်းဆုံးအချိန်ဖြစ်တယ်။ နည်းပညာသစ်တွေ ပေါ်ပေါက်နေတဲ့အတွက် ဘယ်စီးပွားရေးလုပ်ငန်းမှာ ဝင်လုပ်လုပ် တိုးတက်သွားအောင် အဲဒီပညာတွေ သုံးသွားနိုင်ကြမှာဖြစ်တယ်လို့ သူက ပြောတယ်။ အခွင့်အလမ်းတွေ အများကြီး၊ အများကြီးရှိနေတယ်။ မင်းတို့ကို စောင့်ကြိုနေကြတယ်။ ဒါပေမဲ့ ဒီအခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်ဖို့တော့ လိုတယ်။ စွန့်စားပြီးလုပ်ရဲကိုင်ရဲဖို့ လိုတယ်လို့ပြောတယ်။ မှားသွားမှာကို မကြောက်ကြပါနဲ့။ အခွင့်အလမ်းမှားပြီး ရွေးမိသွားရင် မှားမှန်းသိတာနဲ့ နောက်တခြားအခွင့်အလမ်းကို ရွေးပြီးလုပ်ပါတဲ့။ Ballmer ကိုယ်တိုင် ဒီအတိုင်း ကျင့်သုံးခဲ့တာဖြစ်တယ်။ ၁၉၈၀ ပြည့်နှစ်ထဲမှာ သူဟာ Stanford စီးပွားရေးပညာသင်ကျောင်းက ကျောင်းမပြီးခင်ထွက်ပြီး Microsoft ကုမ္ပဏီမှာ ဝင်လုပ်တယ်။ အဲဒီတုန်းက ဒီကုမ္ပဏီဟာ သေးသေးလေးပဲ ရှိပါသေးတယ်။

၂။ ရှုထောင့်တစ်မျိုးကမြင်တတ်အောင် ကြိုးစားပါ . . .

သူက ဆက်လက်ပြောကြားရာမှာ တစ်ခါတလေ မိမိရဲ့ အမြင်ရှုထောင့်ကြောင့် အခွင့်အလမ်း ပေါ်ပေါက်လာတတ်တယ်လို့ ဆိုတယ်။ အခွင့်အလမ်းတစ်ခုကို အမြင်တစ်မျိုးနဲ့ကြည့်လိုက်တဲ့အခါ အဲဒီသာမန်အခွင့်အလမ်းကို ထူးခြားတဲ့အခွင့်အလမ်းတစ်ရပ်အဖြစ် ပုံဖော်အသုံးချသွားနိုင်တယ်။ နမူနာအနေနဲ့ Jack Dorsey ကို ကြည့်ပါ။ Twitter နဲ့ Square ဆိုတဲ့ လုပ်ငန်းနှစ်ရပ်ကို ထူထောင်လုပ်ကိုင်တဲ့သူဖြစ်တယ်။ သူ့ကို လူချင်းသိပ်မမှတ်မိပါဘူး။ ဒါပေမဲ့ သူ့အကြောင်းသိရတော့ အံ့သြသဘောကျမိတယ်တဲ့။ Jack Dorsey ဟာ တက္ကစီအငှားယာဉ်တွေကို ငှားမယ့်သူတွေဆီ အရောက်ပို့ပေးတဲ့ စီးပွားရေးလုပ်ငန်း မြန်ဆန်ချောမွေ့ရေးအတွက် ဆော့ဖ်ဝဲကိုတီထွင်ဖန်တီးခဲ့သူဖြစ်တယ်။ တက္ကစီအမောင်းသမားတွေဟာ အဲဒီလုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်ရတာ ခက်ခဲပုံတွေနဲ့ တက္ကစီအငှားခရရေးမှာ ခက်ခဲမှုတွေရှိတာကို Jack Dorsey က သိရှိသွားလို့ ခုလိုလုပ်ငန်းချောမွေ့သွားအောင် Square ကို တီထွင်လုပ်ကိုင်လိုက်တာ ဖြစ်တယ်။ ဒီတော့ သူ့ရဲ့ရှုထောင့်အမြင်ဟာ သူ့အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်သွားတာပေါ့လို့ Ballmer ပြောကြားပါတယ်။

၃။ သန္နိဋ္ဌာန်ခိုင်မာဖို့လိုတယ် . . .

တတိယအချက်အနေနဲ့ ပြောကြားရမှာက မင်းတို့ဘာပဲလုပ်လုပ် စိတ်ရှည်ဖို့လိုတယ်။ လုံ့လ ဝီရိယရှိဖို့လိုတယ်။ ဇွဲရှိဖို့လိုတယ်လို့ ပြောသွားတယ်။ Microsoft ကုမ္ပဏီလုပ်ငန်း စတင်လုပ်ကိုင်ခဲ့တုန်းက အောင်မြင်နေပြီးဖြစ်နေတဲ့ ပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်ရာမှာ တွေ့ရတဲ့အခက်အခဲတွေကို သူကပြန်ပြောပြတယ်။ အဲဒီတုန်းက ဆော့ဖ်ဝဲထုတ်ရောင်းဖို့ ဆုံးဖြတ်လိုက်တော့ လူတွေက မအောင်မြင်နိုင်ဘူးလို့ပြောကြတယ်။ အဲဒီလို အဟန့်အတားတွေ ဆက်တိုက်တွေ့လာတဲ့ကြားက ကြိုးစားခဲ့တာ ဒီကနေ့အောင်မြင်မှုတွေ အများကြီးရနေပြီ။ အဲဒီအောင်မြင်မှုတွေရဲ့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက်ဟာ ဆော့ဖ်ဝဲတွေ ရောင်းရလို့ရခဲ့တာဆိုတာ မင်းတို့ကြည့်ရင်သိကြမှာပါတဲ့။

အထက်ပါအချက်တွေကို Ballmer က အောက်ပါအတိုင်း ခြုံငုံတင်ပြသွားတယ်။

စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ ချက်ချင်းကြီး ရနိုင်ခဲတယ်။ အခွင့်အလမ်းဆိုတာ အမိအရဖမ်းဆုပ် ရတာမျိုးဖြစ်တယ်။ ရှုထောင့်တချို့ကနေ မြင်တတ်ဖို့လိုတယ်။ စိတ်ရှည်သည်းခံမှုနဲ့ သန္နိဋ္ဌာန်တွေလည်း လိုတယ်။ ဘယ်အရာမှ မင်းတို့ဆီကို နေချင်းညချင်း၊ ချက်ချင်းကြီးရောက်လာမှာ မဟုတ်ဘူး။ ရေရှည်စွဲစွဲမြဲမြဲ သံန္နိဋ္ဌာန်ချထားကြရလိမ့်မယ်။ ဘဝဆိုတာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရတာဖြစ်တယ်။ အခွင့်အလမ်းတွေကိုရှာနေရတဲ့ အလုပ်က အမြဲလုပ်နေရတဲ့အလုပ် ဖြစ်တယ်။ အခွင့်အလမ်းတွေက မင်းတို့ရဲ့ရှေ့မှာ အမြဲရှိနေတယ်။

ညွန့်သောင်း