မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)

MRESA1

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းရှင်များအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းနဲ့ တွေ့ဆုံခိုက်မှာ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ပေါ်ပေါက်လာပုံ၊ လက်ရှိဆောင်ရွက်နေတာတွေ၊ အသင်းဝင်ခြင်းကနေ ရရှိတဲ့အကျိုးကျေးဇူးတွေ၊ ၂၀၁၅ ခုနှစ် အိမ်ခြံမြေဈေးကွက် အခြေအနေ၊ ၂၀၁၆ ခုနှစ်အတွက် ပြင်ဆင်မှုတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ တန်ဖိုးနည်းအိမ်ရာတွေ ပေါ်ပေါက်လာတဲ့အပေါ် အသင်းရဲ့အမြင်နဲ့ တာဝန်ယူမှုတွေ၊ စုပေါင်းပိုင်အဆောက်အအုံလုပ်ငန်း ဥပဒေပြဋ္ဌာန်းလာတဲ့အပေါ် အသင်းရဲ့အမြင်နဲ့ တာဝန်ယူမှုတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

အသင်းပေါ်ပေါက်လာပုံနဲ့ လက်ရှိဆောင်ရွက်နေတာတွေ . . .

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းကို ၂၀၀၅ ခု နှစ်မှာ ရန်ကုန်တိုင်း အိမ်ခြံမြေအကျိုးဆောင်တွေက ဝန်ဆောင်မှုပေးရာမှာ ကြုံတွေ့နေရတဲ့ အကျိုးဆောင်ပေးရပြီး ပွဲခမရတဲ့ကိစ္စတွေ၊ အကျိုးဆောင် (ပွဲစား) တွေအပေါ် အထင်သေး၊ အမြင်သေးနဲ့ ပြောဆိုဆက်ဆံခံရတဲ့ ကိစ္စတွေနဲ့ အကျိုးဆောင်တွေလိုအပ်တဲ့ ဝန်ဆောင်မှု ပညာရပ်တွေ၊ စီးပွားရေးကိုယ်ကျင့်သိက္ခာ ပညာရပ်တွေနဲ့ အိမ်ခြံမြေဆိုင်ရာ ပညာရပ်တွေကို ပံ့ပိုးပေးနိုင်ဖို့အတွက် ဖွဲ့စည်းတည်ထောင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အသင်းကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှာ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်မှာ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ၃၅ ခုမြောက် ညီနောင်အသင်းအနေနဲ့ အသိအမှတ်ပြု ခံခဲ့ရပါတယ်။

ကျွန်တော်တို့အသင်းဟာ အသင်းရည်ရွယ်ချက် ကိုးချက်ပေါ်အခြေခံပြီး နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၅ ခုမှာရှိတဲ့ မြို့ကြီး၂၀ မှာ ခိုင်ခိုင်မာမာ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းသားတွေ အပြန်အလှန် Public Private Partnership (PPP) စနစ်နဲ့အညီ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

MRESA2

ဒါအပြင် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို) က CEC ၊ EC နဲ့ ဆပ်ကော်မတီရှစ်ဖွဲ့က အဖွဲ့ဝင်တွေဟာ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၅ ခု က အတွင်းစည်း ၃၈ မြို့နယ်ရှိ အသင်းဝင်အကျိုးဆောင်တွေ၊ အသင်းမဝင်ရသေးတဲ့ အကျိုးဆောင်တွေနဲ့ စိတ်ပါဝင်စားသူတွေ အားလုံးနဲ့ ခင်မင်ရင်းနှီးစွာ တွေ့ဆုံနိုင်ဖို့နဲ့ မြို့နယ်အလိုက် အိမ်ခြံမြေအဖွဲ့တွေ ပေါ်ပေါက်လာစေဖို့အတွက် ဆွေးနွေးပွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေလျက်ရှိရာ အခုဆိုရင် အတွင်းစည်းမြို့နယ်ပေါင်း ၃၆ မြို့နယ်လုံးမှာ စည်းရုံးရေးလုပ်ငန်းတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်ပြီးပြီဖြစ်ပါတယ်။

ကျွန်တော်တို့ အိမ်ခြံမြေအသင်းအနေနဲ့ မရွှေ့ပြောင်းနိုင်တဲ့ အိမ်ခြံမြေဝင်ငွေခွန်နှုန်းထားတွေနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှာ ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း + တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်း = ၃၇ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့တဲ့အတွက် ဆင်းရဲသားပြည်သူတွေနဲ့ အစိုးရဝန်ထမ်းတွေအတွက် အခွန်ကောက်ခံမှုကို တစ်ပြေးညီမသတ်မှတ်ဘဲ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်က စပြီး သိန်းသုံးထောင်အောက် ဝင်ငွေခွန်တွေကို

MRESA5

သာ သတ်မှတ်ဖို့အတွက် ပြည်သူ့လွှတ်တော်စီမံကိန်းနဲ့ ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီမှာ တင်ပြခဲ့ပြီး ဆင်းရဲသားပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့အကျိုးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါအပြင် ရန်ကုန်တိုင်းအိမ်ခြံမြေဈေးနှုန်းကို တစ်စတုရန်းပေနှုန်းသတ်မှတ်ရာမှာ ခြောက်ဦးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ရန်ကုန်မြို့လယ်၊ မြို့ပြ၊ အမွေအနှစ်ထိန်းသိမ်းရေးနဲ့ အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်း ဦးဆောင်ကော်မတီဝင်အနေနဲ့ ဆောင်ရွက်တာနဲ့ နိုင်ငံတော် အိမ်ရာမူဝါဒရေးဆွဲရာမှာ ပူးပေါင်းပါဝင်တာစတဲ့ အမျိုးသားအဆင့်ကဏ္ဍရပ်တွေကို တက်တက်ကြွကြွ ဆောင်ရွက်နေပါတယ်။

၂၀၁၅ ခုနှစ် အိမ်ခြံမြေဈေးကွက်အခြေအနေ . . .

အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်လောက်ကတည်းက အေးနေခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲရှိနေတာရယ်၊ စောင့်ကြည့်နေရတဲ့ ကာလလို့ ပြောလို့ရတာတွေရယ်ကြောင့် ၂၀၁၅ ခုနှစ် လောက်မှာလည်း အိမ်ခြံမြေ၊ လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်းစတဲ့ အရောင်းဈေးကွက်က အေးနေခဲ့ပါတယ်။ ဈေးကွက်အေးနေတာပေါ်လိုက်ပြီး အငှားဈေးကွက်မှာလည်း အရင်က သိန်း ၃၀ လောက်ငှားရာကနေ ၂၅ သိန်းလောက်ပဲ ရှိခဲ့ပါတယ်။ ၂၅ သိန်းပတ်ဝန်းကျင်ထိ အငှားဈေးကွက်ကရှိနေပေမဲ့ သိန်း ၃၀ နဲ့အထက် အငှားတွေကတော့ အငှားနည်းနေခဲ့ပြီး ကြီးကြီးမားမား အငှားဈေးကွက်မရှိခဲ့ပါဘူး။

MRESA3

၂၀၁၆ ခုနှစ်အတွက် ပြင်ဆင်မှုတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ . . .

ကျွန်တော်တို့က အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) နဲ့အတူ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတွေကို ယှဉ်ပြိုင်ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ အိမ်ခြံမြေအကျိုးဆောင်လိုင်စင်၊ ကိုယ်စားလှယ်လိုင်စင်တွေ ရရှိဖို့အတွက်လည်း ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်ကို တင်ပြခဲ့ပါတယ်။

အိမ်ခြံမြေလိုင်စင်ထုတ်ပေးနိုင်ခဲ့ရင် အိမ်ခြံမြေ အကျိုးဆောင်တွေ ဘဝလုံခြုံမှုရရှိမှာဖြစ်သလို လူနေမှုအဆင့်အတန်းလည်း မြင့်တက်လာစေမှာ ဖြစ်ပါတယ်။ ဒါအပြင် နိုင်ငံတော်အနေနဲ့လည်း အိမ်ခြံမြေ ရောင်းဝယ်ငှားဖြစ်စဉ်တိုင်းကို အခွန်အခရရှိနိုင်မှာ ဖြစ်သလို အိမ်ခြံမြေဈေးအဆမတန်တက်တာကိုလည်း အစိုးရနဲ့ MRESA အသင်းတို့ ပူးပေါင်းကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့က အစိုးရနဲ့အတူ ပူးပေါင်းပြီး အိမ်ခြံမြေကဏ္ဍပိုင်းနဲ့ အသင်းသားတွေအတွက် အိမ်ခြံမြေရောင်းဝယ်ငှား ဝန်ဆောင်မှုအပိုင်း တိုးတက်လာစေဖို့ ဝင်ငွေခွန်နဲ့ပတ်သက်တဲ့ ပြည်သူ့အသံကို နိုင်ငံတော်အစိုးရကို တင်ပြပေးဖို့နဲ့ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေကိုလည်း အားပေးပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အသင်းဝင်ခြင်းကနေ ရရှိမယ့်အကျိုးကျေးဇူးများ . . .

ကျွန်တော်တို့အသင်းမှာ လစဉ်အိမ်ခြံမြေပညာရှင်တွေ၊ မြို့တော်စည်ပင်၊ အိုးအိမ်ဦးစီးဌာန၊ အခွန်ဌာနဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ဌာနတွေက ပုဂ္ဂိုလ်တွေရဲ့ ဟောပြောဆွေးနွေးပွဲတွေကို ပြုလုပ်ပေးတယ်။ လစဉ်ထုတ် အိမ်ခြံမြေစာစောင်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသတွေကို အခမဲ့ဖြန့်ဝေပေးတယ်။ Facebook နဲ့ Viber Group တွေကနေတစ်ဆင့်လည်း သတင်းအချက်တွေ၊ အသိပညာဖြန့်ဝေပေးတာတွေနဲ့ တစ်ဦးအခက်အခဲကို တစ်ဦးကူညီအကြံဉာဏ်ပေးတာတွေကို ဆောင်ရွက်ပေးနေပါတယ်။ ဒါကြောင့် အသင်းဝင်တွေအနေနဲ့ ဒီအကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။

တန်ဖိုးနည်းအိမ်ရာတွေ ပေါ်ပေါက်လာမှုအပေါ်အမြင် . . .

အိမ်ရာအကျပ်အတည်းဟာ ကမ္ဘာ့အကျပ်အတည်းပါ။ ဒါက အသံမထွက်တဲ့ အကျပ်အတည်းဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ငုပ်နေတဲ့ ပြဿနာဖြစ်ခဲ့တာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဆင်းရဲသားရပ်ကွက်တွေ တည်ရှိနေတာ ထာဝရအခက်အခဲလိုပါပဲ။ အိမ်ရာအကျပ်အတည်းဟာ ကမ္ဘာ့အစိတ်အပိုင်းတွေမှာ ကြီးကြီးမားမား စိန်ခေါ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့အသံမထွက်တော့ မသိကြဘူးဖြစ်နေတာပါ။ ကမ္ဘာမှာ တစ်နှစ်ကို လူဦးရေ သန်း ၈၀ လောက်အတွက် အိမ်ရာတွေ ဆောက်မပေးနိုင်တဲ့အခက်အခဲ ဖြစ်နေပါတယ်။

အခြေအနေကောင်းတဲ့ နိုင်ငံကြီးတွေမှာတောင် ဆင်းရဲသားရပ်ကွက်တွေ၊ ကြီးထွားလာတာ တွေ့ရပါတယ်။ ဥရောပတိုင်းပြည်တချို့နဲ့ မြောက်အမေရိကလို ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုကြည့်ရင် အိမ်ရာပြဿနာကို ဖြေရှင်းဖို့ အိမ်ရာမူဝါဒတွေ ချမှတ်ကျင့်သုံးတာ မအောင်မြင်ဘူးဆိုတာကို တွေ့ရပါတယ်။ သမိုင်းမှာ ပထမဆုံးလို့ ပြောရမှာဖြစ်ပါတယ်။ လူတွေ မြို့ပြနဲ့နေထိုင်တဲ့ပမာဏဟာ ကြီးလာတယ်။ မြို့ကြီးတွေဆီက တောက်ပတဲ့ အနာဂတ်ကို မျှော်မှန်းပြီးတော့ မြောက်မြားလှတဲ့ ကျေးရွာသားတွေဟာ မြို့ပြတွေကို ထွက်ခွာသွားနေကြတယ်။ လူတွေနေထိုင်ရမယ့် အိမ်နေရာဟာ မြို့ပြရဲ့အစိတ်အပိုင်းဖြစ်ရမယ်။ မြို့အခွင့်အလမ်း၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုအခွင့်အလမ်းကိုလည်း လက်လှမ်းမီတဲ့ မြို့ပြတွေ ရှိနေရမယ်။

ကုလသမဂ္ဂက ကမ္ဘာ့အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကမ္ဘာကြီးမှာ တစ်နာရီတိုင်းမှာ အိမ်အလုံးရေ လေးထောင်ဆောက်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြနေပါတယ်။ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ နောက်ပြီး အိမ်ရာအခွင့်အရေးဆိုင်ရာ အာရှညွန့်ပေါင်းအဖွဲ့ရဲ့အတွင်းရေးမှူးချုပ် ဆန်စွပကွန်ညာပြန်ခြာက အာရှတစ်ဝန်းမှာ ဆင်းရဲသားရပ်ကွက်ပေါင်း ခြောက်ရာလောက်ရှိတယ်လို့ ပြောတာသိရပါတယ်။

အခုအချိန်မှာ အစိုးရက တန်ဖိုးနည်းအိမ်ရာတွေ တည်ထောင်ပေးနေတယ်ဆိုပေမယ့် တန်ဖိုးက ၁၂၅ သိန်း ဝန်းကျင်လောက်ဖြစ်နေတာကြောင့် ဆင်းရဲသားပြည်သူလူထုအနေနဲ့ လက်လှမ်းမမီ ဖြစ်နေရပါတယ်။ နောက်ပြီး တန်ဖိုးနည်းအိမ်ရာတွေကို ပထမအရစ် သိန်း ၂၀ ၊ ၃၀ လက်ငင်းပေးချေစေပြီး ကျန်ငွေကို ဘဏ်ပေါင်ချေးငွေနဲ့ သုံးနှစ် ဒါမှမဟုတ် ငါးနှစ်စတဲ့ အချိန်ကာလအလိုက် ကိုယ့်ရဲ့လစာငွေကနေ ခုနှိမ်ပေးချေတဲ့စနစ်နဲ့ ဝယ်လို့ရနိုင်တယ်ဆိုပေမဲ့ ဆင်းရဲသားပြည်သူတွေအနေနဲ့ ပထမအရစ် သိန်း ၂၀၊ ၃၀ ကိုတောင် တစ်လုံးတစ်ခဲတည်းပေးဖို့ မတတ်နိုင်ဖြစ်နေကြရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ဘဏ်စနစ်က အားနည်းနေပြီး ပြည်သူတွေအနေနဲ့လည်း ဘဏ်တွေနဲ့ချိတ်ဆက်လုပ်ကိုင်တာ နည်းနေသေးတာကြောင့် ဖြစ်တယ်လို့မြင်ပါတယ်။ ဘဏ်အတိုးနှုန်းတွေ များနေတာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် တန်ဖိုးနည်းအိမ်ရာတွေဟာ ဆင်းရဲသား ပြည်သူလူထုအတွက်တော့ ထိရောက်မှု အားနည်းနေပါသေးတယ်။ လက်လှမ်းမမီနိုင်သေးပါဘူး။

တန်ဖိုးနည်း အငှားအိမ်ရာတွေကို အရေအတွက် များများအကောင်အထည်ဖော်ပြီး ဆင်းရဲသားပြည်သူလက်ထဲ အမှတ်တကယ်ရောက်ရှိအောင် နိုင်ငံတော်အစိုးရအနေနဲ့ ကောင်းမွန်တဲ့မူဝါဒတွေနဲ့ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့လိုပါတယ်။ အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မူဝါဒတွေ မမှန်ဘူးဆိုရင်လည်း အိမ်တွေ တိုးပွားလာမှာမဟုတ်ပါဘူး။

လက်ရှိမှာ နိုင်ငံတော်အစိုးရက အမျိုးသားအိမ်ရာမူဝါဒ ရေးဆွဲနေပြီဖြစ်ပါတယ်။ ဒီမှာ တန်ဖိုးနည်းအိမ်ရာတွေကို ဆင်းရဲသားပြည်သူလူထု ဝယ်နိုင်တဲ့ တတ်နိုင်တဲ့ ဈေးဖြစ်ဖို့နဲ့ စတင်ဝယ်ယူချိန်မှာ သိန်း ၂၀ ၊ ၃၀ တစ်လုံးတည်း မပေးရတဲ့ စနစ်မျိုးကို ကျင့်သုံးသင့်ပါတယ်။ ဘဏ်ပေါင်ချေးငွေတွေကိုလည်း အတိုးနှုန်းလျော့နည်းပြီး နှစ်လတ်၊ နှစ်ရှည်တွေနဲ့ ဝယ်ယူလို့ရအောင် ဖြည့်ဆည်းဆောင်ရွက်ပေးမယ်ဆိုရင် အိမ်ရာတွေ တိုးပွားလာမယ်လို့ မြင်ပါတယ်။

MRESA4

တန်ဖိုးနည်းအိမ်ရာတွေ ပေါ်ပေါက်လာတဲ့အပေါ် အသင်းရဲ့တာဝန်ယူမှု . . .

ကျွန်တော်တို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းအနေနဲ့ တန်ဖိုးနည်းအိမ်ရာတွေ ပေါ်ပေါက်လာတာကို ကြိုဆိုပါတယ်။ နိုင်ငံတော်အစိုးရရဲ့ တန်ဖိုးနည်းအိမ်ရာတွေနဲ့ ပတ်သက်တဲ့မူဝါဒတွေ အောင်မြင်ဖို့ အားပေးသွားမှာ ဖြစ်သလို အိမ်ရာတွေမှာ နေထိုင်မယ့်လူတွေကိုလည်း ဒီအိမ်ရာတွေကို ဝယ်ယူနိုင်တဲ့နေရာ၊ အိမ်ရာတွေအကြောင်းနဲ့ ဈေးနှုန်း၊ ငွေပေးချေမှုစနစ်တွေကို ကျွန်တော်တို့ အသင်းသားတွေက ကူညီရှင်းပြ၊ သတင်းပေးမှုတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

အရောင်းအိမ်ရာတွေ၊ အပေါင်ချေးငွေစနစ်တွေ၊ အငှားအိမ်ရာတွေအကြောင်းကိုလည်း သိနားလည်မှုရှိအောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေ လက်ထဲ တိုက်ရိုက်ရောက်ရှိစေဖို့ကိုလည်း အသင်းအနေနဲ့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ကိုဒီ