မြန်မာနိုင်ငံ စာရင်းအင်းပညာအသင်း

MSA1

မြန်မာနိုင်ငံစာရင်းအင်းပညာအသင်း (Myanmar Statistical Association - MSA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၄ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး အသင်းချုပ်ကို အမှတ် ၁၀၁ ၊ ဘုရင့်နောင်တာဝါ ၂ ၊ ကမာရွတ်မြို့နယ်မှာ တည်ထောင်ထားပါတယ်။ မြန်မာနိုင်ငံစာရင်းအင်းပညာအသင်းနဲ့ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး ဒေါ်တင်မမစိုးနဲ့ အခုလိုပဲ မေးမြန်းဖြစ်ခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။

အသင်းဖြစ်ပေါ်လာပုံ . . .

မြန်မာနိုင်ငံစာရင်းအင်းပညာအသင်း ဖြစ်မြောက်ရေးအတွက် ယာယီဖြစ်မြောက်ရေးကော်မတီကို စာရင်းအင်းပညာသင်ကြားမှု နှစ်ခြောက်ဆယ်ပြည့် ကျင်းပပြီးနောက်မှာ ဖွဲ့စည်းလှုပ်ရှားခဲ့ရာ မြန်မာနိုင်ငံစာရင်းအင်း ပညာအသင်းဖွဲ့စည်းခွင့်ကို ၂၀၁၅ ခုနှစ်၊ ဇွန်လ၊ ၂၉ ရက်မှာ ရရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံစာရင်းအင်းပညာအသင်း ပထမအကြိမ်သင်းလုံးကျွတ် အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၄ ရက်မှာ ကျင်းပခဲ့ပါတယ်။ အသင်းမှာ ဥက္ကဌအဖြစ် ဒုတိယပါမောက္ခချုပ် - စီးပွားရေးတက္ကသိုလ်အငြိမ်းစား ဒေါက်တာဦးလေးကြည်က ဦးဆောင်ပြီး အမှုဆောင် ၄၇ ဦးပါ အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

MSA2

ရည်ရွယ်ချက် . . .

အသင်းရဲ့ ရည်ရွယ်ချက်တွေအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ စာရင်းအင်းပညာတိုးတက်ဖွံ့ဖြိုးစေဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့၊ အသင်းဝင်တွေရဲ့ စာရင်းအင်းပညာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင်ပေးဖို့၊ စာရင်းအင်းပညာရပ်ဆိုင်ရာ သုတေသနပြုလုပ်ခြင်း၊ နည်းစနစ်တွေ၊ ဖြစ်တန်စွမ်းတွေကို အခြေခံတဲ့ ကောက်ချက်ချနည်းပညာရပ်တွေကို မြန်မာနိုင်ငံတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတတ်လာစေဖို့၊ နိုင်ငံတကာစာရင်းအင်းပညာအသင်းအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့၊  စာရင်းအင်းပညာရပ် အသုံးပြုသူတွေအချင်းချင်း လူမှုဆက်ဆံရေးကွန်ယက် တည်ဆောက်ပြီး တွေ့ဆုံပွဲတွေ၊ သတင်းအချက်အလက်နဲ့ အသိပညာမျှဝေခြင်းတွေကို ဆောက်ရွက်သွားဖို့၊ အသင်းဝင်တွေအတွက်သာမက စိတ်ပါဝင်စားသူများအတွက်လည်း ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲတွေ ပြုလုပ်ပေးသွားဖို့နဲ့ အသင်းဝင်ဟောင်းတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ လူမှုရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဆောင်ရွက်ဖို့တို့ ဖြစ်ပါတယ်။

MSA3

လက်ရှိဆောင်ရွက်နေသည်များ . . .

လက်ရှိမှာတော့ ကျွန်မတို့အသင်းဟာ နိုင်ငံတကာ စာရင်းအင်းပညာအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ASA (American Statistical Association) ၊ IISA (Indian International Statistical Association) ၊ WSA (The World of Statistics) နဲ့ KOMYRA (Korea Myanmar Research Association) တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြုလုပ်နေပါတယ်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်တယ်ဆိုတာ အဓိကကတော့ Colarboration လုပ်ဖို့ဖြစ်ပါတယ်။ ပြည်ပအဖွဲ့အစည်းတွေနဲ့ဆိုရင် သူတို့ဆီမှာပဲဖြစ်ဖြစ်၊ ကိုယ့် MSA မှာပဲဖြစ်ဖြစ် Seminar တွေ၊ Forum တွေရှိရင် အပြန်အလှန်ဖိတ်ကြားတက်ရောက်ပြီး Knowledge Sharing တွေလုပ်မယ်။ ဘွဲ့လွန်သင်တန်းတွေ သွားတက်ဖို့ရှိမယ်။ American Statistical Association (ASA) ဆိုရင် Research Methodology နဲ့ ပတ်သက်ပြီး လာမယ့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာ International Conference လာတက်ဖို့ ကျွန်မတို့ MSA ကို ဖိတ်ထားတာရှိပါတယ်။ အသင်းဝင်တချို့ သွားတက်ဖို့ ရှိပါတယ်။ KOMYRA နဲ့ဆိုရင် ပွဲတွေ အပြန်အလှန်ဖိတ်ဖို့ လုပ်နေပါပြီ။ ကျွန်မတို့အသင်းမှာ အဖွဲ့ဝင်အဖြစ် ပြည်တွင်းစာရင်းအင်းပညာကုမ္ပဏီတွေက ဦးဆောင်သူတွေလည်း ပါဝင်တာကြောင့် ပြည်တွင်းကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်နေတယ်လို့ ပြောနိုင်ပါတယ်။ ဒါအပြင် ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ဆိုရင် အလုပ်သမားဝန်ကြီးဌာနရဲ့ Labour Force Survey ကိစ္စမှာ ပါဝင်ဆောင်ရွက်ပေးဖို့နဲ့ CSO (Central Statistical Organization) ရဲ့ အစီအစဉ်တစ်ချို့မှာရော၊ ပညာရေးစီမံကိန်းရေးဆွဲရာမှာရော ကျွန်မတို့ MSA အသင်းရဲ့ ပညာရှင်ဆရာ၊ ဆရာမကြီးတွေက အကြံပေးဆောင်ရွက်ပေးဖို့တွေလည်း ရှိပါတယ်။ နောက်ပြီး ကျွန်မတို့ဆီမှာ ဖွင့်လှစ်သွားမယ့် သင်တန်းတွေနဲ့ပတ်သက်ပြီး စီစဉ်နေတာတွေလည်းရှိတဲ့အပြင် အသင်းနဲ့ပတ်သက်တဲ့ Policy တွေ ရေးဆွဲနေတာလည်း ရှိပါတယ်။Research Project တွေ လက်ခံဖို့ ကမ်းလှမ်းထားတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးမှုတွေကို ပြုလုပ်နေတာတွေ ရှိပါတယ်။

MSA4

ရှေ့ဆက်ဆောင်သွားမည့် လုပ်ငန်းစဉ်များ . . .

ကျွန်မတို့ စာရင်းအင်းပညာအသင်းဟာ မြန်မာနိုင်ငံစာရင်းအင်းပညာကဏ္ဍ တိုးတက်ဖို့အတွက် Seminar တွေ၊ စာအုပ်စာတမ်းထုတ်ဝေရေးတွေ၊ သုတေသနလုပ်ငန်းတွေ၊ စာရင်းအင်းပညာသင်တန်းတွေကို ဖွင့်လှစ် သင်ကြားပေးရေးတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး စာရင်းအင်းပညာဆိုင်ရာ ဘွဲ့၊ ဒီပလိုမာ ရရှိသူတွေကိုလည်း အလုပ်အကိုင်၊ အခွင့်အလမ်းတွေရရှိအောင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါအပြင် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ စာရင်းအင်းပညာရှင်တွေ ရေးသာထုတ်ဝေထားတဲ့ စာတမ်းတွေကို အသင်းဝင်တွေ အလွယ်တကူလေ့လာဖတ်ရှုနိုင်ဖို့အတွက် အသင်း Website www.myanmarstat.org မှာ တင်ပေးထားပြီး အလွယ်တကူ Download ရယူနိုင်အောင် စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ အသင်းရဲ့လတ်တလော ဆောင်ရွက်ချက်တွေနဲ့ Update News တွေကို အသင်း Website မှာတင်မက Facebook Account မှာလည်း တင်ပေးသွားမှာ ဖြစ်ပါတယ်။

MSA5

အသင်းဝင်ချင်တယ်ဆိုရင် . . .

မြန်မာနိုင်ငံစာရင်းအင်းပညာအသင်းဝင်ကို စီးပွားရေးတက္ကသိုလ်က စာရင်းအင်းပညာဆိုင်ရာဘွဲ့၊ ဒီပလိုမာ ရထားသူတွေနဲ့ သုတေသနလုပ်ငန်းတွေမှာ စာရင်းအင်းပညာကို အသုံးပြုနေတဲ့ အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေ တစ်ဦးချင်းစီ၊ သို့မဟုတ် အဖွဲ့အစည်းလိုက်ဖြစ် လျောက်ထားနိုင်ပါတယ်။ ကျွန်မတို့ဆီမှာ အသင်းသားအမျိုးအစားကိုလည်း သာမန်အသင်းသား၊ ရာသက်ပန်အသင်းသား၊  ဂုဏ်ထူးဆောင်အသင်းသားနဲ့ အဖွဲ့အစည်းအသင်းသားဆိုပြီး လေးမျိုးခွဲခြား သတ်မှတ်ထားပါတယ်။ ကျွန်မအနေနဲ့ စာရင်းအင်းပညာရပ်ပေါ်မှာ အခြေခံပြီး သင်ယူထားတဲ့သူတွေနဲ့ စာရင်းအင်းပညာရပ်ကို အသုံးပြုပြီး အသက်မွေးကျောင်းပြုနေသူတွေကို ဒီအဖွဲ့ထဲမှာ ပါဝင်လာစေချင်ပါတယ်။

MSA6

အသင်းဝင်ခြင်းကနေရရှိမယ့် အကျိုးကျေးဇူးတွေ . . .

အကျိုးကျေးဇူးတွေအနေနဲ့ သာမန်အသင်းသားတွေဆိုရင် အသင်းကနေ စာရင်းအင်းပညာဆိုင်ရာမှတ်တမ်း CD တွေ၊ သတင်းစာစောင်တွေကို အခမဲ့ထုတ်ယူနိုင်မယ်၊ အသင်းရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို MSA Member Group ရဲ့ Viber နဲ့ Facebook တို့ကနေတစ်ဆင့် အသိပေးအကြောင်းကြားစာတွေကို ရရှိနိုင်မယ်၊ စာရင်းအင်းပညာနဲ့ ပတ်သက်တဲ့ အဆက်အသွယ်တွေ ရရှိလာနိုင်မှာဖြစ်ပါတယ်။ ရာသက်ပန်အသင်းသားတွေကတော့ ခုနကပြောတဲ့ အကျိုးကျေးဇူးတွေကို ရနိုင်တဲ့အ ပြင် MSA က ကြီးမှူးကျင်းပတဲ့စည်းဝေးပွဲတွေ၊ ဆွေးနွေးပွဲတွေနဲ့ Forum တွေကို အခမဲ့တက်ရောက်နိုင်မှာ ဖြစ်သလို MSA က ကြီးမှူးကျင်းပတဲ့ စာရင်းအင်းပညာရပ်ဆိုင်ရာ သင်တန်းတွေကိုလည်း အထူးနှုန်းနဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် သတ်မှတ်ထားတဲ့  Statistical Software တွေကို လက်တွေ့စမ်းသပ်နိုင်ခြင်း၊ နိုင်ငံခြားပညာသင်ကြားခွင့်နဲ့ လေ့လာရေးခရီးတွေမှာလည်း ဝင်ရောက်လျောက်ထားနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

MSA7

စာရင်းအင်းပညာရဲ့အရေးပါမှု . . .

ကျွန်မတို့က Better Data ၊ Better Life ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စာရင်းအင်းပညာကြောင့် မှန်ကန်တိကျတဲ့ Data ရနိုင်ပြီး သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နိုင်တဲ့အတွက် ရှိပြီးအဆိုတွေကို ဆက်လက်အသုံးပြုသင့် မပြုသင့် Confirm လုပ်နိုင်တယ်။ အဆိုအသစ်တွေကို ဖော်ထုတ်နိုင်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်တယ်။ အဲဒီလိုအသုံးပြုနိုင်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ဖန်တီးနိုင်တယ်။ Planning လည်း ပိုကောင်းစေတယ်။ စာရင်းအင်းပညာဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ကုလသမဂ္ဂကနေတောင် အောက်တိုဘာလ ၂၀ ရက်ကို ကမ္ဘာ့စာရင်းအင်းပညာနေ့အဖြစ် သတ်မှတ်ပေးထားတာဖြစ်ပါတယ်။

ကိုဒီ