နောက်နေ့မနက်မှာ ကျွန်တော်ရေကူးမယ့် အစီအစဉ်ကိုမလုပ်ဖြစ်တော့ပါဘူး။ ကျွန်တော့်သူငယ်ချင်းနဲ့ သုံးမိုင်လောက် လမ်းလျှောက်ထားပြီးပါပြီ။ ကျွန်တော့်ခွေးလေးနဲ့လည်း ပန်းခြံကိုသွားရင်း လေ့ကျင့်ခန်းသွားလုပ်ထားသေးတယ်။ ကျွန်တော် တော်တော်ပင်ပန်းနေပြီ။ ခါးတွေလည်း နာနေသလို၊ စာရေးစရာလေးလည်း ရှိသေးတယ်။ အိမ်မှာလည်း လုပ်စရာလေးတွေ ရှိသေးတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ အရင်တုန်းက အတွေ့အကြုံအရတော့ မိနစ် ၄၀ လောက် ရေကူးလိုက်တော့မှ နေလို့ထိုင်လို့ကောင်းပါတယ်။ ဟုတ်ပါတယ်။ တကယ်ကို နေလို့ကောင်းပါတယ်။ လန်းဆန်းသွားတယ်ဆိုတာထက် ပိုပြီးတော့ အင်အားတွေပြည့်လာသလို ခံစားရတယ်။
Sport ၊ Health and Activity Research and Policy Center ၊ The University of Michigan ကို ဦးဆောင်နေတဲ့ Michelle Segar ပြောတာကတော့ သူ့ရဲ့လေ့ကျင့်ခန်းပြုလုပ်တဲ့ အကြောင်းတွေကို ပြန်စဉ်းစားတဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မပါတဲ့နေ့တွေမှာတောင် ရေကူးဖို့ကို ဆက်လုပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါကိုကောင်းတဲ့အမြင်နဲ့ မြင်ကြည့်ပါတယ်။ ပြန်လည်အားပြည့်စေတဲ့ လှုပ်ရှားမှုလို့လည်း သတ်မှတ်ပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းဆိုတာ တကယ်ကို ပြုလုပ်နေရမှာပါ။ တစ်ယောက်ယောက်က တိုက်တွန်းလို့ လုပ်ရတာမျိုးမဟုတ်ဘဲ တကယ်ကိုနေထိုင်လို့ ကောင်းသွားတာမို့ ပြုလုပ်ခြင်းဖြစ်ပါတယ်။
စိတ်ပညာအထူးကုဖြစ်တဲ့ Dr.Segar ကတော့ လူတွေကို ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းအကျင့်ကို မွေးမြူဖို့ အားပေးကူညီလေ့ရှိပြီး သူ့ရဲ့လေ့လာချက်တွေအရတော့ လေ့ကျင့်ခန်းပြုလုပ်ဖို့ပျင်းတဲ့လူနဲ့ ခဏခဏ ပျက်ကွက်တဲ့လူတွေတောင်မှပဲ ပျော်ရွှင်ပြီး ပုံမှန်စွဲစွဲမြဲမြဲပြုလုပ်သွားနိုင်ပါတယ်လို့ ဆိုပါတယ်။
Dr.Segar ရဲ့ ဖြေကြားချက်တစ်ခုမှာတော့ ကျန်းမာဖို့အတွက်ဆိုပြီး လေ့ကျင့်ခန်းရွေးချယ်ပြုလုပ်ကြမှုက လူတွေရဲ့နေ့စဉ်ဘဝထဲမှာ ဦးစားပေးမှု မရှိသလောက်ပါပဲလို့ ဆိုပါတယ်။
မဖြစ်နိုင်ပေမယ့် လူအများစုကတော့ သူတို့ကိုယ်အလေးချိန်ကျဖို့နဲ့ ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်ချိန် နည်းနည်းပဲ အသုံးပြုချင်ကြပါတယ်။ ဒါကတော့ အသက်ကြီးတဲ့လူကြီးတွေလည်း ဒီလိုပဲ အလားတူ တွေးပါတယ်။ အသက် ၆၀ နဲ့ ၉၅ နှစ်ကြား လူကြီး ၃၃၅ ယောက်ကို မေးခွန်းထုတ်တဲ့အခါမှာ ဒီလိုပဲ ဖြေကြပါတယ်။
ဒါကြောင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းက မိမိတို့ရဲ့စိတ်ကို ပြန်လည်လန်းဆန်းပြီး ပျော်ရွှင်ပြီးအောင်မြင်တဲ့ အရာကိုပိုင်ဆိုင်ဖို့ အားအင်တစ်ခုဖြစ်တယ်လို့ သူက ပြောပါတယ်။
Dr.Segar ရဲ့ စာအုပ်အသစ်မှာတော့ သက်သက်သာသာ ပေါ့ပေါ့ပါးပါးနေခဲ့ပြီး လေ့ကျင့်ခန်း မလုပ်မိတာတွေကို နောင်တရပြီး ပြန်လုပ်မယ်ဆိုရင်တော့ ပျော်ရွှင်ရမှာမဟုတ်ဘဲ အဲဒီအနုတ်လက္ခဏာဆောင်တဲ့ ခံစားချက်တွေက အပြစ်ပေးနေသလို ခံစားမိနေမှာပါ။
တစ်ရက်ကို နာရီဝက်လောက် အလုပ်လုပ်နေမယ့်အစား တစ်ရက်ကို သာမန်လေ့ကျင့်ခန်းမျိုး ဆယ်မိနစ်တစ်ကြိမ်လောက်နဲ့ သုံးကြိမ်လောက် ပြုလုပ်ဖို့ အကြံပြုပါတယ်။ ဓာတ်လှေကားအသုံးပြုမယ့်အစား လှေကားအသုံးပြုတာမျိုး၊ ရေသောက်ဖို့ လမ်းလျှောက်သွားတာမျိုးကအစ ထည့်သွင်းစဉ်းစားရမှာပါလို့ ပြောပါတယ်။
နေ့စဉ်လှုပ်ရှားမှုလုပ်နေတာတွေ အားလုံးကို ထည့်သွင်းစဉ်းစားပေးမယ်ဆိုရင်တော့ ဘာမဆို လေ့ကျင့်ခန်းလို သဘောထားပြီးလုပ်ဆောင်နိုင်မှာပါ။
အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဦးစားပေးပြီး လေ့ကျင့်ခန်းပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ Dr.Segar ကတော့ ကိုယ့်ကိုယ်ကိုယ် ဂရုုမစိုက်ဘဲ လေ့ကျင့်ခန်းလုပ်ရမယ့်အချိန်တွေကို မျှပြီးတော့ တခြားကိစ္စတွေမှာ အလုပ်တွေရှုပ်နေမယ်ဆိုရင်တော့ အားအင်တွေကုန်ကုန်မှာပဲဖြစ်ပါတယ်။ အဲဒီအစား၊ မောပန်းပြီးတော့ စွမ်းအင်တွေ လျော့နည်းလာမှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်သတ်သတ် ဖယ်ထားရတဲ့သူတွေအတွက်ကတော့ တခြားလူတွေလောက် အချိန်ပိုနေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုအချိန်သတ်မှတ်ထားခြင်းက သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ လုပ်ဆောင်နိုင်စွမ်းရည် ပိုမိုမြင့်မားလာသလို ဘဝအသက်ရှင်ခြင်းကလည်း အဓိပ္ပာယ်ပိုရှိလာမှာဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကျောင်းနေရွယ်ကလေးတွေကို လေ့ကျင့်ခန်းပြုလုပ်ဖို့ အနားပေးလိုက်ခြင်းက ကျောင်းစာကိုပိုပြီး ဂရုစိုက်လေ့လာလိုစိတ် ပိုများသွားတယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ချိန်တွေကြောင့် မိသားစုကို အချိန်မပေးနိုင်ဘူးဆိုရင်တော့ မိသားစုကိုပါ တစ်ပါတည်း ခေါ်သွားဖို့ အကြံပြုပါရစေ။ ငယ်ရွယ်တဲ့အရွယ်ကစပြီး ဒီလို ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ကို အလေ့အထဖြစ်လာစေမှာဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုငယ်ငယ်တုန်းက စနေ၊ တနင်္ဂနွေဆိုရင် အဖေနဲ့အမြဲလမ်းလျှောက်ဖို့ လိုက်သွားရပါတယ်။ ကလေးဘဝကတည်းက ရေကူးသင်ပေးခဲ့သလို ဘဝတစ်လျှောက်လုံး ရေထဲမှာနေရင်ကိုပဲ ပျော်ရွှင်လို့နေပါတယ်။ ကျွန်တော်တို့ အသက် ၇၀ ကျော် ရှိသွားပါပြီ။ ကျွန်တော်တို့နှစ်ဦးလုံး ဒီလိုဘဝတစ်လျှောက် လေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ရခြင်း သိပ်ကိုကောင်းမွန်တယ်ဆို တာကို အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။
တချို့တွေကို ကောင်းမွန်စေလိုတဲ့ ကြိုးစားမှုတွေနဲ့ ခက်ခဲတဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်ကြပါတယ်။ သူတို့ကြိုးစားရမှုက ပင်ပန်းလာတဲ့အခါမှာ သူတို့ ထပ်မလုပ်နိုင်တော့ဘဲ လက်လျှော့လိုက်ရပါတယ်။ ဘယ်လောက်ကြိုးစားလုပ်ပါမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေထက်စာရင် လေ့လာကြိုးစားလုပ်ဆောင်တဲ့ ရည် မှန်းချက်မျိုးကိုချပါလို့ Dr.Segar က အကြံပြုပါတယ်။
ဘဝတစ်လျှောက်လုံး လေ့ကျင့်ခန်းပြုလုပ်ဖို့ ပြင်ဆင်မယ်ဆိုရင်တော့ ပုံမှန်မပျက်မကွက် ပြုလုပ်တဲ့ အလေ့အကျင့်ကို ကြိုးစားမွေးမြူရပါမယ်။ ဘာမှမလုပ်တာထက်စာရင်တော့ ဆယ်မိနစ်၊ မိနစ် ၂၀ ကလည်း ထိရောက်မှုတော့ ရှိပါတယ်။
တကယ်လို့ သင်အလုပ်မှာ တအားပင်ပန်းနေလို့ အားကစားခန်းမကို မသွားချင်တော့ဘူးဆိုရင်တောင် တခြားလုပ်နိုင်မယ့်အတွေးလေးတွေ ပြောင်းပြီး ပြုလုပ်နိုင်ပါတယ်။ ညနေစောင်းချိန် သူငယ်ချင်းနဲ့ဖြစ်ဖြစ်၊ သင့်ခွေးလေးနဲ့ဖြစ်ဖြစ် လမ်းလျှောက်တာမျိုးပေါ့။ လှုပ်ရှားမှုပြောင်းပြီး ပြုလုပ်တာမျိုးဖြစ်ဖြစ်ပေါ့။
ဒါမှမဟုတ်ရင်တော့ စောစောအိပ်ပြီး နာရီဝက်လောက် စောစောထပြီး လေ့ကျင့်ခန်းပြုလုပ်နိုင်အောင် ကြိုးစားပါ။ ဒီလို နေ့စဉ်အလုပ်တွေကြောင့် အာရုံမနောက်ရအောင် စောစောထပြီး လေ့ကျင့်ခန်း ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။
အဒိုနီရမ်