အမှန်စကားပြောတာနဲ့ သတ္တိရှိတာနဲ့ ချိတ်ဆက်မှုရှိပါတယ်။ အမှန်စကားကို မပြောတာ၊ လိမ်လည်လှည့်ဖြားတာ၊ မှားယွင်းစွာဖော်ပြတာနဲ့ ပွင့်လင်းမြင်သာမရှိအောင် တမင်ပြောတာတွေမှာ သီးခြားအကြောင်းတရားတွေ ရှိကြမှာဖြစ်ပေမယ့် သတ္တိမရှိလို့ အမှန်စကားမပြောရဲတာလည်း ဖြစ်နိုင်ပါတယ်။
လိမ်ပြောတယ်ဆိုတာဘာလဲ၊ စဉ်းစားကြည့်ကြရအောင်။ 'ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားကို ရည်ရွယ်ချက်ရှိရှိဖြင့် မှားယွင်းစွာဖော်ပြခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ မည်သည့်ဆက်ဆံရေး အခြေအနေမှာမဆို (စေ့စပ်ညှိနှိုင်းသူများရဲ့ အပေးအယူ အလျော့အတင်းရှိသော ဆက်ဆံရေးအပါအဝင်) လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကို အမှန်ကိုသိလျက်နဲ့ လိမ်ပြောတယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။ အမှန်တရားပေါ်ပေါက်လာတဲ့အခါမှာ သူ့ရဲ့လိမ်လည်မှုဟာ သူကိုယ်တိုင်ထွေးပိုက်မိလျက်သားဖြစ်နေပြီး သူ့အပေါ်မှာ လူတွေရဲ့ယုံကြည်စိတ်ချရမှု ဆုံးရှုံးစေမှာဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ယုံကြည်စိတ်ချရမှု မရှိတော့ဘူးဆိုရင် ဆွေးနွေးပွဲဟာ တစ်ဖက်နိုင်တစ်ဖက်ရှုံးအခြေအနေသို့ ရွှေ့ပြောင်းသွားမှာဖြစ်လို့ မလွဲမသွေ ကျွန်တော်တို့ သတိကြီးစွာထားရပါတော့မယ်။
လူတချို့က ပြောကြပါတယ်။ မုသားမပါ လင်္ကာမချောတဲ့၊ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေမှာ နည်းပရိယာယ်က အရေးကြီးတယ်တဲ့။ နောက်ပြီး နည်းပရိယာယ်ဆိုတာ လိမ်လည်လှည့်ဖြားတာ မဟုတ်ဘူး။ တစ်ဖက်သားကို အားနည်းတဲ့အခြေအနေရောက်အောင် အားထုတ်ခြင်းသာ ဖြစ်ပါတယ်တဲ့။ သူတို့ ဘယ်လိုပဲ ပြောနေပါစေ၊ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားသံလိုက်အိမ်မြှောင်က အမြဲတမ်းအမှန်တရားကိုသာ ရှေးရှုနေမယ်ဆိုရင် နည်းပရိယာယ်ဆိုတာဟာ အနုတ်လက္ခဏာဆောင်တဲ့ လုပ်ဆောင်မှုတစ်ခုလို့ပဲ ထောက်ပြနေမှာပါ။ နောက်ပြီး ၂၁ ရာစုခေတ်အယူအဆဖြစ်တဲ့ နှစ်ဦးနှစ်ဖက်တန်းတူညီမှုကို အခြေခံတဲ့ စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲများ (Mutuality based Negotiations) မှာလည်း နည်းပရိယာယ်ကျင့်သုံးမှုတွေကို ဂရုစိုက်ရှောင်ရှားလာကြပါတယ်။ ယနေ့ကမ္ဘာကြီးက လက်ခံထားတဲ့စံနဲ့ တန်ဖိုးတွေကလည်း ကိုယ်ကျင့်တရားဆိုင်ရာ စံများ၊ တန်ဖိုးများ ဖြစ်နေကြပါပြီ။ စေ့စပ်ညှိနှိုင်းမှုတွေမှာ မဟာဗျူဟာတစ်ခုကတော့ ရှိသင့်ပါတယ်။ မဟာဗျူဟာဆိုတာ ပန်းတိုင်တစ်ခုရရှိဖို့အတွက် လှုပ်ရှားဆောင်ရွက်ရမယ့် အစီအစဉ်ဖြစ်ပါတယ်။ မဟာဗျူဟာနဲ့ နည်းပရိယာယ်က လိုလားချက်ချင်း ကွာခြားသလို ရလဒ်ကလည်း ကွာခြားပါတယ်။ စေ့စပ်ညှိနှိုင်းသူများရဲ့ မဟာဗျူဟာပန်းတိုင်တွေဟာ အပေးအယူ အလျော့အတင်းလုပ်လိုက်လို့ နီးကပ်သွားပြီဆိုရင် စေ့စပ်ညှိနှိုင်းမှုတွေ အောင်မြင်ဖို့နီးစပ်လာပါပြီ။ နှစ်ဖက်စလုံးက တူညီမျှတသော အကျိုးကျေးဇူးများ ခံစားကြရဖို့ပါ။ နည်းပရိယာယ်ကတော့ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း တစ်ဖက်ဖက်က ပိုများတဲ့ အကျိုးကျေးဇူးရလိုတဲ့ဆန္ဒနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အခုခေတ် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ နည်းပရိယာယ်သုံးစွဲမှုကို မနှစ်မြို့ကြတော့ပါဘူး။ အားလုံးက မျှဝေခံစားမှုလမ်းကြောင်းကိုပဲ ဦးစားပေးလာကြပါတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ရိုးသားဖြောင့်မတ်ခြင်းနဲ့ တည်ကြည်မှုရှိခြင်းတွေအပေါ်မှာ တစ်နေ့တခြား ပိုမိုတန်ဖိုးထားလာကြပါတယ်။ ရိုးသားဖြောင့်မတ်တယ်ဆိုတာ အမှန်စကားပြောခြင်း၊ ဒါမှမဟုတ် ကိုယ်လုပ်ထားတဲ့အတိုင်း ပြောခြင်းဖြစ်ပါတယ်။ တည်ကြည်မှုရှိခြင်းဆိုတာကတော့ တာဝန်ခံထားတဲ့အတိုင်း ကတိတည်ခြင်း၊ ဒါမှမဟုတ် ကိုယ်ပြောထားတဲ့အတိုင်း လုပ်ခြင်းဖြစ်ပါတယ်။
နည်းပရိယာယ်နဲ့ပတ်သက်လို့ သာဓကကလေးတစ်ခု ပြောပြချင်ပါတယ်။ ကျွန်တော့်မှာ ခပ်လတ်လတ်ကားတစ်စီးရှိတယ် ဆိုပါစို့။ ကျွန်တော်က ပိုကောင်းတဲ့ ကားတစ်စီးဝယ်ချင်တဲ့အတွက် ဒီကားကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းလိုပါတယ်။ ကျွန်တော့် မိတ်ဆွေတစ်ယောက်က သူလည်းကားတစ်စီး လိုအပ်နေတယ်၊ ကျွန်တော့်ကားကိုလည်း ကြိုက်တယ်။ ဒါပေမဲ့ သူ့မှာ ငွေကြေးမပြည့်စုံတော့ တန်ရာတန်ကြေးမဟုတ်ဘဲ အနည်းငယ်လျော့ပေးချင်တယ်။ မိတ်ဆွေအရင်းလည်းဖြစ်တယ်၊ ကျွန်တော်ကလည်း ရောင်းချင်တယ်၊ ပြန်ဝယ်မယ့်ကားအတွက် ငွေအများကြီးပိုစိုက်ရတော့မယ်ဆိုတာ သိပေမယ့် သူ့ကို သူလိုချင်တဲ့ ဈေးနှုန်းနဲ့ပဲ ရောင်းပေးလိုက်ပါတယ်။ မကြာပါဘူး၊ သူက အပြင်လူတစ်ယောက်ကို မြိုးမြိုးမြက်မြက် အမြတ်ယူပြီး အဲဒီကားကို ပြန်ရောင်းလိုက်ပါတယ်။ ကျွန်တော် အလိမ်ခံရတာလား။ လှည့်စားခံရတာလား။ သူ့ရဲ့ နည်းပရိယာယ်ကို ကျွန်တော်ဘယ်လိုခံစားရမလဲ။ အနည်းဆုံး သူ့အပေါ် စိတ်ပျက်မိပါလိမ့်မယ်။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေမှာ ဒီလိုမဖြစ်အောင် ကျွန်တော်တို့ ဂရုစိုက်ကြရမယ်မဟုတ်လား။
တစ်ဖက်နိုင်တစ်ဖက်ရှုံး အယူအဆနဲ့ စေ့စပ်ညှိနှိုင်းရေးစားပွဲရောက်လာသူတွေကို ကျွန်တော်တို့ သတိထားကြရပါလိမ့်မယ်။ ဒီလူတွေဟာ အမြင်တိုတဲ့ ဖြတ်လမ်းသမားတွေသာ ဖြစ်ပါတယ်။ ရေတိုအောင်မြင်မှုအတွက် နည်းပရိယာယ်ကျင့်သုံးခြင်းဟာ ရေရှည်ယုံကြည်မှုဆုံးရှုံးစေခြင်းသာ အဖတ်တင်ကျန်ပါလိမ့်မယ်။ စေ့စပ်ညှိနှိုင်းရေးမှာ တစ်ကြိမ်လိမ်ပြောမိပြီဆိုရင် အလိမ်ခံရသူတွေရဲ့ ယုံကြည်စိတ်ချမှုကို ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။ တကယ်လို့ ကျွန်တော်တို့ လိမ်လိုက်တာ၊ လှည့်လိုက်တာ ချက်ချင်း သူတို့ကမသိဘူးဆိုရင်တောင် ကျွန်တော်တို့ရဲ့ စစ်မှန်မှု၊ တည်ကြည်မှုနဲ့ သမာဓိတရားက ပွန်းပဲ့သွားခဲ့ပါပြီ။ ရုပ်ခန္ဓာကိုယ်ကြီးက မပြောင်းလဲဘူးဆိုပေမယ့် လူ့ကျင့်ဝတ်အပိုင်းမှာ အကြီးအကျယ် ချို့တဲ့သွားခဲ့ပါပြီ။
ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ အများစုဟာ အတိတ်ခေတ်က သင်ကြားမှုတွေနဲ့ပဲ ယဉ်ပါးနေကြပြီး အယူအဆရေးရာနဲ့ပတ်သက်လို့ ကမ္ဘာကြီး ဘယ်လိုပြောင်းလဲနေသလဲဆိုတာ သတိမထားမိသူများပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့၊ ကိုယ့်အဖွဲ့အစည်း ကိုယ်ကာကွယ်ဖို့ လိမ်ပြောတာတွေ ထိမ်ချန်ပြောတာတွေဟာ လုပ်သင့်တဲ့အလုပ်လို့တောင် ယုံကြည်နေကြသူတွေ ရှိနေပါတယ်။ ကိုယ်က အမှန်ပြောလိုက်လို့ အထက်လူကြီး၊ မိဘဆရာသမား၊ မိတ်ဆွေသင်္ဂဟတွေ မထိခိုက်စေချင်ကြဘူး။ ထိမ်ချန်ရခြင်းဟာ အမှန်စကားကို အားနည်းစေပြီး ယုံကြည်မှုမှာလည်း ဟာကွက်ဖြစ်တယ်ဆိုတာလည်း မှန်ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာတော့ စေ့စပ်ညှိနှိုင်းသူတစ်ဦးဟာ ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်စေ၊ ကိုယ့်လည်း မထိခိုက်စေဖို့အတွက်ဆိုရင် ဆင်ခြင်မှုရှိတဲ့ အမှန်စကားကို ချုပ်တည်းပြောနေရမှာဖြစ်သလို အခြားတစ်ဖက်က ဘယ်လိုနည်းပရိယာယ်တွေ ကျင့်သုံးလာမလဲဆိုတာကိုလည်း သတိကြီးစွာထား ရှောင်ရှားနေရမှာဖြစ်တယ်လို့ အကြံပြုလိုပါတယ်။
ဘာပဲဖြစ်ဖြစ် စေ့စပ်ညှိနှိုင်းရေးစားပွဲတွေမှာ အမှန်စကားပြောနိုင်တာဟာ အင်အားကြီးမားစွာ ရိုက်ခတ်မှုဖြစ်စေပါတယ်။ မေတ္တာတရား၊ ကရုဏာတရားနဲ့ ပေါင်းစပ်လိုက်ရင် အမှန်စကားဟာ ပိုပြီး အင်အားကြီးမားလာစေပါတယ်။ ဆွေးနွေးပွဲတွေမှာ တစ်ယောက်နဲ့တစ်ယောက် မျှဝေခံစားမှုကိုလည်း ဖြစ်ပေါ်စေတယ်။ တစ်ခုတော့ရှိပါတယ်။ ကျွန်တော်တို့က အမှန်စကားပြောလိုက်လို့ တခြားတစ်ယောက်အပေါ် ဘယ်လိုရိုက်ခတ်မှုတွေ ရှိလာမလဲဆိုတာကိုတော့ ကြိုတင်စဉ်းစားရပါမယ်။ အမှန်စကားပြောတယ်ဆိုတာ လူတွေကို ပေါက်ကွဲသွားအောင်၊ ပျက်စီးဆုံးရှုံးသွားအောင် လုပ်နိုင်တဲ့လက်မှတ်တစ်ခုလို့တော့ မမြင်စေချင်ပါဘူး။ ကျွန်တော်တို့ပြောသမျှဟာ ကျွန်တော်တို့ရှုထောင့်ထဲက အမှန်စကားဖြစ်သလို အခြားလူတွေကလည်း သူတို့ရှုထောင့်တွေထဲက အမှန်စကားတွေပြောနိုင်တဲ့ အခွင့်အရေးပေးရပါမယ်။ ကွဲပြားခြားနားတဲ့အမြင်တွေထဲက အမှန်စကားတွေ တစ်နေရာမှာ ပေါင်းဆုံမိစေဖို့ အားထုတ်ရတာဟာ စေ့စပ်ညှိနှိုင်းရေးရဲ့ အနှစ်သာရပါပဲ။
မင်းဗထူး