အလုပ်ကိစ္စနဲ့ ဗြိတိန်ကိုသွားရင်

ပြည်ပခရီးသွားတာ အထူးအဆန်းမဟုတ်တော့တဲ့ ခေတ်ဆိုပေမယ့် စီးပွားရေးလုပ်ငန်းကိစ္စနဲ့ ခရီးသွားရရင်တော့ သက်ဆိုင်ရာနိုင်ငံနဲ့ လူမျိုးတို့ရဲ့ ဓလေ့ထုံးစံနဲ့ လိုက်နာရမယ့်ကျင့်ထုံးတွေကို သိရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ မြန်မာ့စီးပွားရေးလောက ပွင့်လင်းတိုးတက်မှုတွေ များလာတာနဲ့အမျှ မြန်မာလူမျိုးတွေကို ကမ္ဘာကအထင်မသေးရအောင် ပြောဆိုနေထိုင်သွားလာတတ်ဖို့လိုပါတယ်။ ရောမရောက်ရင် ရောမလိုကျင့်ရတယ်ဆိုတဲ့ အမြဲတမ်းမှန်နေတဲ့ ဆိုရိုးစကားလည်း ရှိပါတယ်။ CEO မဂ္ဂဇင်း စာဖတ်ပရိသတ်ကြီးအတွက် ယခုလကနေစပြီး ပြည်ပနိုင်ငံအလိုက် Bussiness Trip သွားတဲ့အခါ လိုက်နာရမယ့်အချက်တွေကို သက်ဆိုင်ရာနိုင်ငံသားတွေဆီ သွားရောက်တွေ့ဆုံမေးမြန်းတဲ့ ကဏ္ဍသစ်ကို တင်ဆက်လိုက်ပါတယ်။ ယခုလမှာ UK နိုင်ငံကို သွားရောက်သူတွေအတွက် ဆောင်ရန် ရှောင်ရန်နဲ့ တခြားသိအပ်တဲ့အချက်တွေကို အင်္ဂလိပ်လူမျိုးဖြစ်တဲ့ Andy Annet က ပြောကြားပေးထားပါတယ်။ Andy ဟာ TODAY Ogilvy & Mather Myanmar မှာ မန်နေးဂျင်း ဒါရိုက်တာအနေနဲ့တာဝန်ထမ်းဆောင်နေပြီး မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတာ ခုနစ်လရှိပါပြီ။

businesstrip1

စီးပွားရေးလုပ်ငန်းဆွေးနွေးရန် Appointment ယူ ချိန်းဆိုရင် . . .

UK မှာဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေ တစ်ယောက်နဲ့တစ်ယောက် ချိန်းဆိုရာမှာ ကျွန်တော် မနက်ပိုင်းရုံးမှာရှိနေမယ်၊ ဒါမှမဟုတ် ညနေပိုင်းမှာ ရှိနေမယ်ဆိုပြီး သာမန်အနေနဲ့ပဲ ပြောလေ့ရှိပါတယ်။ လေးလေးနက်နက်ပြောမယ်ဆိုရင်လည်း ဒီမနက် ၁၀ နာရီလောက် ကျွန်တော်ရုံးမှာ ရှိနေမယ်လို့ပဲ ပြောဖြစ်ပါတယ်။ ကိုယ်ချိန်းဆိုလိုတဲ့ ပုဂ္ဂိုလ်ရဲ့ရာထူးက တအားမြင့်နေတယ်ဆိုရင် E-mail ပို့ပြီးတော့ ချိန်းဆိုနိုင်ပါတယ်။ E-mail အသုံးပြုပြီးချိန်းဆိုတာက UK အသိုင်းအဝိုင်းမှာ အများလက်ခံထားတာလည်း ဖြစ်ပါတယ်။ တစ်ဖက်လူက E-mail ပို့ပြီး ချိန်းဆိုထားတာကို အမြန်ဆုံးအကြောင်းပြန်ပါလိမ့်မယ်။

SMS ပို့ပြီး ချိန်းဆိုတာကရော . . .

ယေဘုယျအားဖြင့်တော့ SMS ပို့ပြီး ချိန်းဆိုတာမျိုး မပြုလုပ်ကြပါဘူး။ စီးပွားရေးပိုင်းနဲ့ ပတ်သက်ရင်တော့ E-mail ကိုပဲ အသုံးပြုကြပါတယ်။ UK မှာ SMS ကို ပုဂ္ဂိုလ်ချင်းရင်းနှီးမှသာ အသုံးပြုကြပါတယ်။ တချို့ပုဂ္ဂိုလ်တော်တော်များများဟာ အတွင်းရေးမှူး၊ ဒါမှမဟုတ် Personal Assistance (PA)  ၊ ဒါမှမဟုတ် Executive Assistance (EA) တွေ ရှိတဲ့အတွက် သူတို့တွေနဲ့တင် ချိန်းဆိုထားတယ်ဆိုတဲ့အကြောင်းကို ပြောနိုင်ပါတယ်။ ပုံမှန်တွေ့ဆုံမှုတွေကို ရုံးမှာတင် ပြုလုပ်ကြပါတယ်။ ဒါပေမဲ့ တချို့ကတော့ အေးအေးဆေးဆေး ဆွေးနွေးလို့ရနိုင်တဲ့ ကော်ဖီဆိုင်၊ ဒါမှမဟုတ် တခြားတစ်ရာရာမှာ ချိန်းတာမျိုးလည်း ရှိပါတယ်။

ပထမအကြိမ် နှုတ်ဆက်မယ်ဆိုရင် . . .

ရုံးခန်းထဲကို တိုက်ရိုက်တန်းဝင်သွားပြီး လက်ဆွဲနှုတ်ဆက်လိုက်ရုံနဲ့တင် လုံလောက်ပါတယ်။ ပြီးရင် သင့်ရဲ့  လိပ်စာကတ်ကို သူ့ကို ပေးလိုက်သင့်ပါတယ်။

ပထမဆုံးအကြိမ် တွေ့ဆုံတဲ့အခါမှာ လက်ဆောင်ပေးသင့် ၊ မသင့် . . .

ကျွန်တော့်အမြင်တော့ လက်ဆောင်ပေးဖို့ မလိုအပ်ပါဘူး။ နည်းနည်းပိုပြီး ယဉ်ကျေးတဲ့အမူအရာ၊ ဒါမှမဟုတ် ခင်မင်ရင်းနှီးတဲ့အမူအရာကို ပြဖို့အတွက်ဆိုရင်တော့ သင်နဲ့စီးပွားရေးတစ်ခုကို စတင်မယ့်ပါတနာအတွက် လက်ဆောင်တစ်ခုခု ယူသွားတာက ကောင်းပါတယ်။ ဒါပေမဲ့ ထန်းလျက်၊ မန်ကျည်းတော်ဖီ၊ မြန်မာ ဘီယာတို့လို တန်ဖိုးသိပ်မများတဲ့ လက်ဆောင်မျိုးကို ပေးတာက ပိုကောင်းပါတယ်။ မြန်မာပြည်တွင်းက ထွက်တဲ့ပစ္စည်းတွေကို လက်ဆောင်အဖြစ်ပေးတာက အမှတ်တရလည်း ဖြစ်စေပါတယ်။

ပထမအကြိမ် တွေ့ဆုံတဲ့အခါဆိုပေမဲ့လည်း အဲဒီနေ့မှာပဲ ထမင်းအတူသွားစားဖို့၊ ဒါမှမဟုတ်တစ်ခုခု သွားလုပ်ဖို့အတွက်ကိုလည်း ချိန်းဆိုနိုင်ပါတယ်။

စီးပွားရေးနဲ့မသက်ဆိုင်ဘဲ အင်္ဂလိပ်လူမျိုးတွေနဲ့ ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံတဲ့အခါမှာ လေပေးဖြောင့်အောင် ဘယ်အကြောင်းအရာမျိုးတွေကို ပြောသင့်ပါသလဲ . . .

စီးပွားရေးနဲ့ မသက်ဆိုင်ဘူးဆိုရင်တော့ ကိုယ့်ဒေသအကြောင်း၊ ကိုယ့်ဓလေ့အကြောင်းကို ပြောတာက ပိုကောင်းပါတယ်။ အများစုက တခြားနေရာဒေသတွေ၊ တခြားလူမျိုးတွေရဲ့ အကြောင်းကို စိတ်ဝင်စားကြပါတယ်။

ပုံမှန်အားဖြင့်တော့ အင်္ဂလိပ်လူမျိုးတွေက ဘောလုံးအားကစားကို နှစ်သက်ကြပါတယ်။ သူတို့တွေနဲ့ စကားပြောတဲ့အခါမှာ EPL ၊ Premier League တို့အကြောင်းကို သိထားတယ်ဆိုရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ဘောလုံးအားကစားအပြင် သူတို့တွေ ပြောလေ့ရှိတာတွေက အစားအစာအကြောင်းတွေ ဖြစ်ပါတယ်။ မြန်မာပြည်က အစားအစာတွေက ဘယ်လိုပုံစံမျိုးတွေရှိလဲ။ ဒီကအစားအစာတွေပေါ်မှာကော သင့်အနေနဲ့ ဘယ်လိုမြင်တယ်စတဲ့ သူတို့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြောတာက သူတို့နဲ့ ကိုယ်နဲ့ရင်းနှီးမှု ပိုမိုဖြစ်ထွန်းစေပါလိမ့်မယ်။ နောက်ပြီး နိုင်ငံရေးအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောနိုင်ပါတယ်။ အင်္ဂလန်မှာ နိုင်ငံရေးအကြောင်းပြောတာက ဘာပြဿနာမှ မရှိပါဘူး။

စီးပွားရေးတွေ့ဆုံမှု ပြီးသွားပြီး ညှိနှိုင်းတာက အဆင်မချောဘူးဆိုရင် ဘာတွေဆက်လုပ်သင့်ပါသလဲ . . .

အဆင်မချောတဲ့ စီးပွားရေးတွေ့ဆုံမှုတစ်ခုနဲ့ ကြုံရပြီဆိုရင် တွေ့ဆုံမှုမပြီးဆုံးခင်မှာ ဘာကြောင့် အဆင်မချောလဲဆိုတာကို သိဖို့လိုပါတယ်။ အဆင်မပြေဘူးဆိုတာက အရင်က ဒါမျိုးတစ်ခါမှ မဖြစ်ဖူးလို့လား၊ ဒါမှမဟုတ် အကြောင်းအရာတစ်ခုကို မပြောင်းလဲနိုင်လို့လား စသဖြင့်သိဖို့လိုပါတယ်။ တကယ်လို့ သင့်ရဲ့ ပထမအကြိမ်တွေ့ဆုံမှုက အဆင်မပြေပေမဲ့ နောက်ထပ်နှစ်ပတ်လောက်ဆက်နေဖို့ အချိန်ရတယ်ဆိုရင် နောက် နှစ်ရက်၊ သုံးရက်နေ၊ ဒါမှမဟုတ် ရုံးအားလပ်ချိန်မှာဖြစ်ဖြစ် ပြန်လာပါ့မယ်လို့ပြောပြီး နောက်တစ်ခေါက် ပြန်ကြိုးစားနိုင်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ နောက်တစ်ခါပြန်ပြီး ကြိုးစားနိုင်တဲ့ အခွင့်အရေးရှိ၊ မရှိ ဆိုတာကိုလည်း နားလည်ဖို့လိုအပ်ပါတယ်။

တကယ်လို့ ညှိနှိုင်းမှုက အဆင်ပြေခဲ့ရင်ကော နောက်တစ်ဆင့်ဘာလုပ်ရမလဲ . . .

ညှိနှိုင်းမှုအဆင်ပြေပြီးပြီးချင်း နှစ်နာရီ၊ သုံးနာရီအတွင်းမှာ E-mail ပို့ပြီး Confirm ပြုလုပ်သင့်ပါတယ်။

မန်နေဂျာအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ တွေ့ဆုံခဲ့ပေမဲ့ ညှိနှိုင်းမှုမှာ အဆင်မပြေခဲ့ဘူးဆိုရင် သူ့ထက် အဆင့်ပိုမြင့်တဲ့တစ်ယောက်နဲ့ ထပ်တွေ့သင့်ပါသလား . . .

ယေဘုယျအနေနဲ့တော့ သင့်အနေနဲ့ ဆုံးဖြတ်ချက်ပေးတဲ့လူမျိုးနဲ့ပဲ အစကတည်းက တွေ့သင့်ပါတယ်။ တကယ်လို့ သင်ဟာ မန်နေဂျာနဲ့တွေ့ခဲ့ပြီး အဆင်မပြေဘူးဆိုရင် သူ့ထက် အဆင့်မြင့်တဲ့ပုဂ္ဂိုလ်နဲ့တွေ့ဖို့ဆိုတာ တော်တော်တော့ ခက်သွားပါပြီ။ မန်နေဂျာရဲ့ အထက်အရာရှိကို သင်တွေ့ဖို့တောင်းခံတဲ့အခါမှာ သူက သူ့ရဲ့မန်နေဂျာကို သင်နဲ့တွေ့ဆုံခဲ့တဲ့ရလဒ်ကို သိပြီးဖြစ်တဲ့အတွက် သင့်ကိုလက်ခံတွေ့ဆုံဖို့ဆိုတာ တော်တော့်ကို မဖြစ်နိုင်တဲ့ကိစ္စမျိုးပါပဲ။

တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုရရှိသွားပြီဆိုရင် ဘာတွေကို လုပ်သင့်ပြီး၊ ဘာတွေကို မလုပ်သင့်တာ ရှိပါသလဲ . . .

ဒါဆိုရင်တော့ ညစာစားပွဲတို့လိုပွဲမျိုးတွေ အတူသွားသင့်ပါတယ်။ မြန်မာကလာတဲ့လူတွေက နှစ်ပတ်လောက်ပဲ လာတတ်ကြတာဖြစ်တဲ့အတွက် တခြားဘောလုံးပွဲလို ပွဲတစ်ခုခုကို သွားတာမျိုး ပြုလုပ်တာကလည်း ကောင်းပါတယ်။ ဒါမှမဟုတ် အိမ်ကို အလည်ခေါ်တာမျိုးလည်း ပြုလုပ်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ သင်ဟာ စီးပွားရေးကိစ္စတစ်ခုနဲ့လာတာဆိုရင်တော့ သူနဲ့ရင်းနှီးပေမဲ့  အိမ်တော့လိုက်မလည်ပါနဲ့။ သူနဲ့ နောက်ဆွေးနွေးပွဲမှာ တွေ့မယ်ဆိုပြီးတော့ ငြင်းတာမျိုးက ပိုကောင်းပါလိမ့်မယ်။

စီးပွားရေးအရ တွေ့ဆုံတဲ့အခါမျိုးမှာ ဘယ်လိုအဝတ်အစားမျိုးကို ဝတ်ဆင်ဖို့ သင့်တော်ပါသလဲ . . .

ဒါကတော့ သင့်ရဲ့စီးပွားရေးနယ်ပယ်ပေါ်မှာ မူတည်ပါတယ်။ စီးပွားရေးအရတွေ့တာဆိုရင်တော့ Neck Tie တို့၊ ကုတ်အင်္ကျီတို့နဲ့ ဝတ်စုံပြည့်ဝတ်ဆင်သင့်ပါတယ်။ မြန်မာပြည်နဲ့ အင်္ဂလန်ရဲ့ ရာသီဥတုကလည်း တအားကို ကွာခြားတဲ့အတွက် သင့်အနေနဲ့ ကုတ်မယူသွားလို့ကို မရပါဘူး။ နည်းပညာကုမ္ပဏီ၊ ကြော်ငြာလုပ်ငန်း စတဲ့လုပ်ငန်းတွေမှာ လုပ်တယ်ဆိုရင်တော့ ဂျက်ကက်ဝတ်တာက အဆင်ပြေပါတယ်။ ရှပ်လက်ရှည်နဲ့ သွားတာမျိုးနဲ့ အဆင်ပြေပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ဘယ်သူမှတော့ လုံချည်ဝတ်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပွဲတော်တော်များများကို သွားမယ်ဆိုရင်တော့ ကုတ်အင်္ကျီနဲ့ ဘောင်းဘီရှည်နဲ့ ဝတ်ဆင်သွားဖို့ အကြံပေးလိုပါတယ်။ အစိုးရအရာရှိတွေနဲ့ တွေ့ရမယ်ဆိုရင်တော့ Suit နဲ့ Neck Tie ဝတ်ဆင်သင့်ပါတယ်။ ဂျက်ကက်ဝတ်ဆင်နိုင်တယ်ဆိုပေမဲ့ သိပ်ပြီးတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

E-mail နဲ့ စာပို့တဲ့အခါမှာ Mr ၊ Mrs စတဲ့ အမည်တပ်ခေါ်ဖို့ လိုအပ်ပါသလား . . .

စာပို့တဲ့အခါမှာတော့ ဥပမာ- Mr Smith ၊ ဒါမှမဟုတ် Mrs Smith လို့ အမည်တပ်ခေါ်တာက ကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးဘဲ အပြင်မှာတွေ့တယ်ဆိုရင်တော့ သူ့ရဲ့မျိုးရိုးနာမည်ကိုပဲ အရင်ခေါ် နှုတ်ဆက်ပြီးမှ သူ့ရဲ့ နာမည်ကိုပဲခေါ်လို့ အဆင်ပြေနိုင်မလားဆိုတာမျိုးကို မေးသင့်ပါတယ်။ ဥပမာ - ကျွန်တော့်ကို လာတွေ့တဲ့အခါမှာဆိုရင် Mr Annet လို့ စတင်မိတ်ဆက်ပြီးတော့ ကျွန်တော် Andy လို့ ခေါ်လို့ရမလားလို့ မေးတာက ပိုသင့်တော်ပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

နန္ဒာနေဝင်း၊ ကိုဒီ