လူ့ဘဝသည် သင်ယူခြင်းမှ စတင်ရပါသည်။ ကလေးငယ်ဘဝတွင် သင်ယူခဲ့၍သာ လမ်းလျှောက်ခြင်း၊ စကားပြောခြင်းများ တတ်မြောက်လာရခြင်းဖြစ်ပါသည်။ အသက်အရွယ်အလိုက် ဉာဏ်ပညာဖွံ့ဖြိုးမှုကို ရနိုင်ရန် သင်ယူခြင်းဖြင့်ပင် ဆက်လက်ထိန်းသိမ်းရပါသည်။ ထို့ကြောင့်လည်း Stop Learning? Start Failing ဟု ဆိုကြခြင်းဖြစ်သည်။
အောင်လက်မှတ်၊ ဘွဲ့လက်မှတ်များရခြင်းသည် သင်ယူခြင်းကို ဆက်လက်အားသန်နေအောင် တွန်းအားပေးခြင်းသာဖြစ်ပြီး ဆက်သင်ယူရန်မလိုတော့ဟု ဆုံးဖြတ်ပေးခြင်း မဟုတ်ပါ။ အတန်းကျောင်း အောင်လက်မှတ်သည် ဘဝကျောင်းအတွက် အထောက်အကူပြုမှု အတိုင်းအတာအကန့်အသတ်ရှိနေပါသည်။ ဘဝ၏ပြဿနာတော်တော်များများကို သင်ယူခြင်းဖြင့် ဖြေရှင်းရသလို တစ်ခါတစ်ရံဖြေရှင်းခြင်းမှလည်း သင်ယူရပါသည်။
Learning Pain ဟူသော စကားရပ်သည် သင်ယူခြင်းထက် စွန့်လွှတ်ရမှုကို သရုပ်ဖော်ပါသည်။ လူအများစုက မိမိထိမှ မှတ်သားတတ်ကြရာ သူတစ်ပါးအရှုံးကိုဝင်၍ သင်ခန်းစာယူတတ်မှုက ပိုပြီးခရီးတွင်နိုင်ပါသည်။ အမှားအားလုံးကို တစ်ဦးတည်းက ပြုမိ၍ သင်ခန်းစာယူရန်မှာ မဖြစ်နိုင်သဖြင့် တစ်ပါးသူအဖြစ်ကို ဆင်ခြင်နိုင်မှုပြုနိုင်ခြင်းသည် သူဌေးသားနှင့် သူဌေးကဲ့သို့ အားထုတ်ရမှုကွာပါလိမ့်မည်။
အထူးသဖြင့် ဘွဲ့ရပြီး အလုပ်ခွင်ဝင်လာသော လူငယ်များအနေဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်သောကာလကြီးတွင် သင်ယူနေရဦးမည်သာ ဖြစ်ပေသည်။ ပြည်ပကုမ္ပဏီကြီးများ ဝင်ရောက်လာချိန်တွင် ပြည်ပတက္ကသိုလ်များမှ ဘွဲ့ရလာသည်ဆိုသော်ငြား အမှန်တကယ်လုပ်ငန်းခွင်သို့ ဝင်ရောက်လာသောအခါ အဆင်မပြေမှုကြုံတွေ့ရသူ များပါသည်။ စာတွေ့မပါသောလက်တွေ့သည် ဦးတည်ချက်လွဲမှား၍ အချိန်ကုန်နိုင်သကဲ့သို့ လက်တွေ့မပါသော စာတွေ့သည်လည်း လေထဲတိုက်အိမ်ဆောက်နေသလို ဖြစ်နေပေမည်။
ထိုက်သင့်သော အသိဉာဏ်ရင့်ကျက်မှုရနိုင်ရန် ထိုက်သင့်သောစာတွေ့နှင့် လက်တွေ့အရင်းအနှီး လိုပါမည်။ တတ်ချင်စိတ်ရှိလျှင် တတ်ပြီဟု ရှေးပညာရှင်များ မိန့်ဆိုခဲ့ဖူးရာ သင်ယူလိုစိတ်၊ တတ်ချင်စိတ်၊ တတ်ချင်စိတ်သည် အသိဉာဏ်ပညာရရှိမှုအတွက် အခြေခံဖြစ်ပါသည်။ လက်တွေ့စမ်းသပ်ချက်များအရ လူသာမန်အများစု၏ ဉာဏ်ရည်အဆင့်အတန်းသည် တစ်ဦးနှင့်တစ်ဦး ကွာခြားမှုသိပ်မရှိဟု သိရသည်။ ဉာဏ်အားစိုက်မှုနှင့် လုံ့လဝီရိယသည်လည်း အားထုတ်နိုင်မှုချင်းများစွာ ကွာခြားမှုမရှိပါ။ အဓိကကျသောအရာမှာ တတ်မြောက်လိုမှုဆန္ဒသာ အမှန်တကယ်ပြင်းပျဖို့လိုပါကြောင်း။
အယ်ဒီတာ