မင်းဗထူး
ယဉ်ကျေးမှုဘဝကို လေ့လာခြင်း
အဂတိတရားဖြင့် ကြွယ်ဝချမ်းသာလာမှု၊ လူသူလေးပါးအကြား အမြင်တင့်တယ်နေမှု၊ ဩဇာအာဏာကြီးပြီး အသိုက်အဝန်းများပြားမှုတို့ကို မိမိတို့ရှေ့တွင် မျက်ဝါးထင်ထင်မြင်တွေ့ရဖန်များလာသောအခါ အနာဂတ်ကာလကို ဦးဆောင်ဖန်တီးကြမည့် လူငယ်လူရွယ်များ၏ ကိုယ်တွင်းအဇ္ဇျတ္တစိတ်ထဲ၌ အဂတိလိုက်စားမှုကိုသဘောကျပြီး အတုမြင်အတတ်သင်လိုမှုများပျံနှံ့ဖြစ်ပေါ်နိုင်ကြောင်း၊ ရိုးသားကြိုးစားမှုသည် လေးစားအားကျစရာဘဝမှ နုံခြာမှု၊ အစွမ်းအစမရှိ မှုအဖြစ်သို့ အဆင့်လျှောကျပြီး အထင်သေးခံရကြောင်း၊ ဤနည်းဖြင့် ဆယ်စုနှစ်များစွာ ကြာ လာသောအခါ လူတို့၏ယုံကြည်မှုတန်ဖိုးထားမှုများ လွဲမှားနေကြခြင်းဖြင့် လူ့အဖွဲ့အစည်းတစ် ခု၏ ဓလေ့ထုံးစံတစ်ရပ်ကဲ့သို့ ဖြစ်လာရကြောင်း၊ ထိုမှတစ်ဆင့်တစ်မျိုးသားလုံး၏ ကိုယ်ကျင့် တရားကိုထိခိုက်လာပြီး အဆိုးကျော့သံသရာအဖန်ဖန်လည်လာကြောင်း၊ ကိုယ်ကျင့်တရား ဆုံးရှုံးခြင်းသည် လူ့အဖွဲ့အစည်းတစ်ခု၏ ယဉ်ကျေးမှုဘဝ ဆုံးရှုံးခြင်းသာမက စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးအပါအဝင် အလုံးစုံဆုံးရှုံးခြင်းအထိ ဖြစ်စေနိုင်ကြောင်း ရှေ့ပိုင်းအခန်းများတွင် ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာတစ်ရပ်ကို မိမိလူ့အဖွဲ့အစည်း၏ ပကတိအခြေအနေနှင့် ကိုက်ညီအောင်ရေးဆွဲ ရာတွင် မိမိတို့သည် ပိုမို၍ဝေးကွာသောအတိတ်ကာလက သမိုင်းအစဉ်အလာများတွင် အဂတိလိုက်စားမှု သဘောထားက မည်မျှအတိုင်းအတာအထိ ပါဝင်နေခဲ့သည်ကို စူးစိုက်ဆင်ခြင်နိုင်ရန် လိုအပ်ပါသည်။ ပုံစံကျအင်စတီကျူးရှင်းများဖြစ်ကြသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များကို မည်သို့ပင် အကွက်စေ့စေ့တင်းတင်းကျပ်ကျပ် ထုတ်ပြန်ထားစေကာမူ၊ အဂတိလိုက်စားမှုများက သိသိသာသာ ယုတ်လျော့ကျဆင်းသွားခြင်း မရှိသေးပါဟုဆိုလျှင် မိမိတို့ လူ့အဖွဲ့အစည်း၏ ရှည်လျားလှစွာသော သမိုင်းကြောင်း ယဉ်ကျေးမှု သဘောသဘာဝအတွင်း၌ပင်လျှင် အဂတိလိုက်စားမှုမျိုးစေ့များချထားပြီး ဖြစ်နေပြီလားဟုဆန်းစစ်သင့်ပါသည်။ မနုဿဗေဒဘာသာရပ်တွင် ဤဖြစ်စဉ်ကို ကျယ်ပြန့်စွာနားလည်လက်ခံမှုတစ်ရပ်အဖြစ်ရှိနေပြီး ဘောဂဗေဒဘာသာရပ်တွင်မူ လူ့အဖွဲ့အစည်းက အဓိကရင်ဆိုင် ရမည့် ပြဿနာတစ်ရပ်အဖြစ် ရှုမြင်လျှက်ရှိကြသည်။ မနုဿဗေဒပညာရှင်များက လူတို့၏အတိတ်သမိုင်းကြောင်းသည် အဂတိလိုက်စားမှုများကို ခွင့်လွှတ်ပေးခဲ့ရသည့် ယဉ်ကျေးမှုနှင့်အဆက်အစပ်များရှိသည်ဟု အခိုင်အမာဆိုပါသည်။ စီးပွားရေးပညာရှင်များကမူ အဂတိရေချိန်မြင့်မားသော လူ့အဖွဲ့ အစည်းများ၌ အဂတိလိုက်စားမှုကိုလက်ခံခဲ့ကြသော ယဉ်ကျေးမှုအစဉ်အလာရှိတတ်ခြင်းကို နှာခေါင်းရှုံ့ တတ်ကြပြီး ယင်းကို "ဆုတ်ယုတ်ပျက်ပြားစေသော ဖောက်ပြန်မှု" (Dysfunctional) တစ်ခုအဖြစ် ကင်ပွန်းတတ်ကြသည်။
မိမိတို့ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုသမိုင်းကြောင်းကို အနည်းငယ်မျှ ပြန်လည်လေ့လာသုံးသပ် ကြည့်ရုံမျှဖြင့်ပင် အဂတိမျိုးစေ့သည် မည်မျှအတိုင်းအတာအထိ ပျံ့နှံ့နေခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ "ပေးကမ်းခြင်းသည် အောင်မြင်ရာ၏" ဟူသော ရှေးရိုးစကားပုံတစ်ခုတွင် စွန့်ကြဲခြင်းသဘောထားနှင့် အပေးအယူလုပ်ခြင်း သဘောထားအဓိပ္ပာယ်နှစ်မျိုးတွေး၍ရသော်လည်း လူအများစုကမူ အဂတိလိုက်စားမှုကို အားပေးသောအပေးအယူလုပ်ခြင်းသဘောထားကို ရှေးဦးစွာတွေးမိကြမည်ဖြစ်၏။ "လက်သင့်ရာစားတော်ခေါ်ခြင်း" သို့မဟုတ် နီးစပ်သူကို အခွင့်အရေး ပိုပေးခြင်းအတွက်လည်း လူအများစုက ဘက်လိုက်ခြင်း၊ သို့မဟုတ် အဂတိလိုက်စားခြင်းဟု မယူဆလိုကြပါ။ဘာသာရေးဆိုင်ရာအခမ်းအနား တချို့တွင် အခမ်းအနားပြီးဆုံးချိန်အောင်မြင်ခြင်း အထိမ်းအမှတ်ဖြင့် အလှူရှင်ကငွေကြေးတချို့ကို ပရိသတ်အကြားကြဲဖြန့်ပေးဝေသော အစဉ်အလာတစ်ရပ်၌ အခြားလူများကဲ့သို့လိုက်လံပြီး လုမကောက်လိုသူများအတွက် အလှူရှင်က လက်ထဲထည့်ပေးရန် တောင်းဆိုသူကလည်းတောင်းဆိုသည်။ စိတ်လိုလက်ရဆောင်ကြဉ်းပေးသူကလည်းပေး၏။ ဓလေ့ထုံးတမ်းအရ အလှူရှင်က ဝမ်းမြောက်ဝမ်းသာစွာ လှူဒါန်းပေးကမ်းခြင်းကို မုဒိတာပွားရန်သာရှိပါသည်။ ဆန္ဒာဂတိ - အလိုအားဖြင့် မလားအပ်သည်ကိုလားခြင်းဟူ၍ အပြစ်တင်ကြမည်မဟုတ်ပါ။ လက်ဆောင်ပေးခြင်း၊ ယူခြင်းနှင့် ပတ်သက်၍လည်း ရိုးရာဓလေ့ယဉ်ကျေးမှုနှင့် အဂတိလိုက်စားမှုအကြား စည်းတားပြီး ပိုင်းခြားရန် အတော်ခက်ခဲပါသည်။ ထို့ကြောင့် မိမိတို့လူ့အဖွဲ့အစည်းတွင် အဂတိလိုက်စားမှုကို ခွင့် လွှတ်ပေးခဲ့ရသော ယဉ်ကျေးမှုအဆက်အစပ်များရှိသည်ဟူသောအယူအဆကို ငြင်းပယ်ရန် ခက်ခဲပါသည်။
တစ်ခါတရံတွင် လူ့ယဉ်ကျေးမှုသည် လူ့အဖွဲ့အစည်း၏ ယေဘုယျကိုယ်ကျင့်တရားဆိုင်ရာရှေးရှုမှုကို ဖော်ပြပေးနိုင်ပါသည်။ အဂတိလိုက်စားမှုဆိုသည်မှာလည်း ကိုယ်ကျင့်တရားပျက်ယွင်းမှုပမာဏကို ချိန်ဆခြင်းဖြစ်သောကြောင့် လူတို့၏ယဉ်ကျေးမှုဘဝတွင် အဂတိလိုက်စားမှုမည်မျှအတိုင်းအတာအထိ ပါဝင်ပတ်သက်နေ သည်ကိုလေ့လာခြင်းသည် အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းစဉ်အတွက်အရေးကြီးပါသည်။ သို့သော် လက်ရှိလူ့ယဉ်ကျေးမှုဘဝတွင် ကိုယ်ကျင့်တရားဆိုင်ရာ ရှေးရှုမှုကိုမျက်မြင်စာရင်းကောက်ယူရန် ခက်ခဲပါသည်။အထက်စာပိုဒ်တွင် သာဓကအနေဖြင့် ဆွေးနွေးတင်ပြခဲ့သော ထုံးတမ်းတချို့အရ လိုက်နာလုပ်ဆောင်မှုများသည် လူများစုကလက်ခံနေကြသော သဘောထားရှိ၍သာ မိမိတို့ ကိုယ်တိုင်လိုက်ပါလုပ်ဆောင်နေကြသည် မှန်သော်လည်း တကယ်တမ်းလူတစ်ဦးချင်းကို စစ်တမ်းကောက် ယူခဲ့လျှင် ထိုလုပ်ဆောင်ချက်များသည် အဂတိမကင်းကြောင်း အများစုကနားလည်လက်ခံသည်ကို တွေ့မြင်ရ နိုင်ပါမည်။
ထို့အပြင် ယဉ်ကျေးမှုရှုထောင့်မှ အဂတိလိုက်စားမှုအခြေအနေကို ဖော်ထုတ်ရာတွင် နောက်ထပ်အခက်အခဲတစ်ခုလည်း ရှိပါသေးသည်။ ယဉ်ကျေးမှုတွင် အဂတိလိုက်စားမှုအဆက်အစပ်များရှိသောကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ကိုယ်ကျင့်တရားပျက်ယွင်းနေသည်ဟု ထောက်ပြခြင်းကို မည်သည့်အခြေအနေတွင်မဆို အပြုသဘောထောက်ပြမှုအဖြစ် မည်သူကမျှလက်ခံနိုင်ကြမည် မဟုတ်ပေ။ ထိုသို့လက်မခံနိုင်သော အခြေအနေတစ်ရပ်ကို ဖော်ပြလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာတစ်ရပ်ကို စတင်ရန်ကလည်း လုံးဝမဖြစ်နိုင်ပါ။ ထို့ကြောင့် မိမိတို့သည် လူတစ်ဦးချင်းဆိုင်ရာကိုယ်ကျင့်တရားဆိုင်ရာစံနှင့် လူအများဆိုင်ရာစံဟူ၍ စံနှစ်စံခွဲခြား နိုင်ရန် လိုအပ်ပါသည်။ လူအများဆိုင်ရာစံက ပုံစံတကျမဟုတ်သော အင်စတီကျူးရှင်းများဖြစ်ကြသည်။ ဓလေ့ထုံးတမ်းများတွင် "ဆုတ်ယုတ်ပျက်ပြားစေတတ်သောဖောက်ပြန်မှု" များအတွက် ပြုပြင်ရန်အချိန်ပိုပေးရမည်ဖြစ် သည်။ လူတစ်ဦးချင်းဆိုင်ရာကိုယ်ကျင့်တရား စံနှုန်းကို ကား ဆောလျင်စွာဦးစားပေးပြုပြင်ပေးနိုင်ရန် ကြိုးစားအားထုတ်ရမည်ဖြစ်ပါသည်။
ဤကား မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲရန်အတွက် တွေးတောစဉ်းစားချက်ဖြစ်သည်။ ဆိုလိုသည်မှာ ဓလေ့ထုံးတမ်းအစွဲများအရရှိနေသော လူအများဆိုင်ရာစံများကို ချက်ခြင်းပြုပြင်ပြောင်းလဲခြင်းမပြုနိုင်သေးဘဲ ပညာပေးခြင်းနည်းလမ်းဖြင့် ဆယ်စုနှစ်တစ်ခုသို့ အနည်းဆုံးအချိန်ယူပြုပြင်ပေးရမည်ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းဆိုင်ရာစံနှုန်းများကို ပုံစံကျအင်စတီကျူးရှင်းများကို အားကိုးအားထားပြု၍ အချိန်တိုကာလသတ်မှတ်ချက်မူဘောင်အတွင်း၌ ထိန်းကျောင်းပြုပြင် ပြောင်းလဲသွားရန် ကြိုးစားရမည်ဖြစ်ပေသည်။