မင်းဗထူး
ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုတည်ဆောက်ခြင်း
အဂတိကင်းသောလောကကို တည်ဆောက်ရန် တစ်ခုတည်းသောလမ်းမှာ ဖြောင့်မတ်တည်ကြည်မှုလမ်းကြောင်းသာလျှင်ဖြစ်သည်ကို အငြင်းပွားစရာမရှိပါ။ သို့သော်ဤလမ်းကြောင်းကို ဘယ်ပုံဘယ်နည်းလျှောက်လှမ်းကြ မလဲဆိုသည့်နေရာ၌မူ သဘောထားအနည်းငယ်ကွဲလွဲနိုင်ပါသည်။ ကျွန်တော်တို့ကော်မရှင်စတင်တာဝန်ယူစအချိန် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလဆန်းတွင် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနား၌ ကျွန်တော်ကပညာပေးရေးလုပ်ငန်းကို ၂၀၁၈ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ကို ကန့်ကွက်မှုအများအပြားနှင့် ကြုံတွေ့ခဲ့ရပါသည်။
မြန်မာပြည်သူများသည် အဂတိလိုက်စားမှု၏ဒဏ်ရာဒဏ်ချက်များကို အဆမတန်ခံစားခဲ့ရပြီးပြီဖြစ်၍ပညာပေးရန်မလို၊ စစ်ဆေးအရေးယူရန်သာလိုသည်ဟူသော တုံ့ပြန်မှုများစွာရရှိခဲ့ပါသည်။ သို့ရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင်မူ ပြည်သူအများစုက ပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်းနည်းလမ်းတို့ကို တစ်ပြိုင်နက်တည်းဆောင်ရွက်ခြင်းအား ပိုမိုလက်ခံလာနိုင်ကြသည်ကိုတွေ့ရပါသည်။ ပိုမိုလက်တွေ့ကျသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းလမ်းများကို လက်ခံလာကြခြင်းသည် တစ်နှစ်တာကာလအတွင်း ပြည်သူလူထု၏ထူးခြားသောတိုးတက်ပြောင်းလဲမှုဖြစ်ပါသည်။
ဤပြောင်းလဲမှုကို မျက်ဝါးထင်ထင်တွေ့ မြင်လာရခြင်းသည် ကော်မရှင်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် နောက်ထပ်တစ်ဆင့်တိုး၍ ဖြောင့်မတ်တည်ကြည်သောယဉ်ကျေးမှုကို တည်ဆောက်ရန်ဟူသော အယူအဆကိုဖြစ်ပေါ်စေပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် အဂတိလိုက်စားမှုရှိလာ၍သာတိုက်ဖျက်ရခြင်းဖြစ်သည်။ အခြေအနေတစ်ရပ်ပေါ်ပေါက်လာ၍ တုံ့ပြန်ဆောင်ရွက်ရသောနည်းလမ်း (Reactive measure)တစ်ခုမျှသာဖြစ်သည်။
ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုတည်ဆောက်ရေးသည် ဖြစ်စေချင်သော အခြေအနေတစ်ရပ်ကိုဖန်တီးနိုင်ရန် စတင်လှုပ်ရှားဆောင်ရွက်ရသောနည်းလမ်း (Proactive measure) ဖြစ်သည်။ တစ် နည်းအားဖြင့်ထိုးစစ်သဘောအပြုအမူရှိသည်။ ပြည်သူလူထု၏ ထောက်ခံမှုပိုမိုရရှိနိုင်သလိုပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်လည်း မြင့်မားလာမည်ဖြစ်သည်။ သိသာထင်ရှားသောအောင်မြင်မှုကိုလည်း ရယူပေးနိုင်မည်ဟုသုံးသပ်ရပါသည်။
ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုကိုတည်ဆောက်ရာတွင် အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများသာမက ပြည်သူတစ်ရပ်လုံးပါဝင်ရန် လိုအပ်သည်မှာထင်ရှား၏။ လုပ်နည်းအနေဖြင့်လည်း ပညာပေးခြင်းကအဓိကဖြစ်သည်။ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်းတို့ကိုလည်း လုပ်ငန်းခွင်ရောက် လူငယ်၊ လူလတ်၊ လူကြီးပိုင်းအတွင်းအခြားတစ်ဘက်ကအရှိန်မြှင့်တင်ဆောင်ရွက်နေချိန်တွင် ပညာပေးရေးကို လူငယ်ထုအတွင်း ခေတ်သစ်ဆက်သွယ်ရေးနည်းပညာများအသုံးပြု၍ ကျယ်ပြန့်စွာပျံ့နှံ့ဝင်ရောက်နိုင်စေရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ အသက်အရွယ်အရ ဦးစားပေးမှုကွာခြားရခြင်းမှာလည်း ပညာပေးရေး၏ သဘောသဘာဝကလုပ်ငန်းခွင်မရောက်သေးသည့် လူငယ်အပိုင်းတွင်ပိုမိုထိရောက်မှုရှိပြီး၊ တားဆီးကာကွယ်ရေးကလုပ်ငန်းခွင်မှ လူများအတွက် ပို၍ဆွဲဆောင်မှုရှိနိုင်သောကြောင့်ဖြစ်ပါသည်။
ပြုပြင်ပြောင်းလဲမှုတိုင်းသည် ပညာပေးရေးကစတင်ရသည်မှာ သဘာဝကျပါသည်။ ထို့အပြင် ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုတည်ဆောက်ရာတွင် အချိန်ပေးရသည်ဖြစ်သောကြောင့် ယနေ့လူငယ်များအားပညာပေးခြင်းဖြင့်သာ စတင်ရမည်ဖြစ်ပါသည်။ ပညာပေးရာတွင်အပိုင်း (၃) ပိုင်းရှိပါသည်။ အသိပညာပေးခြင်း (Knowledge) ၊ ကျွမ်းကျင်မှုပညာပေးခြင်း (Skills) နှင့် အပြုအမူပိုင်းဆိုင်ရာပညာပေးခြင်း (Behaviours) တို့ ဖြစ်ပါသည်။
ကော်မရှင်၏ အတွေ့အကြုံအရလူငယ်များအား အသိပညာပေးရသည်မှာ အလွန်အားရကျေနပ်ဖို့ ကောင်းကြောင်းတွေ့ရပါသည်။ ၎င်းတို့၏ ပျိုမျစ်သောမှတ်ဉာဏ်စွမ်းရည်သည် အခြားအသက်အရွယ်ထက် ပိုမိုကောင်းမွန်သည့်အပြင် သူတို့တွင် လုပ်ငန်းဆိုင်ရာဖိအားများနှင့် အခြားဗာဟီရကိစ္စများလည်း နည်းပါးသောကြောင့် လူလတ်ပိုင်းဝန်ထမ်းထက် ဘာသာရပ်အပေါ်ပို၍ စူးစိုက်စွာလေ့လာနိုင်စွမ်းရှိကြပါသည်။ ထို့အပြင်ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ သတင်းအချက်အလက်များသည် သူတို့ပတ်ဝန်းကျင်အတွင်း၌ လျင်မြန်စွာပျံ့နှံ့ သွားလေ့ရှိသည်ကိုလည်းတွေ့ရပါသည်။ အချိန်တန်လျှင် ထိုလူငယ်တို့သည် လုပ်ငန်းခွင်အသီးသီးသို့ ဖြောင့်မတ် တည်ကြည်မှုတန်ဖိုးထားမှုများကို သေချာပေါက် သယ်ဆောင်သွားနိုင်ကြမည်ဖြစ်ပါသည်။ ဤနည်းဖြင့် ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုတည်ဆောက်ရသည်မှာ အတော်ကလေးခရီးတွင်နိုင်သည်ဟုမြင်မိပါသည်။
မကြာမီကာလအတွင်းမှာပင် ၄င်းတို့သည် လုပ်ငန်းဌာနအသီးသီး၊ အစိုးရဌာနများသာမက စီးပွားရေး၊လူမှုရေးနယ်ပယ်အသီးသီးသို့ ဖြောင့်မတ်တည်ကြည်မှုတန်ဖိုးထားမှုများကို သယ်ဆောင်သွားကြပြီး တိုင်းပြည်၏ အနာဂတ်ကိုပုံဖော်ပေးသွားနိုင်ကြမှာဖြစ်ပါသည်။ ထို့အပြင် ထိုအချိန်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်ကိုလည်း သူတို့ကိုယ်တိုင် လိုလိုချင်ချင်ကိုင်တွယ်ထိန်းကျောင်းသွားနိုင်ကြမည်ဖြစ်သည်။ ဤကဲ့သို့ အကျိုးကျေးဇူးများဖြစ်ပေါ်နိုင်ရေးအတွက်လည်း ကျွနု်ပ်တို့ကအခြေအနေများဖန်တီးပေးထားရပေမည်။အတိတ်သမိုင်း၏ဆိုးမွေများဖြစ်ကြသော ဖြောင့် မတ်တည်ကြည်မှုကို ဖျောက်ဖျက်ပစ်နိုင်သည့် အလားအလာများကိုလည်း များစွာလျော့ချနိုင်မည်ဖြစ်ပါသည်။ပညာပေးရေးကာလက အများပြည်သူဆိုင်ရာဌာနများတွင် ရှိသင့်သည့်ဖြောင့်မတ်တည်ကြည်မှုစံနှုန်းများကို လူငယ်များကိုယ်တိုင်က နိုးကြားတက်ြွကစွာဆွေးနွေးဆုံး ဖြတ်စေခြင်းဖြင့် နောင်တချိန် သူတို့ကိုယ်တိုင်တာဝန်ယူလာရသောအခါ တွေဝေခြင်းမရှိဘဲ လက်တွေ့ကျကျ ကျင့်သုံးသွားနိုင်ကြမည်ဖြစ်ပါသည်။
နိုဘယ်ဆုရှင် မာလာလာက "ကလေးတစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နှင့် ခဲတံတစ်ချောင်းတို့ဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်သည်" ဆိုသကဲ့သို့ ပညာရေးသည်မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ဖြောင့်မတ်တည်ကြည်သောယဉ်ကျေးမှုကို တည်ဆောက်သွားနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။