မင်းဗထူး
အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှု
အဂတိလိုက်စားမှု (Corruption) ကို ၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေမှာ "အကျင့်ဖောက်ပြန်မှု" ဟု ဥပဒေအတွင်းစာကိုယ်၌ ဖော်ပြထားသည်ကိုတွေ့ရပါသည်။ ယင်းဥပဒေပုဒ်မ ၄ (၁)(က)(ခ)(ဂ)(ဃ) တွင် ဖော်ပြထားသော အချက်လေးချက်ကိုကား "ရာဇဝတ်ပြစ်ဒဏ်ထိုက်သင့်အောင် အကျင့်ဖောက်ပြန်မှု"ဟု ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားပါသည်။ သို့ဖြစ်၍ ရာဇဝတ်ပြစ်ဒဏ်မထိုက်သင့်သောအကျင့်ဖောက်ပြန်မှုများလည်းရှိသည်ဟုဆိုလိုသော သဘောထားကိုလည်း တွေ့မြင်နိုင်၏။ အထက်ပါအချက် ၄ ချက်မှအပ အခြားသောအကျင့်ဖောက်ပြန်မှုများသည် ရာဇဝတ်ပြစ်ဒဏ်မထိုက်သင့်သောအကျင့်ဖောက်ပြန်မှုများဖြစ်သည်ဟု အဓိပ္ပာယ်ကောက်ယူ၍ရနိုင်သည်ဟု ယူဆပါသည်။
ဤယူဆချက်ကို ကျွန်တော်ကသဘောတွေ့ပါသည်။ အကျင့်ဖောက်ပြန်တိုင်းဥပဒေနှင့် ငြိစွန်းခြင်း သို့ မဟုတ် ရာဇဝတ်မှုထိုက်သင့်ခြင်းရှိသည်မဟုတ်ပါ။ တည်ဆဲဖြစ်သောအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင်မူ ပုဒ်မ ၃(က)(၁) နှင့် (၂)တို့တွင် ဖော်ပြထားသောအဓိပ္ပာယ်ဖော်ပြချက်နှင့် ငြိစွန်းပါကရာဇဝတ်မှုထိုက်သင့်မည်ဖြစ်သည်။ ဤပုဒ်မခွဲငယ် (၁) နှင့် (၂) တို့နှင့် မငြိစွန်းပါက ရာဇဝတ်မှုထိုက်သင့်မည်မဟုတ်ကြောင်းဥပဒေသဘောအရ လူတိုင်းနားလည်နိုင်ပါသည်။
သို့သော် လူတိုင်းနားမလည်နိုင်၊ လက်မခံနိုင်ဖြစ်နေကြရသည်မှာ "အဂတိလိုက်စားမှုရှိလျှက်နှင့် အရေးမယူနိုင်သောကိစ္စများ" ဖြစ်သည်။ အကျင့်ဖောက်ပြန်တိုင်း ရာဇဝတ်မှုမထိုက်သင့်နိုင်သည်ကို လက်ခံနိုင်ကြသော်လည်း အဂတိလိုက်စားမှုရှိတိုင်း ရာဇဝတ်မှုမထိုက်သင့်နိုင်သည်ကို လက်မခံလိုကြသည်မှာ Corruption ကို အဂတိလိုက်စားမှုဟူ၍အလွန်လေးနက်ခန့်ညားသော ဝေါဟာရဖြင့် ဘာသာပြန်ဆိုမှုကြောင့်သာဖြစ်ပါသည်။ စကားတစ်လုံးတည်း၏ ဘာသာပြန်ဝေါဟာရအပေါ်တွင် လူတို့၏စိတ်ခံစားချက်ကြောင့်သော်လည်းကောင်း၊ ယုံကြည်ကိုးကွယ်မှုအဆုံးအမများနှင့် ယဉ်ကျေးမှုအစဉ်အလာကြောင့်သော်လည်းကောင်းကွဲပြားခြားနားသော ခံစားချက်များဖြစ်လာစေ သည်ဟု ထင်မြင်မိပါသည်။
ဒါကြောင့် ကျွန်တော့်အနေနဲ့ "အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှု"ဟု အမြဲယှဉ်တွဲ၍သုံးနှုန်းပြောဆိုနေခြင်းဖြစ်ပါသည်။ ဤစကားလုံးနှစ်လုံး၏အနက်မှာအတူတူပင် ဖြစ်ကြောင်းသိသာရန်ဖြစ်ပါသည်။ အဘိဓာန်များတွင်မူ Corruption ကို အကျင့်ပျက်မှု၊ ခြ စားမှု၊ စာရိတ္တပျက်စီးခြင်း၊ မူရင်းမှပျက်ကွက်ခြင်းဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။ အမှန်မှာလည်း အဂတိလိုက်စားခြင်းသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းသာဖြစ်ပြီး Anti-Corruption သည် ကိုယ်ကျင့်တရားပျက်ယွင်းသည်ကို ဆန့်ကျင်တိုက်ဖျက်ရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကိုယ်ကျင့်တရားကောင်းမွန်အောင် ပြုလုပ်ရခြင်းသာဖြစ်ပါသည်။
လူတချို့က ကော်မရှင်အားများများတရားစွဲစေချင်သည်၊ များများအရေးယူစေချင်သည်။ ထစ်ကနည်းဆို ဖမ်းဆီးတရားစွဲစေလိုသည်။ လုပ်ပိုင်ခွင့်အာဏာကို ချင့်ချင့်ချိန်ချိန်သုံးစွဲနေသည်ကို မကြိုက်ကြဘဲများများတရားစွဲနိုင်မှပဲ အားပေးကြသည်။ တိုင်ကြားသည့်ကိစ္စအရေးယူပေးခြင်းမပြုနိုင်ပါ ကြောင်းပြန်ကြားခဲ့လျှင် စိတ်ပျက်ကြသည်၊ ဒေါသထွက်ကြသည်။ တိုင်ကြားသူများ ကိုယ်တိုင်ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟတွေကြီးနေကြသည်ကို တိုင်ကြားသူနှင့် အတိုင်ခံရသူတို့အကြားတွင် ဥပဒေနှင့်အညီ ချိန်ချိန်ဆဆလုပ်နေသည့် ကော်မရှင်အဖွဲ့ဝင်များပင် အံ့ဩရပါသည်။ ဘာပဲဖြစ်ဖြစ်၊ ကော်မရှင်ရဲ့အလုပ်သည် မိမိတို့လူ့ဘောင်အဖွဲ့အစည်းအား ကိုယ်ကျင့်တရားကောင်းလာစေရန်သာ လိုရင်းဖြစ်သည်ဟုအစဉ်အမြဲနှလုံး သွင်းထားကြရသူများဖြစ်ရာ ဘယ်လိုနည်းနှင့် လူ့အဖွဲ့အစည်းကို ကိုယ်ကျင့်တရားကောင်းအောင်လုပ်နိုင်မလဲဟူ၍သာ အမြဲစဉ်းစားနေကြရ၏။
အမှန်တော့ အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှု သို့မဟုတ် ကိုယ်ကျင့်တရားပျက်ယွင်းခြင်း၏ ဆန့်ကျင်ဘက်သည်သာ မိမိတို့လူ့အဖွဲ့အစည်း အမှန်တကယ်လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန်ဖြစ်၏။ ထိုလမ်းကြောင်းအမှန် သို့မဟုတ် ဖြောင့်မတ်တည်ကြည်မှုလမ်းကြောင်းကို မိမိတို့ လူ့အဖွဲ့အစည်းက လျစ်လျူရှုခဲ့ကြသည်မှာ မည်မျှကြာမြင့်ခဲ့ပြီနည်း။ ဖြောင့်မတ်တည်ကြည်မှုကို ဖောက်ဖျက်ခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ လူ့အဖွဲ့အစည်း၏ တန်ဖိုးများနှင့် စံနှုန်းများကိုချိုးဖောက်ခြင်းနှင့် သက်ဆိုင်ပါသည်။ မိမိနှင့်မိမိအဖွဲ့အစည်းအကျိုးစီးပွားအလို့ငှာအများပြည်သူဆိုင်ရာရုံးဌာနတစ်ခုကို အလွဲသုံးစားပြုခြင်း (ကမ္ဘာဘဏ်အုပ်စု) နှင့် ပုဂ္ဂလိကအကျိုးအမြတ်အလို့ငှာယုံကြည်အပ်နှံထားသော အာဏာ/ပါဝါကို အလွဲသုံးစားပြုခြင်း (အပြည်ပြည်ဆိုင် ရာ ပွင့်လင်းမြင်သာမှုအဖွဲ့)တို့သည် လူ့အဖွဲ့အစည်း၏တန်ဖိုးများနှင့် စံနှုန်းများကို ချိုးဖောက်ခြင်းပင်ဖြစ်ပါသည်။
ထို့ကြောင့် လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုက သူ၏ဖြောင့်မတ်တည်ကြည်မှုကို သူ့ဘာ သာသူဖောက်ဖျက်ခြင်း (Integrity violation) သည် အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှု (Corru-ption) ပင်ဖြစ်ပါသတည်း။