အဂတိပယ်ခွာ ပြည်သာယာ (၂)

bad-bosses-how-employers-retaliate-against-employees-feature-image

နိုင်ငံရေးအဆောက်အအုံယိုယွင်းပျက်စီးခြင်း

အဂတိလိုက်စားခြင်းသည် စီးပွားရေးအဆောက်အအုံနှင့် အုပ်ချုပ်ရေးအဆောက်အအုံတို့ကိုသာ ယိုယွင်းပျက်စီးစေသည်မဟုတ်ပါ။  တစ်နိုင်ငံလုံးနှင့်သက်ဆိုသော နိုင်ငံရေးအဆောက်အအုံကိုလည်း ပျက်စီးစေပါသည်။ မည်သည့် အကြောင်းတရားများဖြင့်ပျက်စီး စေခဲ့သနည်းဟူမူ အနည်းဆုံးအောက်ဖော်ပြပါအချက်လေးချက်ကြောင့် ဖြစ်ပါသည်။

          အဂတိပယ်ခွာပြည်သာယာ (၁) တွင် ဖော်ပြခဲ့သည့် အုပ်ချုပ်ရေး အဆောက်အအုံယိုယွင်းပျက်စီးခြင်းသည် အစိုးရ၏ အုပ်ချုပ်ရေးကဏ္ဍ (Administration) ကိုလည်း ပျက်စီးစေသည်။ ထို့အပြင် အများပြည်သူဆိုင်ရာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများပါ အထိုက်အလျောက်ထိခိုက် ပျက်စီးစေပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှုကြီးထွားနေသော အခြေအနေတွင် နိုင်ငံတစ်နိုင်ငံသည်ကာင်းမွန်သော အုပ်ချုပ်ရေးထူထောင်ရန်အလွန်ခက်ခဲစေပြီး အမှန်တကယ်အားဖြင့် ဆိုးရွားသော အုပ်ချုပ်ရေး (Bad Governance)ကိုသာထွေးပိုက်မိလျက်သားဖြစ်နေသည်ကို သတိပြုမိကြရန်လိုပါသည်။ မဏ္ဍိုင်သုံးရပ်စလုံးမှ အင်စတီကျူးရှင်းများပျက်စီးနေကြသည်ဖြစ်၍ အဂတိလိုက်စားမှုပြစ်မှုမှဖြစ်စေ၊ အခြားသောပြစ်မှုကြီးများအပါအဝင် ပြစ် မှုအမျိုးမျိုးမှဖြစ်စေ ပြစ်ဒဏ်မကျခံရဘဲလွတ်မြောက်နေသူ၊ ကင်းလွတ်နေသူအများအပြားဖြစ်ပေါ်စေပါသည်။ ထိုသို့အပြစ်ရှိပြီး ပြစ်ဒဏ်မကျခံရဘဲကင်းလွတ်ခြင်းသည် တရားဥပဒေစိုးမိုးရေးကင်းမဲ့ခြင်းအတွက် အထင်ရှားဆုံးသင်္ကေတတစ်ခုဖြစ်လာပြီး လူအများစုကတရားဥပဒေ၏ အကာအကွယ်ကို အားကိုးယုံကြည်မှုမရှိတော့သော အခြေအနေဖြစ်ပေါ်စေပါသည်။ ဥပဒေမဲ့အုပ်စုဖွဲ့ခြင်းနှင့် နိုင်ငံရေးမငြိမ်မသက်မှုကိုလည်း ဖြစ်စေပါသည်။

          ထို့အပြင် လိုလျှင်လိုသလို မလိုလျှင် မလိုသလို အရေးယူနိုင်သော ဥပဒေစည်းမျဉ်းစည်းကမ်းများကြောင့် လည်းကောင်း၊ အဂတိလိုက်စားပြီး လူစားထိုးထားသော တရားခံများရှိနေ၍လည်းကောင်း၊ အပြစ်မရှိဘဲ အပြစ်ဒဏ် ကျခံနေရသူများလည်း ထွက်ပေါ်လာပါသည်။ ထိုသူများအထဲတွင် ပြစ်မှုတစ်မျိုးမျိုးကြောင့်မဟုတ်ဘဲ နိုင်ငံရေး၊ ဒါမှမဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ ပါဝင်လာပါသည်။ နိုင်ငံရေး၊ ဒါမှမဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရခြင်း သည် နိုင်ငံရေးနှင့်သက်ဆိုင်သော အဂတိလိုက်စားမှုတစ်မျိုးပင် ဖြစ်ပါသည်။ နိုင်ငံတော်၊ သို့မဟုတ် အများပြည်သူဆိုင်ရာ ရုံးဌာနတစ်ခုတွင် လုပ်ပိုင်ခွင့်အာဏာရရှိထားသူသည် အဖွဲ့အစည်းတစ်ခု၊ သို့မဟုတ် ပါတီတစ်ခု၊ သို့မဟုတ် အုပ်စု တစ်ခု၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ချက်ဖြစ်လျှင် ငွေကြေးရခြင်းမရခြင်း၊ တံစိုးလက်ဆောင်ရခြင်းမရခြင်းက အဓိကမဟုတ်တော့ပါ။ ပုဂ္ဂလိကအဖွဲ့အစည်း အကျိုးစီးပွားအတွက်သာ ဆောင်ရွက်ခြင်းဖြစ်သောကြောင့် အဂတိ လိုက်စားမှုပင် ဖြစ်ပါတော့သည်။

          အဂတိလိုက်စားမှုကြီးထွားနေသော နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးအဆောက်အအုံသည် နိုင်ငံတော်အကျိုး စီးပွားအတွက်၊ သို့မဟုတ် အများပြည်သူအကျိုးစီးပွား အတွက်မဟုတ်တော့ဘဲ အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွား၊ ပုဂ္ဂလိကအကျိုးစီးပွားအတွက် ဖြစ်နေလေ့ရှိပါသည်။ အဂတိလိုက်စားသူများသည် ကြီးပွားချမ်းသာကြသည့်အပြင် ကြံရည်ဖန်ရည်ရှိသူများဖြစ်ကြသော်လည်း ကိုယ်ကျင့်တရားအားဖြင့် ကောက်ကျစ်စဉ်းလဲကြသည်။ ပုဂ္ဂလိက အကျိုးစီးပွားအတွက်သာ ဦးစားပေးကြသော အခြားအဖွဲ့အစည်းအများအပြားကလည်း အဆိုပါကြီးပွားချမ်း သာသောပုဂ္ဂိုလ်များနှင့် ယင်းတို့၏ အဖွဲ့အစည်းများကိုဝန်းရံခြင်းနှင့် ထောက်ခံအားပေးခြင်းတို့ ပြုကြသောကြောင့် နိုင်ငံရေးသာမကစီးပွားရေး၊ လူမှုရေးနယ်  ပယ်များအပေါ်တွင်ပါ ဩဇာလွှမ်းမိုးမှုရှိလာပါသည်။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပြီး ပေးအပ်ထားသော တရားဝင်အာဏာမရှိကြသော်လည်း ငွေအား၊ လူအား၊ အကြွင်းအကျန်အာဏာများဖြင့် အဆိုပါ နယ်ပယ်အသီးသီးအ ပေါ်သို့ အာဏာလောင်းရိပ်မိုးထားနိုင်ပါသည်။ အဆိုပါ လောင်းရိပ်ကြီးသည် ပိုမိုအားကောင်းလာသောအခါ အစိုးရ၏အရေးကြီးသောဆုံးဖြတ်ချက်များကိုပင် အကန့်အသတ်၊ သို့မဟုတ် အဟန့်အတားပြုလာနိုင်ပါသည်။ ယင်းကိုအချိန်မီမတားမြစ် နိုင်ပါက အစိုးရ၏ အုပ်ချုပ်ရေး အဆောက်အအုံများကိုပင် ယိမ်းယိုင်သွားနိုင်ပါသည်။ အုပ်ချုပ်ရေးယိမ်းယိုင်မှုနှင့်အတူ အထွေထွေမတည်ငြိမ်မှုသည် အဂတိလိုက်စားသူများအတွက် သုခဘုံကြီးဖြစ်ပါသည်။ အဂတိကြီးထွားသောခေတ်တွင် အဂတိလိုက်စားသူများသည် ပုဂ္ဂလိကအကျိုးစီးပွားကိုသာ ဦးစားပေးကြသူများဖြစ်ရာ နိုင်ငံတည်ငြိမ်မှုအတွက် ယင်းတို့တွင် တာဝန်မရှိဟုမှတ်ယူထားကြသည်။

          အဂတိလိုက်စားမှုကိုအကြောင်းပြု၍ နိုင်ငံရေး အဆောက်အအုံယိုယွင်းလာခြင်းသည် လူ့အသိုက်အဝန်းများအကြားတွင် တရားမျှတမှု၊ လွတ်လပ်မှု၊ လူ့အခွင့် အရေး၊ လူ့ဂုဏ်သိက္ခာတို့ကို ထိခိုက်စေပြီး အုပ်စုအသိုက်အဝန်း၊ ပစ္စည်း  ဥစ္စာ၊ လူမျိုးစု၊ ဒေသ၊ မျိုးရိုးဇာတိ၊ အလုပ်အကိုင်၊အဆင့်အတန်းစသည်တို့အပေါ်မူတည်၍ ခွဲခြားဆက်ဆံမှုများဖြစ်ပေါ်စေပါသည်။ ထိုမှတစ်ဖန် မကျေနပ်ချက်များကြီးထွားလာသောအခါ ငြိမ်းချမ်းမှု၊ လုံခြုံမှုကင်းမဲ့သော ပတ်ဝန်းကျင်ကို ဖြစ်ပေါ် စေပါသည်။ ဤသို့ဖြင့် လူမျိုးရေး၊ ယုံကြည်ကိုးကွယ်မှု၊ နိုင်ငံရေး အယူဝါဒ၊ စီးပွားရေး၊ စစ်ရေးတို့ကို အကြောင်းပြု၍ ပဋိ ပက္ခမျိုးစုံဖြစ်ပေါ်လာပါသည်။ အဂတိလိုက်စားမှု မတန်တဆကြီးထွားမှုကြောင့် ဖြစ်ပေါ်လာရသော ဆင်းရဲချမ်းသာကွာဟချက်နှင့် ပဋိပက္ခများတွင် အားကြီးသူကအား နည်းသူကို အနိုင်ကျင့်ကြခြင်းဖြင့် မကျေနပ်သူများ၊ နစ်နာသူများ၊ နာကျင်ရသူများ၊ ရွှေ့ပြောင်းဒုက္ခသည်များ အများအပြားပေါ်ထွက်လာရပါသည်။ ထို့ကြောင့် နောက်ဆုံးတွင် ယိမ်းယိုင်နေသော နိုင်ငံရေးအဆောက်အအုံအတွင်း၌ အုပ်စုလိုက် အချင်းချင်းတိုက်ခိုက်ရာမှ အဆိုးကျော့ သံသရာအကြိမ်ကြိမ်အဖန်ဖန် လည်နေရပါတော့သည်။

လူမှုရေးယဉ်ကျေးမှု အဆောက်အအုံ ယိုယွင်းပျက်စီးခြင်း

အဂတိလိုက်စားမှုသည် ဆယ်စုနှစ်ချီ၍ အထိန်းအချုပ်မရှိဘဲ အစဉ်တစိုက် ကြီးထွားနေသောအခြေအနေတွင် နိုင်ငံတစ်နိုင်ငံ၏ လူမှုရေးယဉ်ကျေးမှုအဆောက်အအုံတို့ကိုလည်း ယိုယွင်းပျက်စီးစေပါသည်။ ဤအဆောက်အအုံ ပျက်စီးမှုသည် စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးအ ဆောက်အအုံများပျက်စီးရသည်ထက် ဆုံးရှုံးမှုတန်ဖိုးပိုမိုများပြားသည့်အပြင် အခြားအဆောက်အအုံများကဲ့သို့ဘက်စုံမှ ဝိုင်းပြီးကျားကန်၍ ပြုပြင်ပေးသောနည်းဖြင့် မရနိုင်တော့ဘဲ အခြေခံမူလတန်းအဆင့် ပညာရေးမှ စတင်ပြင်ဆင်ပေးရန် လိုအပ်ပါသည်။ ထို့အပြင် လူမှုရေးယဉ်ကျေးမှုအဆောက်အအုံကို ပြန်လည်ပြင်ဆင်ရန် အချိန်ကာလမှာလည်း အနည်းဆုံးဆယ်စုနှစ် နှစ်ခုခန့်လိုအပ်မည် ဖြစ်ပါသည်။ အဂတိလိုက်စားမှုကြောင့် လူမှုရေးယဉ်ကျေးမှုအဆောက်အအုံယိုယွင်းပျက်စီးခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ မျိုးဆက်သစ်များအတွက် စံပြုမှုလွဲမှားခြင်းကြောင့် ဖြစ်ပါသည်။

         ပြည်သူ့ဘဏ္ဍာရန်ပုံ ငွေကို အလွဲသုံးစားပြုအဂတိလိုက်စားပြီး ကြွယ်ဝချမ်းသာလာခြင်းသည် အများပြည်သူအပေါ် ကြီးမားသောပြစ်မှုကျူးလွန်ခြင်းဖြစ်ပါသည်။ သို့သော် ထိုသူတို့သည် အရေးယူခြင်းမခံရသည့်အပြင် လူ့အသိုက်အဝန်းအတွင်း၌ လူကြီးလူကောင်းများဖြစ်နေကြသည်။ ရပ်ရေးရွာရေး လူမှုရေးကိစ္စများ၌ အလှူအတန်းနှင့် အပေးအကမ်းကိုလည်း အများသူငါ အားကျလောက်အောင် ပြုလုပ်နိုင်ကြသည်။ သူတို့သည်တစ်ချိန်က တစ်နေရာတွင် အဂတိ လိုက်စားခဲ့ကြသော်လည်း လက်ရှိပတ်ဝန်းကျင် အသိုက်အဝန်းအတွင်း၌မူ သူတို့သည် သူရဲကောင်းများ၊ စံပြု    လောက်သည့် စေတနာသဒ္ဓါထက်သန်သူများဖြစ်နေကြသည်။ တစ်ချိန်တည်းမှာပင် အလုပ်အကိုင်တစ်ခုတွင် စွဲစွဲမြဲမြဲလုပ်ကိုင်နေပြီး ရိုးရိုးသားသား ကြိုးကြိုးစားစားဖြင့် အများပြည်သူအကျိုးအတွက် ဦးစားပေးလုပ်ကိုင်နေကြသူများသည် လူ့အသိုက်အဝန်းအတွင်း၌ အသိအမှတ်ပြု မခံကြရပါ။ ဩဇာအာဏာကင်းမဲ့ပြီး ဂုဏ်ယူစရာဘာမျှမရှိပါ။ အဂတိလိုက်စားမှုအထိန်းအကွပ်မရှိသော နိုင်ငံတွင် မျိုးဆက်သစ်အများစုအဖို့ သူတို့ ဘဝတက်လမ်းအတွက် ရွေးချယ်ကြရာတွင် အဂတိလိုက်စား၍ ကြီးပွားချမ်းသာသောလမ်းကြောင်းကိုသာ အားကျစရာဖြစ်ရပါသည်။ ရိုးရိုးကျင့် မြင့်မြင့်ကြံမှန်မှန်ပြောခြင်းသည် အနုညာတမသိ နားမလည်သော၊ သို့မဟုတ် မထင်ရှားသောလမ်းကြောင်းဟု ယူဆလာကြသည်။ ဤသို့ဖြင့် သူတို့၏ဦးနှောက်ထဲမှာသာမက နှလုံးသားထဲမှာပါ မှားယွင်းသောယုံကြည်ခြင်းနှင့် မှားယွင်းသောတန်ဖိုးထားမှုများဖြစ်လာကြပြီး မှားယွင်းသော အပြုအမူများကို ကိုယ်တိုင်ကြံစည်ကြိုး ပမ်းအားထုတ်လာကြပါတော့သည်။ ဤသို့ဖြင့်ကိုယ်ကျင့် သိက္ခာပျက်ယွင်းလာပါတော့သည်။ လူ့အဖွဲ့အစည်းအတွင်း ဘယ်သူသေသေငတေမာလျှင် ပြီးရောဆိုသည့် တစ်ကိုယ်ကောင်းစိတ်ဓာတ်များ ကြီးထွားလာပြီး ဖြတ်လမ်းနည်းဖြင့် ကြီးပွားလိုသူများလာသည်။ လိမ်လည်လှည့်ဖျားမှုများ၊ ဒုစရိုက်မှုများပွားများလာပြီး လူအများစု စာရိတ္တပျက်ပြားခြင်းမှစတင်၍ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးပါမကျန် အစစအရာရာဆုံးရှုံးမှုများဖြစ်လာသည်။ ဤနည်းဖြင့် အဂတိလိုက်စားမှုကြီးထွားလာခြင်းကြောင့် နိုင်ငံတစ်နိုင်ငံလုံး၏ လူမှုရေးယဉ်ကျေးမှုအဆောက်အအုံကြီး ဗုန်းဗုန်းကျလဲပြိုသွားနိုင်ပါသည်။

မင်းဗထူး