သတင်းတုတွေကတော့ နေရာတိုင်းမှာပါပဲ။ သတင်းတုတွေကို Social Media ပေါ်တက်လာတဲ့ သတင်းတွေမှာဖြစ်ဖြစ်၊ အုပ်စု ဖွဲ့ပြောဆိုဆွေးနွေးကြတဲ့ Group Chat တွေမှာဖြစ်ဖြစ် တွေ့နိုင်မှာဖြစ်ပါတယ်။ ကလေးတွေကို အလိုမတူဘဲ အဓမ္မ ခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းမျိုး၊ နိုင်ငံရေးဆိုင်ရာသတင်းတွေ၊ သံသယရှိစရာ သတင်းရင်းမြစ်တွေကနေ နောက်ဆုံးပေါ် ကင်ဆာခြောက်လှန့်မှုဆိုတဲ့ ခိုင်လုံသေချာမှုမရှိတဲ့ သတင်းမျိုးတွေကို တစ်ယောက်ယောက်ကနေအမြဲလို Share နေမှာပါ။ Collins Dictionary ရဲ့ 2017’s word of the year မှာ သတင်းတုတွေနဲ့ပတ်သက်ပြီး ‘ အမှား။ မကြာခဏ လူအများ စိတ်ဝင်စားမှုနဲ့ စိတ်လှုပ်ရှားမှုကို ဖြစ်စေသော။ သတင်းရေးသား ဖော်ပြမှုပုံစံအောက်မှာ သတင်းအချက်အလက်တွေကို ကျယ်ပြန့်အောင်ဖြန့်ဝေခြင်း’ လို့ ဖော်ပြထားတာတွေ့ရပါ တယ်။
ဒီလိုပျံ့နှံ့မှုကို ကာကွယ်ဖို့ မလေးရှားနိုင်ငံဟာ ယခုနှစ်၊ ဧပြီလမှာဆိုရင် သတင်းတုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပြစ်ဒဏ်အားဖြင့် ထောင်ဒဏ်ခြောက်နှစ်အထိနဲ့အမြင့်ဆုံးဒဏ်ကြေး မလေးရှားရင်းဂစ် ငါးသိန်းထိ သတ်မှတ်ခဲ့ပါတယ်။ သတင်းတုတွေကို သိမြင်သတိထားမိစေဖို့ဟာ ဒစ်ဂျစ်တယ်စာပေမှာ တကယ့်ကိုအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရုံမက ဒစ်ဂျစ်တယ်ခေတ်ရဲ့ အရေးကြီးအချက်တစ်ခုလည်း ဖြစ်နေပါ တယ်။ သတင်းတုတွေနဲ့ပတ်သက်ပြီး အချိန်တိုအတွင်း သတိ ပြုအကဲဖြတ်နိုင်ဖို့ အချက်တချို့ကိုဖော်ပြရမယ်ဆိုရင်...
၁။ Website နဲ့ ဆောင်းပါးတွေရဲ့ အရည်အသွေးကို စစ်ဆေးပါ
ဇာတ်လမ်းက ဘယ်ကလာသလဲဆိုတာကို ကြည့်ပါ။ အဲဒီ သတင်း(ဆောင်းပါး၊ ဇာတ်လမ်း စသဖြင့်) တွေ့လိုက်တဲ့ Website ပေါ်က တခြားဆောင်းပါးတွေကို လည်းဖတ်ပါ။ အဓိကထား ကြည့်ရမယ့်အချက်တွေက မှန်ကန်တဲ့ရည်ညွှန်းဖော်ပြချက်တွေသုံးပြီးရေးသားထားရဲ့လား၊ ရေးသားဖော်ပြချက်တွေမှာ သဒ္ဒါဖော်ပြ ချက်တွေက အမှားတွေနဲ့လားဆိုတာတွေပဲ ဖြစ် ပါတယ်။
ကိုယ်ဟာယုံကြည်ရလောက်တဲ့ သတင်း Site မှာ ဖတ်နေသလားဆိုတာ ကိုယ့်ကိုယ်ကိုယ်သေချာသင့်ပါတယ်။ တချို့သော သတင်းအတု Site တွေဟာလိပ်စာနဲ့ အမှတ်တံဆိပ် (Logo) တွေကို သတင်းအစစ်အမှန်ဖော်ပြတဲ့ အဖွဲ့အစည်းတွေ ရဲ့ လိပ်စာတွေ၊ အမှတ်တံဆိပ်တွေနဲ့ ဆင်တူယိုးမှား အသုံးပြုထားတတ်ကြပါ တယ်။ ဥပမာ- abcnews.go.com ဟာ အစစ်အမှန်ဖြစ်ပြီး abcnews.com.co ကတော့ အမှန်မဟုတ်ပါဘူး။
၂။ အကုန်လုံးက အမှန်လား၊ ဒါမှမဟုတ် မှန်ပေမယ့် ဘာမှမဟုတ်ဘူးလား
တစ်ခါတစ်ရံမှာ သတင်းတုဇာတ်လမ်းတစ်ပုဒ်ဟာ အမှန်တရားပါးပါးလေးဖုံးနေတာမျိုး ဖြစ် တတ်ပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကတော့ ဖန်တီးထား တာပဲဖြစ်ပါတယ်။
ဥပမာ-ဖြစ်ရပ်နဲ့ ဖော်ပြထားတဲ့လူတွေက အမှန်ဖြစ်နိုင်ပြီး သူတို့နဲ့ ဆက်စပ်ရာ ပြောစကားဖော်ပြချက်တွေနဲ့ တခြားအချက်အလက်တွေကတော့ ဖန်တီးထားတာမျိုး ဖြစ်ပါ တယ်။ ဒီသတင်းဖော်ပြချက်ဟာ ဇာတ်လမ်းမဟုတ်ဘူးဆိုတာ သေချာဖို့နဲ့မှားယွင်းဖော် ပြချက်မဟုတ်ဘူးဆို တာ သေချာစေဖို့တခြားယုံကြည်ရလောက်တဲ့ Website တွေပေါ်က ဇာတ်လမ်းတူ၊ အကြောင်းအရာတူ သတင်း တွေကိုရှာပါ။
၃။ Google reverse image search လုပ်ကြည့်ပါ
ပုံတစ်ပုံဟာ တခြားဘယ်နေရာမှာသုံးပြီးသား ဖြစ်သလဲဆိုတာနဲ့ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာကို သေချာဖို့အတွက် ဓာတ်ပုံတစ်ပုံကို images.google.com မှာ Upload (drag and drop) လုပ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဓာတ်ပုံဟာ ပြောင်းလဲထားသလား၊ ဒါမှမဟုတ် မှားယွင်းဖော်ပြထားသလားဆိုတာကို ဆုံးဖြတ် နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
၄။ ရှာဖွေမှုတချို့ကို ကိုယ်တိုင်ပြုလုပ်ပါ။
တခြားသတင်းရင်းမြစ်တွေအပြင် သံသယဖြစ်စရာ သတင်းအပိုင်းအစတွေ၊ ဒါမှမဟုတ် အချက်အလက်စစ် ဆေးတဲ့ Website တွေကို ကြည့်ပါ။ ဥပမာအားဖြင့် ပြည်တွင်းမှာ ဖြစ်သွားခဲ့တယ်ဆိုတဲ့ ကလေးအဓမ္မခေါ်ဆောင် တဲ့သတင်းနဲ့ပတ်သက်ပြီး ပြည်တွင်း သတင်းစာတွေမှာ အသေအချာမဖော်ပြဘူးဆိုရင် ဒါဟာထူးဆန်းတယ်လို့ ဆိုရမှာပါ။
တကယ်လို့များ ဒါဟာ ပြည်တွင်းက သတင်းမဟုတ်ဘူးဆိုရင် တခြားသတင်းရင်းမြစ်တွေ၊ ဒါမှမဟုတ် Snopes.com ၊ PolitiFact.com နဲ့ FactCheck.org တို့လို အချက်အလက်စစ်တဲ့ Website တွေမှာစစ်ဆေးကြည့်ပါ။ သတင်းတုတွေလား၊ ကောလာဟလတွေလား၊ မြို့ပြပုံ ပြင်တွေလားဆိုတာကို ဖော်ထုတ်သိရဖို့ ဒီသတင်းရင်း မြစ်အားလုံးက ကူညီပေးနိုင်ပါလိမ့်မယ်။
၅။ သရော်စာမဟုတ်ဘူးဆိုတာ သေချာပါစေ။
သရော်စာတွေ၊ ဟာသနဲ့ အပြောင်အပြက်တွေဖော်ပြတဲ့ Website ပေါ်ကဇာတ်လမ်းဆိုရင် ရည်ရွယ်ချက်က ရယ်စေဖို့ဖြစ်ပြီး အတွေးမှားရှုပ်ထွေးစေဖို့ မဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။ ဒီလို Website တွေဟာ သတင်းပုံစံ အတုတွေကို ဖော်ပြလေ့ရှိပြီး သရော်စာသတင်းဆောင်း ပါး ဇာတ်လမ်းတွေဟာ ကိုယ့်ကိုရယ် မောစေပါလိမ့်မယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ ကိုယ်ဖတ်နေတဲ့အကြောင်း အရာဟာ နည်းနည်းလေးလွဲနေလားလို့ တွေးမိတယ်ဆို ရင် သင်ဟာ The Onion လို၊ The New Yorker က The Borowitz Report လိုမျိုးသရော်စာ Site တစ်ခုခုမှာ စာဝင်ဖတ်မိနေတာမဟုတ်ဘူးလားဆိုတာကို စစ်ဆေးကြည့် ချင်ပါတယ်။
Ref : Can You Spot Fake News?
စန္ဒာထွန်း