ဘာကြောင့် အမေရိကန်ဒေါ်လာဟာကမ္ဘာတစ်ဝန်းသုံးငွေကြေးဖြစ်နေရတာလဲ

နေလင်း

ကမ္ဘာတစ်ဝန်းသုံး ငွေကြေးဖြစ်ရခြင်းကြောင်းရင်းတစ်ခုကတော့ ကမ္ဘာတစ်ဝန်းကုန်သွယ်မှုအတွက်ငွေပေးချေရာ မှာ လက်ခံသဘောတူခြင်းကြောင့်ဖြစ်ပါတယ်။ တချို့နိုင်ငံသုံးငွေကြေးများကိုလည်း အပြည်ပြည်ဆိုင်ရာစာရင်း ပြောင်းရွှေ့ခြင်းများအတွက်လည်း လက်ခံကျင့်သုံးလျက်ရှိပါတယ်။ နိုင်ငံတကာငွေကြေးများအနက် အမေရိကန်ဒေါ်လာ၊ ယူရိုနဲ့ဂျပန်ယမ်းငွေတို့ဟာ အသုံးများတဲ့ ငွေကြေးများဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတကာသုံးငွေကြေးဟာ နိုင်ငံများရဲ့နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေမှာ အများအပြားစုဆောင်းထားခြင်းကြောင့်လည်း အရန်ငွေကြေး (Reserve Currency) လို့ခေါ်ဆိုကြပါတယ်။

ကမ္ဘာ့နိုင်ငံအများအပြားမှာအသုံးပြုနေတဲ့ ငွေကြေးများအနက်အမေရိကန်ဒေါ်လာကတော့ နိုင်ငံအများအသုံးပြုနေတဲ့ငွေကြေးဖြစ်ပါတယ်။ ငွေကြေးအကြောင်းလေ့လာမှုများရဲ့ ငွေကြေးအခြေအနေများအရ ၂၀၁၈ ခုနှစ ်တတိယသုံးလပတ်မှာ ကမ္ဘာတစ်ဝန်လုံးရှိနိုင်ငံများရဲ့ဗဟိုဘဏ်များမှာထိန်းသိမ်းထားရှိတဲ့ နိုင်ငံခြားသီးသန့်ရန်ပုံရဲ့ ၆၂.၀ ရာခိုင်နှုန်းဟာ အမေရိကန်ဒေါ်လာဖြစ်တယ်ဆိုတာ လေ့လာသိရှိရပါတယ်။ ဒုတိယအများဆုံးသီးသန့်ငွေသားအချိုးကတော့ ယူရိုဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၂၁ ရာခိုင်နှုန်းရှိပါတယ်။ ကမ္ဘာသုံးငွေကြေးဖြစ်ဖို့ အခွင့်အရေးရှိပေမဲ့ ဥရောပဇုံအတွင်းပဋိပက္ခများကြောင့် ယူရိုငွေကြေး (Euro) အပေါ်ယုံကြည်မှုပျက်ပြားခဲ့တဲ့အတွက် ကမ္ဘာသုံးငွေကြေးအဖြစ်လက်ခံကျင့်သုံးဖို့အခက်ခဲတွေရှိခဲ့ပါတယ်။

အမေရိကန်ဒေါ်လာဟာ အမှန်တကယ်ခိုင်မာတဲ့ငွေကြေးဟုတ်ပါသလား။

ဒီအဖြေကိုပြောရရင်တော့ အမေရိကန်နိုင်ငံရဲ့စီးပွားရေးအခြေနေနဲ့ ဆက်စပ်ဖြေဆိုရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ အမေရိကန်ဒေါ်လာတန်ဖိုးခိုင်မာအောင် အထောက်အကူပြုနေလို့ဖြစ်ပါတယ်။ ဒီအချက်ကလည်း အမေရိကန် ဒေါ်လာတန်ဖိုးမြင့်တက်လာခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ပြင်ပမှာ အသုံးပြုနေတဲ့ အမေရိကန်ဒေါ်လာဟာ ၅၈၀.၀ ဘီလီယံခန့်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒီတန်ဖိုးဟာ ထုတ်ဝေထားတဲ့ အမေရိကန်ဒေါ်လာတန်ဖိုးရဲ့ ၆၅.၀ ရာခိုင်နှုန်းရှိပါတယ်။ ဒီတန်ဖိုးထဲမှာ အမေရိကန်ဒေါ်လာတစ်ရာတန် ဟာ ၇၅ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာငါးဆယ်တန်ဟာ ၅၅.၀ ရာခိုင်နှုန်းနဲ့ အမေရိကန်ဒေါ်လာနှစ်ဆယ်တန်ဟာ ၆၀.၀ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ ဒီတန်ဖိုးဟာ ယခင်ရုရှားနိုင်ငံများနဲ့ လက်တင်အမေရိကနိုင်ငံများမှာရှိနေပါတယ်။ ဒီနိုင်ငံများမှာတော့ တနေ့တာငွေစာရင်းရှင်းလင်းတဲ့နေရာမှာ အဓိကငွေမာအဖြစ် အသုံးပြုနေကြပါတယ်။ ငွေသားသုံးစွဲမှုဟာလည်း အမေရိကန်ဒေါ်လာအတွက် ကမ္ဘာသုံးငွေ (International Currency) အဖြစ်ရပ်တည်နိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများရဲ့ နိုင်ငံသုံးငွေကို ပြည်တွင်းအသားတင်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (GDP) စုစုပေါင်းရဲ့သုံးပုံတစ်ပုံဟာ အမေရိကန်ဒေါ်လာနဲ့ချိတ်ဆက်ထားတဲ့ နိုင်ငံများမှဖြစ်ပါတယ်။ နိုင်ငံခုနစ်နိုင်ငံကတော့ အမေရိကန်ဒေါ်လာကို နိုင်ငံသုံးငွေအဖြစ် သတ်မှတ်ပြဌါန်းသုံးစွဲလျက်ရှိပြီး အခြား ၈၉ နိုင်ငံကတော့ အမေရိကန်ဒေါ်လာကို ကုန်သွယ်မှုအတွက်စာရင်းရှင်းတဲ့ငွေကြေးအဖြစ် (Settlement Currency) အသုံးပြုလျက်ရှိပါတယ်။

ငွေကြေးဈေးကွက် (Money Markets) မှာလည်း အမေရိကန်ဒေါ်လာဟာ အဓိကငွေကြေးအဖြစ် လွှမ်းမိုးထားဆဲဖြစ်ပါတယ်။ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်တန်ဖိုးရဲ့ ၉၀ ရာခိုင်နှုန်းဟာ အမေရိကန်ဒေါ်လာနဲ့အရောင်းအဝယ်ဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ ၁၈၅ နိုင်ငံ ရဲ့ နိုင်ငံသုံးငွေကြေးများအနက် အမေရိကန်ဒေါ်လာဟာလည်း ငွေကြေးတစ်ခုအဖြစ်ပါဝင်နေပါတယ်။ ဒါပေမဲ့ ကျန်ငွေကြေးတွေကတော့ သူတို့နိုင်ငံအတွင်းသာအသုံးပြုကြကြောင်း International Standards Organization List အရသိရှိရပါတယ်။ သီအိုရီသဘောတရားအရ ပြောမယ်ဆိုရင် ကမ္ဘာ့နိုင်ငံသုံးငွေကြေး (International Currency) ) တွေထဲက ငွေကြေးတစ်ခုခုသာ အရောင်းအဝယ်ကိစ္စနဲ့ကုန်သွယ်မစာရင်းရှင်းလင်းတဲ့နေရာမှာ ကျယ်ကျယ်ပြန့် ပြန့်သုံးစွဲလာမယ်ဆိုရင် အမေရိကန်ဒေါ်လာငွေကြေးနေရာမှာ အစားထိုးအသုံးပြုနိုင်မှာဖြစ်ပြီး ကမ္ဘာသုံးအဖြစ် ရပ်တည်လာမှာဖြစ်ပါတယ်။ လက်ရှိအခြေနေမှာ ကုန်သွယ်မှုနဲ့အရောင်းအဝယ်ကိစ္စတွေမှာ ငွေကြေးဆယ်မျိုးသာ အသုံးပြုနေကြောင်းလေ့လာသိရှိခဲ့ရပါတယ်။

နောက်အကြောင်းရင်းတစ်ခုက ကမ္ဘာတစ်ဝန်းတည်ရှိနေတဲ့ကြွေးမြီ (International Debt) ရဲ့ လေးဆယ်ရာခိုင်နှုန်းဟာ အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားဘဏ်လုပ်ငန်းနဲ့ နိုင်ငံရဲ့နိုင်ငံခြားကြွေးမြီတွေပေးဆပ်နိုင်ဖို့ကလည်း အမေရိကန်ဒေါ်လာ များစွာလိုအပ်နေပါတယ်။ ၂၀၀၈ ခုနှစ် ငွေရေးကြေးရေးပဋိပက္ခဖြစ်ခြင်းဟာ အမေရိကန်ဒေါ်လာလိုအပ်ချက်ကို သက်သေအဖြစ်တည်ရှိခဲ့ပါတယ်။ အမေရိကန်ဘဏ်မဟုတ်တဲ့ နိုင်ငံခြားဘဏ်များမှာ အပြည်ပြည်ဆိုင်ရာ ပေးရန်တာဝန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၇ ထွီလီယံ (Trillion) ရှိပါတယ်။ ဒီအကြွေးတန်ဖိုးထဲမှာ အမေရိကန်ဒေါ်လာ ၁၈ ထွီလီယံဟာ အမေရိကန်ဒေါ်လာဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ဗဟိုဘဏ်ဖြစ်တဲ့ Federal Reserve ဟာ အမေရိကန်ဒေါ်လာနဲ့ နိုင်ငံခြားငွေဖလှယ်မှု(Dollar Swap) ကိုပိုမိုပြုလုပ်လာပါတယ်။ ဒါမှလည်း ကမ္ဘာတစ်ဝန်းရှိ ဘဏ်များအနေနဲ့ အမေရိကန်ဒေါ်လာလိုအပ်ချက်ကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်အကြောင်းအရာတစ်ခုကတော့ ကမ္ဘာတစ်လွှားဖြစ်ပွားလေ့ရှိတဲ့ ငွေရေးကြေးရေးပဋိပက္ခများကြောင့် အမေရိကန်ဒေါ်လာကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ငွေရေးကြေးရေးပဋိပက္ခများကြောင့် ဂျပန်နိုင်ငံဘဏ်များ၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံတို့မှာ အမေရိကန်ဒေါ်လာနဲ့ပေးချေရတဲ့ ပေးရန်တာဝန်များဟာ (Liabilities) အခြားငွေကြေးများထက်ပိုမိုများပြားကြောင်း သိရှိရပါတယ်။ ဒါကြောင့် နိုင်ငံများရှိ ဗဟိုဘဏ် (Central Bank) များက ဘဏ်လုပ်ငန်းဆိုင်ရာနည်းဥပဒေများ ပိုမိုထုတ်ပြန်ရခြင်းမှာ နောက်တစ်ကြိမ် ဒီလိုပဋိပက္ခ မှိုးထပ်မံမပေါ်ပေါက်စေဖို့ ဖြစ်သလို ဒေါ်လာငွေရှားပါးမှုမဖြစ်စေရေးနဲ့ အမေရိကန်ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းများတိုးမြှင့်သတ်မှတ်နိုင်ခဲ့ပါတယ်။ ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာရှာပါးမှုဟာ အမေရိကန်ဒေါ်လာနဲ့ ငွေချေးတဲ့အခါမှာအတိုးနှုန်းမြင့်မားခြင်း၊ ချေးငွေဆိုင်ရာကုန်ကျစရိတ်မြင့်မားခြင်းတို့နဲ့ ကြုံတွေ့ရပါတယ်။

နိုင်ငံတော်အစိုးရများကလည်း နိုင်ငံရဲ့နိုင်ငံခြားသီးသန့်ရန်ပုံငွေ (Foreign Exchange Reserve) မှာ အမေရိကန်ဒေါ်လာကို လက်ဝယ်များများထားရှိလိုကြပါတယ်။ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကတော့ အမေရိကန်ဒေါ်လာဝယ်လိုအားမြင့်တက်လာမှုဟာ ကုန်သွယ်ရေးအတွက် စာရင်းရှင်းလင်းရာမှာအသုံးပြုဖို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံရဲ့အဓိကကုန်သွယ်ဖက်နိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်တဲ့အတွက် ပို့ကုန်တင်ပို့သူများအတွက် အရှုံးအမြတ်ပိုမိုရရှိစေရန်နဲ့ ဈေးနှုန်းပြိုင်ဆိုင်မှုတွေမှာ အားသာချက်ရရှိစေဖို့အတွက် တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ဟာသူတို့ရဲ့ငွေကြေးလဲလှယ်မှုတွေကို ထိန်းချုပ်ထားကြပါတယ်။

အမေရိကန်ဒေါ်လာကို ကမ္ဘာသုံးငွေအဖြင့်တွန်းပို့လိုက်တဲ့အကြောင်းရင်းကို ပြန်ပြောင်းသတိရစေခြင်း အကြောင်းအရင်းချက်တစ်ခုကတော့ အမေရိကန်နိုင်ငံမှာ ၁၉၄၄ ခုနှစ် Breton Woods သဘောတူညီချက်ကြောင့်လို့လည်း ငွေကြေးလေ့လာသူတွေက ယူဆကြပါတယ်။ ၁၉၄၄ ခုနှစ်မတိုင်မှီ (Gold Standard) ရွှေစံချိန်စနစ်ကျင့်သုံးကြတဲ့အတွက် ငွေကြေးထုတ်ဝေတဲ့ အစိုးရများက ထုတ်ဝေထားတဲ့ငွေကြေးကို ရွှေနဲ့ချိတ်ဆက်ပြီးပြန်လည်လှဲလှယ်ခွင့်ပြုကြပါတယ်။ အမေရိကန်နိုင်ငံ New Hampshire ပြည်နယ် Woods မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်ဒေါ် လာကအခြားနိုင်ငံများရဲ့ငွေကြေးနဲ့ ချိတ်ဆက်လဲလှယ်ဖို့ သဘောတူညီခဲ့သောကြောင့် ယခုလို အမေရိကန်ဒေါ်လာဟာ ကမ္ဘာသုံးငွေဖြစ်လာရခြင်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအစိုးရအနေနဲ့ အဲဒီအချိန်တုန်းကတော့ ရွှေအမြောက်အမြားပိုင်ဆိုင်ထားလို့လည်းဖြစ်ပါတယ်။ ဒီသဘောတူညီချက်က နိုင်ငံများရဲ့ငွေကြေးကိုရွှေအစားအမေရိကန်ဒေါ်လာ ကျောထောက်နောက်ခံထားဖြစ်လာခြင်းပါ။

၁၉၇၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံများက ၎င်းတို့ပိုင်ဆိုင်ထားတဲ့ အမေရိကန်ဒေါ်လာတွေကို ရွှေနဲ့ လှယ်လဲပေးပို့ တောင်းဆိုလာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတွေမှာ ဈေးနှုန်းကြီးမြင့်မှုတွေတစ်နည်းအားဖြင့် ငွေဖောင်းပွမှု (Inflation) ကိုတုန့်ပြန်ဖို့ဖြစ်ပါတယ်။ အမေရိကန်သမ္မတ Mr. Nion က ရွှေနဲ့ဒေါ်လာကိုသီးခြားခွဲထုတ်လိုက်တဲ့အတွက် အမေရိကန်ဒေါ်လာဟာအဲဒီအချိန်ကစပြီးနိုင်ငံရဲ့သီးသန့်အရန်ငွေကြေး (Reserve Currency) ဖြစ်လာခဲ့ပါတယ်။ ရွှေကိုဒေါ်လာနဲ့ တန်ဖိုးဖြတ်ခြင်းကိစ္စကို ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်းနိုင်ငံများမှာ စီးပွားရေးတုန့်ဆိုင်းမှုနဲ့ဈေးနှုန်းကြီးမြင့်မှုကို တစ်ချိန်တည်းခံစားခဲ့ရပါတယ်။

၂၀၀၉ ခုနှစ် မတ်လမှာ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ ကမ္ဘာသုံးငွေကြေးအတွက် အဆိုပြုလာကြပါတယ်။ တရုတ်နိုင်ငံသုံးငွေ (Renminbi) နဲ့ ရုရှားနိုင်ငံသုံးငွေ (Rouble) တွေကိုနိုင်ငံများရဲ့နိုင်ငံခြားငွေသီးသန့် ရန်ပုံငွေစာရင်းဝင်ဖြစ်လာဖို့အတွက် နိုင်ငံတစ်ခုချင်းအလိုက်ငွေကြေးများနဲ့ဆက်သွယ်မှုမရှိသလိုရေရှည်မှာလည်း တည်ငြိမ်မှုရရှိမည့်အပြင် အကြွေးဝယ်ကဒ်များသုံးစွဲခြင်းကြောင့် မတူညီသောငွေကြေးတန်ဖိုးများ အပေါ်ကွဲလွဲမှုလျော့နည်းသွားမယ်လို့မျော်လင့်ကြပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ လက်ဝယ်ထားရှိမှုများပြားလာသည့်အတွက် အမေရိကန်နိုင်ငံမှာ ငွေကြေးဖောင်းပွမှုဖြစ်လာခဲ့ရင် တန်ဖိုးရှုံးဆုံးမှုကိုစိုးရိမ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံမှာ အစိုးရရဲ့ရသုံးခန့်မှန်းခြေငွေစာရင်း ဘတ်ဂျက် (Budget) လိုငွေပြမှုဟာ မြင့်တက်နေပြီး အသုံးစရိတ်များအတွက် ငွေစက္ကူရိုက်နှိပ်ပြီး အစိုးရရဲ့လိုငွေကိုဖြည့်ဆည်း ပေးခြင်းကြောင့်ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund- IMF) ကို တရုတ်နိုင်ငံသုံးငွေကြေးကို အမေရိကန်ဒေါ်လာအစားပိုမိုအသုံးပြုရန်တိုက်တွန်းခဲ့ပါသည်။

၂၀၁၆ခုနှစ် စတုတ္ထအပတ်မှာ တရုတ်နိုင်ငံသုံးငွေကြေးဟာ ကမ္ဘာ့နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေ စာရင်းမှာ အရန်ငွေကြေးတစ်ခုဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် တတိယပတ်မှာတော့ နိုင်ငံများရဲ့ဗဟိုဘဏ်များစွာကထိန်းသိမ်းထားရှိတဲ့ တရုတ်နိုင်ငံသုံးငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၉၃ ဘီလီယံရှိခဲ့ပါတယ်။ ဒီတန်ဖိုးဟာ စတင်ချိန်မှာနည်းတယ်လို့ယူဆနိုင်ပေမဲ့ အနာဂတ်ကာလမှာ တန်ဖိုးပိုမိုကြီးမားလာမယ်လို့ခန့်မှန်းကြပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း Renminbi ကို ကမ္ဘာ့နိုင်ငံခြား ငွေဈေးကွက်မှာ လွတ်လပ်စွာရောင်းဝယ်နိုင်တဲ့ ငွေကြေးတစ်ခုအနေနဲ့လိုလားပါတယ်။ ဆိုလိုတာကတော့ Renminbi ဟာ အမေရိကန်ဒေါ်လာနေရာမှာ အစားထိုးလာနိုင်တဲ့ ကမ္ဘာသုံးငွေအဖြစ်ရောက်ရှိလိုတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်းတရုတ်နိုင်ငံဟာစီးပွား ရေးပြုပြင်ပြောင်းလဲမှုတွေများစွာပြုလုပ်ခဲ့ပါတယ်။

ဘာကြောင့် အမေရိကန်ဒေါ်လာဟာ ငွေကြေးခိုင်မာပြီးလွှမ်းမိုးနိုင်စွမ်းအားရှိနေတာလဲ။

လွှမ်းမိုးနိုင်တဲ့အင်အားကတော့ အမေရိကန်ဒေါ်လာကို တစ်ကမ္ဘာလုံးကအသုံးပြုခြင်းအပေါ်မူတည်ပါတယ်။ ဒါကလည်း အမေရိကန်နိုင်ငံရဲ့စီးပွားရေးအခြေအနေကြောင့်လဲဖြစ်နိုင်ပါတယ်။ အမေရိကန်ဒေါ်လာခိုင်မာခြင်းအကြောင်းရင်း (၃) ခုကိုတင်ပြလိုက်ပါတယ်။

(၁) ပထမအချက်ကတော့ နိုင်ငံတကာသုံးငွေကြေးဖြစ်ရခြင်းကြောင့် ခိုင်မာခြင်းအကြောင်းရင်တစ်ခုဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများဟာ အမေရိကန်နိုင်ငံ Breton Wood New Hampshire မှ ငွေကြေးဆိုင်ရာ အစီအစဉ်ရေးဆွဲဖို့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ကမ္ဘာ့နိုင်ငံများသုံးငွေကြေးလဲလှယ်မကို အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်ထားခြင်းကို သဘောတူညီခဲ့ကြပါတယ်။ Breton Wood သဘောတူညီချက်က ရွှေပိုင်ဆိုင်မှုတန်ဖိုးအားလုံးကို အမေရိကန်ဒေါ်လာနဲ့လဲလှယ်ပေးပို့ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်များ စောစောပိုင်းက နိုင်ငံအများစုဟာ ပြည်တွင်းငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ပို့နိုင်ငံပိုင်ရွှေတွေကို အမေရိကန်ဒေါ်လာနဲ့လဲလှယ်ခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံပိုင် ရွှေတန်ဖိုးလျော့ကျလာပြီး နိုင်ငံအများစုဟာအမေရိကန်ဒေါ်လာကို လက်ဝယ်ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာဟာ နိုင်ငံများရဲ့နိုင်ငံခြားသီးသန့်ရန်ပုံငွေမှာ အဓိကထားရတဲ့အရန်ငွေကြေးဖြစ်ခဲ့ပါ တယ်။

အနှစ်အားဖြင့် နိုင်ငံပိုင်အရန်ရွှေတန်ဖိုးနေရာမှာ အမေရိကန်ဒေါ်လာကို အစားထိုးအသုံးပြုကြခြင်းဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းကုန်သွယ်မှုအတွက် စာချုပ်ချုပ်ဆိုရာမှာလည်း အမေရိကန်ဒေါ်လာနဲ့ပေးချေမှုကိုသဘောတူမှုများပါတယ်။ အထူးသဖြင့် ရေနံတင်သွင်းမှုမှာ အများဆုံး အသုံးပြုကြပါတယ်။ စီးပွားရေးအင်အားတောင့်တင်းတဲ့ တရုတ်နိုင်ငံ၊ ဟောင်ကောင်၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံများအနေနဲ့ ၎င်းတို့နိုင်ငံသုံးငွေတွေကို အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်ထားကြပါတယ်။ ငွေလဲလှယ်မှုစနစ်အနေနဲ့ (Peg System) လို့ခေါ်ပါတယ်။ ဒီလိုချိတ်ဆက်ထားတဲ့အတွက် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းချိန်၊ အားနည်းချိန်မှာ ပို့ကုန်တင်ပို့သူများအတွက် အကျိုးအမြတ်များစွာရှိပါတယ်။ ထို့အပြင်အဆိုပါနိုင်ငံများအနေနှင့် အမေရိကန်နိုင်ငံရဲ့ငွေတိုက်စာချုပ်များ (Treasury Bonds) များစွာပိုင်ဆိုင်ထားကြပါတယ်။ သီအိုရီအဆိုအရအဆိုပါငွေတိုက်စာချုပ်များ ထုတ်ရောင်းခြင်းအားဖြင့် အမေရိကန်ဒေါ်လာတန်ဖိုးတည်ငြိမ်မှုကို ပျက်ပြားစေမှာဖြစ်ပါတယ်။ ဒီအကြောင်းအချက်ကလည်း ၎င်းနိုင်ငံများရဲ့အဓိကစိတ်ဝင်စားတဲ့အချက်တော့မဟုတ်ပါဘူး။

၁၉၇၀ ပြည့်နှစ်များ၊ ၁၉၈၀ ပြည့်နှစ်များနှင့် ၁၉၉၁ ခုနှစ် မှ ၁၉၉၃ ခုနှစ်အထိ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းခဲ့ပါတယ်။ ဒီအခြေနေမှာအမေရိကန်ဒေါ်လာအသုံးပြုမှုပျက်ပြားမယ်လို့ခန့်မှန်းကြပါတယ်။ ဒါကြောင့် နိုင်ငံအများစုက အမေရိကန်ဒေါ်လာကိုအခြေခံငွေလဲလှယ်တဲ့စနစ် (Peg System) မှုနုတ်ထွက်ရန် စဉ်းစားလာကြပါတယ်။ ဒါပေမဲ့ အမေရိကန်ဒေါ်လာနေရာမှာ အစားထိုးအသုံးပြနိုင်မဲ့ ကမ္ဘာသုံးငွေပေါ်ပေါက်လာခြင်းမရှိတဲ့အတွက် ခန့်မှန်းခဲ့တဲ့အမေရိကန်ဒေါ်လာပျက်ပြယ်မှုဟာ အမှန်တကယ်မဖြစ်လာခဲ့ပါဘူး။

၂၀၀၇ ခုနှစ်မှာ Mr. Alan Greenspan အမေရိကန်ဗဟိုဘဏ်ဥက္ကဌ (အငြိမ်းစား) ဖြစ်သူက ကမ္ဘာသုံးငွေကြေးအဖြစ် Euro ငွေကြေးဟာအစားထိုးဝင်ရောက်လာနိုင်တယ်လို့ဆိုပါတယ်။ ဒီလိုပြောရခြင်းအကြောင်းရင်းက ၂၀၀၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ နိုင်ငံအများစုရဲ့ ဗဟိုဘဏ်တွေမှာ Euro ငွေကြေးကို နိုင်ငံရဲ့သီးသန့်ရန်ပုံ ငွေတန်ဖိုးစုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းအထိ ထိန်းသိမ်း ထားရှိလို့ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာတန်ဖိုးက တော့ ၆၆.၀ ရာခိုင်နှုန်းရှိပါတယ်။ နိုင်ငံဖြတ်ကျော်စာရင်းရှင်းလင်းပေးချေမှုများ (Cross Border Settlement)ကို လေ့လာကြည့်ရင် ၃၉.၀ ရာခိုင်နှုန်းဟာ Euro ငွေကြေးနဲ့ စာရင်းရှင်းလင်းခဲ့ပြီး အမေရိကန်ဒေါ်လာနဲ့ ၄၃.၀ ရာခိုင်နှုန်းရှိပါတယ်။ ကမ္ဘာ့နိုင်ငံများရဲ့နိုင်ငံအများစုကတော့ Euro ငွေကြေးကို ဒေါ်လာနေရာမှာအစားထိုးအသုံးပြုလာကြပါတယ်။ European Union (EU) ဥရောပဘုံဈေးအဖွဲ့ဟာ ကမ္ဘာပေါ်မှာ အင်အားအတောင့်တင်းဆုံး စီးပွားရေးအုပ်စုဖြစ်ခြင်းကြောင့်ပါ။

ငွေရေးကြေးရေးကျွမ်းကျင်သူများရဲ့ခန့်မှန်းချက်ကတော့ တစ်ချိန်မှာ Euro ဟာ ကမ္ဘာသုံးငွေဖြစ် လာရင်တောင်မှ အမေရိကန်ဒေါ်လာနေရာမှာချက်ချင်းအစားထိုးနိုင်မှာမဟုတ်ဘဲ ဖြည်းဖြည်းချင်းသာပြောင်းလဲလာမယ်လို့ခန့်မှန်းကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ဒေါ်လာ သုံးစွဲမှုဟာ ချက်ချင်းပြိုလဲသွားမှာ မဟုတ်သလို Euro ငွေကြေးသုံးစွဲမှုဟာလဲ အများရဲ့စိတ် ဝင်စားမှုတစ်ခုမဟုတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နောက်ကြောင်းတစ်ချက်က အမေရိကန်ဒေါ်လာငွေကြေးပျက်သုန်းမှုဟာ ကမ္ဘာ့စီးပွားရေးကို ဖျက်ဆီးစေနိုင်တဲ့အကြောင်းကြောင့်လည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများရဲ့ဖောက်သည်နိုင်ငံတစ်ခုဖြစ်သလို ကမ္ဘာ့နိုင်ငံအများစုရဲ့ထုတ်ကုန်တန်ဖိုးကို အမေရိကန်နိုင်ငံကဝယ်ယူသုံးစွဲနေလို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ Euro ငွေကြေးဟာအမေရိကန်ဒေါ်လာနေရာမှာ အစားထိုးဝင်ရောက်ဖို့ မလွယ်ကူနိုင်ဘူးလို့ ကျွမ်းကျင်သူများကယူဆကြပါတယ်။

အမေရိကန်ဒေါ်လာကို ကမ္ဘာသုံးငွေအဖြင့် လက်ခံကျင့်သုံးနေရခြင်းအကြောင်းရင်းတစ်ခုကတော့ အမေရိကန်ဒေါ်လာတန်းဖိုးတိုးတက်နေခြင်းကြောင့်လည်းဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာတန်ဖိုးတိုးတက်မှု /ကျဆင်းမှုကို မျက်ခြေမပြတ်လေ့လာမှတ်တမ်းတင်ထားသူများရဲ့ လေ့လာသုံးသပ်ချက်အရ အမေရိကန်ဒေါ်လာတန်ဖိုးဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ အတွင်း ၂၅.၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ပထမအချက်အနေနဲ့ ဇွန်လ ၂၀၁၄ ခုနှစ်မှာ ဥရောပဗဟိုဘဏ် က သူတို့ရဲ့ Euro Zone အတွင်း ငွေကြေးရှားပါမှုနဲ့စီးပွားရေးတိုးတက်ဖွံဖြိုးလာအောင် Euro ကို ပိုမိုထုတ်ဝေသုံးစွဲလာခြင်းကြောင့်ဖြစ်ပါတယ်။ ဒီအချက်ပေါ် အခြေခံပြီး နိုင်ငံခြားငွေရောင်းဝယ်သူများက စိုးရိမ်ပူပန်မှုတွေဖြစ်ခဲ့တဲ့အတွက် Euro တန်ဖိုးကျဆင်းလာသည်နှင့်အမျအမေရိကန်ဒေါ်လာတန်ဖိုး တိုးတက်လာရခြင်းဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ဇူလှိုင်လ ၂၀၁၄ ခုနှစ်မှာ အမေရိကန်ဗဟိုဘဏ်ဖြစ်တဲ့ (Federal Reserve) ရဲ့ထုတ်ပြန်ချက်အရ လှည့်လည်သုံးစွဲနေတဲ့ အမေရိကန်ဒေါ်လာကို အောက်တိုဘာလမှစတင်၍ ပိုမိုထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ ဒီအချက်ဟာအမေရိကန်ဗဟိုဘဏ်အနေနဲ့ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်ယုံကြည်မှုအပြည့်အဝထားလို့လည်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ကျင့်သုံးနေတဲ့ ငွေကြေးမူဝါဒ (Monetary policy) ကိုပြင်ဆင်ပြောင်းလဲရန်မရှိကြောင်းယုံကြည်လို့ဖြစ်ပါတယ်။ အထက်ဖော်ပြပါအကြောင်းချက်တွေရဲ့အဓိကအရင်းအမြစ်အကြောင်းရင်းကတော့ ဇူလှိုင်၂၀၁၄ ခုနှစ် နောက်ပိုင်းထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံရဲ့စီးပွားရေးအခြေနေကြောင့်ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဒုတိယလေးလပတ်မှာ အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာ ၄.၀ ရာခိုင်နှုန်းတိုးတက်မယ်လို့ ကြေငြာချက်ကြောင့် ဖြစ်ပါတယ်။ ပထမလေးလပတ်မှာတော့ ၂.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာလည်း ဆော်ဒီအာရေးဗျနိုင်ငံကကန့်သတ်ချက်နဲ့ ရောင်းချရတဲ့ ရေနံတစ်ပေပါကို အမေရိကန်ဒေါ်လာ ၇၀ နှုန်း သတ်မှတ်ချက်ကို လက်ခံနိုင်စွမ်းမရှိကြောင်း ကြေငြာခဲ့ပါတယ်။ ရေနံနှုန်းတွေကို အမေရိကန်ဒေါ်လာနဲ့ သတ်မှတ်ထားတဲ့အတွက် အမေရိကန်ဒေါ်လာတန်ဖိုး တက်လာသည်နှင့်အမျ ရေနံရောင်းချမှုမှရငွေပိုမိုများပြားလာမယ်ဖြစ်ပါတယ်။ ဒီအချက်တွေက အမေရိကန်ဒေါ်လာတန်ဖိုးကိုခိုင်မာစေခဲ့ပါတယ်။

အမေရိကန်ဒေါ်လာကို ကမ္ဘာ့နိုင်ငံသုံးငွေအဖြစ် လက်ခံကျင့်သုံးရာမှာ အခြားအကြောင်း အချက်သုံးချက်ကြောင့်ဖြစ်ပါတယ်။ ပထမအကြောင်းရင်းကတော့ အမေရိကန်ဒေါ်လာဝယ်လိုအားနှင့်ရောင်းလိုအားဥပဒေကြောင့်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံအများစုရဲ့ထိန်းသိမ်းထားရှိခဲ့တဲ့ နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေမှာ အမေရိကန်ဒေါ်လာဟာ အများဆုံးပါဝင်တဲ့အတွက်အမေရိကန်ဒေါ်လာရဲ့ ဝယ်လိုအားကိုတိုးစေခြင်းဖြင့် အမေရိကန်ဒေါ်လာရဲ့တန်ဖိုးတွေကိုမြင့်တက်စေခဲ့ပါတယ်။ အမေရိကန်ဗဟိုဘဏ်အနေနှင့် ဒီအခြေနေမှာ ငွေတိုက်စာချုပ်တွေကို အတိုးနှုန်းမြင့်တင်ခြင်းမပြုပဲ ပိုမိုထုတ်ဝေသုံးစွဲနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ငွေရေးကြေးရေးပဋိပက္ခဖြစ်ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံရဲ့ဘတ်ဂျက် (Budget) အခြေနေကောင်းမွန်လာခြင်းဟာ အမေရိကန်ဒေါ်လာတန်ဖိုးတိုးတက်စေခြင်းအကြောင်းရင်းလည်းဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ အမေရိကန်နိုင်ငံရဲ့စီးပွားရေးတိုးတက်ခိုင်မာခြင်းကြောင့်ဖြစ်ပါတယ်။ စီးပွားရေးအခြေနေအရကြည့်ရင် အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဗဟိုဘဏ်နဲ့ အစိုးရတို့ရဲ့စီးပွားရေး၊ ငွေရေးကြေးရေးဆိုင်ရာဆုံးဖြတ်ချက်တွေဟာ တစ်ခါတရံတစ်ကမ္ဘာလုံးရဲ့ငွေရေးကြေးရေးဈေးကွက်ကို ပဠိပက္ခဖြစ်စေခဲ့ပါတယ်။ ဒီလိုဖြစ်လာရင် ရင်းနှီးမြှုပ်နှံသူတွေက ခိုင်မာတဲ့ငွေကြေးပေါ်မှာယုံကြည်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ကြတဲ့အတွက် အမေရိကန်ဒေါ်လာရဲ့တန်ဖိုးကိုတည်ငြိမ်စေခဲ့ပါတယ်။

နောက်ဆုံးအချက်ကတော့ Euro ငွေကြေးကိုအမေရိကန်ဒေါ်လာနေရာမှာ အစားထိုးအသုံးပြုဖို့ နှေးကွေးခြင်းနဲ့ နောက်အကြောင်းချက်တစ်ခုကတော့ Euro ငွေကြေးသုံးစွဲတဲ့ နိုင်ငံတွေရဲ့ပဋိပက္ခကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် EU အနေနဲ့ ရှေ့ဆက်ရပ်တည်နိုင်အောင် EU အဖွဲ့ဝင်နိုင်ငံများရဲ့ ငွေရေးကြေးရေးနဲ့ နိုင်ငံရေးအခြေနေတွေကို သတိပြုဖို့လိုအပ်ပါတယ်။

အမေရိကန်ဒေါ်လာတန်ဖိုးအပေါ် အကျိုးသက်ရောက်သောအကြောင်းများ

ပထမအချက်ကတော့ စီးပွားရေးဘာသာရပ်ရဲ့အခြေခံဥပဒေဖြစ်တဲ့ ဝယ်လိုအားနဲ့ရောင်းလိုအားဥပဒေကြောင့်ဖြစ်ပါတယ်။ ဒီဆောင်းပါးပထမပိုင်းမှာတင်ပြထားသလို အမေရိကန်ဒေါ်လာဟာ နိုင်ငံတစ်ဝန်းက ခိုင်မာတဲ့ငွေကြေးအနေနဲ့ အသုံးပြုနေတဲ့ နိုင်ငံရဲ့သီးသန့် ရန်ပုံငွေဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာ ဝယ်လိုအားများလေ၊ အမေရိကန်ဒေါ်လာငွေလဲနှုန်းတန်ဖိုးတွေမြင့်တက်လေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဗဟိုဘဏ်အနေနဲ့ ငွေတိုက်စာချုပ်တွေ များများထုတ်ရောင်းနိုင်ခြင်းဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာဝယ်လိုအားတိုးတက်လာမှုကို ရောင်းလိုအားအနေနဲ့ ဖြည့်ဆည်းပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အတိုးနှုန်းထားတွေ တိုးစရာမလိုပဲဝယ်လိုအားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့အတွက် အမေရိကန်နိုင်ငံရဲ့စီးပွားရေးကို ၂၀၀၈ ခုနှစ် ငွေရေးကြေးရေးပဋိပက္ခဖြစ်တဲ့အချိန်အထိ ပိုမိုခိုင်မာစေခဲ့ပါတယ်။

ဒုတိယအကျိုးဆက်ကတော့ အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာ ကမ္ဘာမှာအင်အားအကြီးဆုံးစီးပွားရေးဖြစ်လို့ပါ။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်များမှာ ဖြစ်ပွားခဲ့တဲ့ ဥရောပနိုင်ငံများရဲ့ စီးပွားရေးပဋိပက္ခက Euro ငွေကြေးအစားအမေရိကန်ဒေါ်လာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြုလုပ်လာခြင်းကြောင့်ဖြစ်ပါတယ်။ တတိယအချက်ကတော့ အမေရိကန်နိုင်ငံဗဟို ဘဏ်ရဲ့ ငွေတိုက်စာချုပ်တွေအပေါ်ပေးတဲ့ အတိုးနှုန်းမြင့်မားမှုကြောင့်လည်းဖြစ်ပါတယ်။တည်ငြိမ်မှုမရှိတဲ့ ကမ္ဘာကြီးမှာငွေကြေးစုဆောင်းသူများအနေနဲ့ မိမိပိုင်ငွေကြေးများ မဆုံးရှုံးရအောင် စုဆောင်းမှုပြုလုပ်တဲ့အခါမှာ အတိုးနှုန်းမြင့်မားပြီး ခိုင်မာတဲ့ငွေကြေးတွေကိုသာ ရင်းနှီး မြှုပ်နှံတာဖြစ်လို့ အမေရိကန်ဒေါ်လာတန်ဖိုးတွေမြင့်တက်ရခြင်းဖြစ်ပါတယ်။ အမှန်တကယ်တော့ အမေရိကန်ဗဟိုဘဏ်အနေနဲ့ ငွေတိုက်စာချုပ်တွေ၊ ငွေတိုက်လက်မှတ်တွေများများ ထုတ်ရောင်းနိုင်လေလေ ပေးရန်တာဝန်ကြီးမားလေဖြစ်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့တင်ပြပါ စတုတ္ထအချက်နဲ့ဆက်သွယ်နေပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့စီးပွားရေးတိုးတက်မှုရှိသော်လည်း အကြွေးတွေပတ်လည်ဝိုင်းနေတာပါ။ ဒီနိုင်ငံအကြွေးနဲ့စီးပွားရေးတိုးတက်မှုအချိုးမြင့်မားလာရင် အမေရိကန်ဒေါ်လာရဲ့တန်ဖိုးကျဆင်းလာမှာအမှန်ပါ။ ဒါပေမဲ့အမေရိကန်ဒေါ်လာကိုယုံကြည်စိတ်ချရတဲ့၊ ခိုင်မာတဲ့ငွေကြေးအဖြစ် လက်ခံနေသည်နှင့်အမျအမေရိကန်ဒေါ်လာရဲ့တန်ဖိုးဟာမြင့်တက်နေမှာဖြစ်ပါကြောင်း၊ အမေရိကန်ဒေါ်လာငွေတန်ဖိုးခိုင်မာရခြင်းအကြောင်းများကိုတင်ပြလိုက်ပါတယ်။

ဆက်စပ်တင်ပြလိုတာကတော့ ငွေလဲလှယ်နှုန်းအပေါ် အကျိုးတက်ရောက်တဲ့အကြောင်းရင်း သုံးချက်ဖြစ်ပါတယ်။

ပထမအချက်က နိုင်ငံခြားငွေဝယ်လိုတဲ့နိုင်ငံရဲ့အခြေအနေဖြစ်ပါတယ်။ သက်ဆိုင်ရာဗဟိုဘဏ်များက ထုတ်ပြန်တဲ့အတိုးနှုန်းကိစ္စပါ။ အတိုးနှုန်းမြင့်လေငွေကြေးတန်ဖိုးတက်လေဖြစ်ပါတယ်။ ဒါကြောင့် မိမိပိုင်နိုင်ငံခြားသုံးငွေတွေကို အတိုးနှုန်းမြင့်မားတဲ့နိုင်ငံခြားငွေတွေနဲ့ လဲလှယ်မှုပြုတဲ့အတွက် ငွေလဲနှုန်းများတည်ငြိမ်မှုမရှိပဲဝယ်လိုတဲ့နိုင်ငံခြားငွေတန်ဖိုးများမြင့်တက်စေခြင်း ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ နိုင်ငံအတွင်းမှာ လှည့်လည်သုံးစွဲနေတဲ့ငွေကြေးပမာဏ (Currency in Circulation) တန်ဖိုးဖြစ်ပါတယ်။ ပြည်သူတွေရဲ့လက်ဝယ်မှာ လှည့်လည်သုံးစွဲငွေများပြားနေရင် ဝယ်လိုအားတိုးစေပြီး ဈေးနှုန်းတွေမြင့်တက်လာစေနိုင်ပါတယ်။ (Inflation) ဖြစ်ခြင်းပါ။ ရင်းနှီးမြှုပ်နှံသူများအနေနဲ့ အလေးထားကြည့်တဲ့ (Inflation Rate) မြင့်တက်နေရင် ၎င်းနိုင်ငံရဲ့ ငွေကြေးတန်ဖိုးကျဆင်းခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုမပြုကြပါဘူး။ (Inflation Rate) တည်ငြိမ်ပြီး (Interest Rate) မြင့်တဲ့ငွေကြေးတွေကို ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းဖြင့် ငွေလဲနှုန်းများမြင့်တက်လာစေပါတယ်။

နောက်ဆုံးအချက်ကတော့ နိုင်ငံဖွံ့ဖြိုးရေးတိုးတက်မှုနဲ့ ငွေရေးကြေးရေးကိစ္စတည်ငြိမ်မှုတွေလည်းငွေလဲလှယ်နှုန်းထားတွေအပေါ် အကျိုးသက်ရောက်စေပါတယ်။ ဒါကြောင့်လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များက ဖြစ်ပွားခဲ့တဲ့ငွေကြေးစစ်ပွဲများ(Currency Wars)ကို သတိရစေချင်ပါတယ်။

ငွေကြေးစစ်ပွဲဆိုတာကတော့ နိုင်ငံရဲ့ဗဟိုဘဏ်အနေနဲ့ ငွေကြေးမူဝါဒကျင့်သုံးရာမှာ မိမိနိုင်ငံသုံးငွေရဲ့တန်ဖိုးကိုလျော့ချခြင်းဖြစ်ပါတယ်။ မိမိနိုင်ငံသုံးငွေတန်ဖိုးလျော့ချခြင်းအားဖြင့် ပို့ကုန်တွေအပေါ်အားနည်းချက်ဖြစ်လာမှာဖြစ်ပြီး သွင်းကုန်တင်သွင်းသူတွေအတွက်တော့ အားသာချက်ရှိလာပါတယ်။ ဒီလိုဗျူဟာမှိုးကိုကုန်သွယ်မှုမှာယှဉ်ပြိုင်နိုင်ဖို့အတွက် ငွေတန်ဖိုးချခြင်းလို့ဆိုလိုပါတယ်။

အဓိကကျတဲ့အချက်ကတော့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမှာ အသာစီးရယူလိုမှုကြောင့်ဖြစ်ပါတယ်။ ငွေတန်ဖိုးချတဲ့နိုင်ငံရဲ့ပို့ကုန်တွေဟာ နိုင်ငံခြားဈေးကွက်မှာ တန်ဖိုးနည်းတဲ့အတွက် ဝယ်လိုအားတိုးစေပါတယ်။ ပို့ကုန်များများတင်ပို့နိုင်ရင်တော့ အမြတ်များများရမှာပါ။ အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုဖန်တီးနိုင်ပါတယ်။ ဆက်လက်ပြီးတိုင်းပြည်စီးပွားရေးတိုးတက်စေဖို့ တွန်းအားတွေဖြစ်စေပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း နိုင်ငံပိုင်အရင်းမြစ်တွေမှာရင်းနှီးမြှုပ်နှံလိုမှုတွေဖြစ်စေ ခဲ့တဲ့အတွက် နိုင်ငံခြားမှအရင်းနှီးများ နိုင်ငံအတွင်းသို့ စီးဝင်လာနိုင်ပါတယ်။ နိုင်ငံခြားက Stock/Shares များရဲ့ဈေးနှုန်းကိုကျဆင်းစေခြင်းဖြင့် Stock/Shares ကစားသူများပိုမိုရရှိလာနိုင်ပါတယ်။ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Direct Investment) ပြုလုပ်ရန်အတွက် ကုန်ကျစရိတ်တွေ သက်သာလာပါတယ်။

၂၀၁၀ ပြည့်နှစ်က ဘရာဇီးနိုင်ငံမှာဖြစ်ခဲ့တဲ့ ငွေကြေးစစ်ပွဲကြောင့် ဘရာဇီးနိုင်ငံသုံးငွေ(Real) ဟာ အမေရိကန်ဒေါ်လာ၊ ဂျပန်ယန်းနဲ့ တရုတ်နိုင်ငံသုံးယွမ်တို့နဲ့ လဲလှယ်တဲ့အခါမှာအနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့တဲ့အတွက် နိုင်ငံရဲ့စီးပွားရေးကိုထိခိုက်နစ်နာစေခဲ့ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ သူရဲ့ငွေကြေးဖြစ်တဲ့ အမေရိကန်ဒေါ်လာကိုတန်ဖိုးချဖို့ပြုလုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိကျင့်သုံးခဲ့တဲ့ဘဏ္ဍရေးမူဝါဒ (Fiscal Policy) နဲ့ ငွေကြေးမူဝါဒ (Monetary Policy) တွေဟာ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းအောင်ပြုလုပ်နေတာနဲ့အတူတူပါပဲ။ ဥပမာအားဖြင့် အမေရိကန်အစိုးရရဲ့ (Budget Deficit) ကြီးထွားလာမှုဟာ အမေရိကန်ဒေါ် လာရဲ့တန်ဖိုးကို ကျဆင်းစေပါတယ်။ နောက်တစ်ခုက ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အမေရိကန်ဗဟိုဘဏ်ဟာအတိုးနှုန်းတွေကို အနိမ့်ဆုံးပေးထားခြင်းဟာလည်း အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းစေပါတယ်။ အတိုးနှုန်းသက်သာလို့ ချေးငွေများများထုတ်ချေးလေ ငွေကြေး ပမာဏ (Money Supply) တက်လေဖြစ်ပြီး ငွေကြေးဖောင်းပွမှု (Inflation) ဖြစ်စေခဲ့တဲ့အတွက် အမေရိကန် ဒေါ်လာတန်ဖိုးကိုကျဆင်းစေခဲ့ပါတယ်။

လက်တွေ့မှာတော့ အမေရိကန်ဒေါ်လာတန်ဖိုးဟာ နိုင်ငံအများစုရဲ့နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေ (Foreign Exchange Reserve)မှာ အဓိကပါဝင်နေတဲ့အတွက် တန်ဖိုးတည်ငြိမ်နေပြီး ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာတန်ဖိုးဟာ ၂၅.၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး နောက်ပိုင်းမှတန်ဖိုးကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံငွေ Yuan ရဲ့ငွေကြေးတိုက်ပွဲမှာ တရုတ်နိုင်ငံသုံးငွေကို အမေရိကန်ဒေါ်လာနဲ့ပထမဦးစွာ ချိတ်ဆက်ထားပြီး အခြားငွေကြေးများနဲ့လည်းလဲလှယ်သုံးစွဲခဲ့ပါတယ်။ တရုတ်နိုင်ငံသုံး ငွေယွမ် Yuan ကို အမေရိကန်တစ်ဒေါ်လာလျင် ၆.၂၅ ယွမ် လဲလှယ်ရာမှာကုန်သွယ်မှုအတွက် (၂) ရာခိုင်နှုန်းအတက်အကျကိုခွင့်ပြုခဲ့ ပါတယ်။ ၂၀၁၅ ခုနှစ်သြဂုတ်လမှာတော့ တရုတ်နိုင်ငံရဲ့ဗဟိုဘဏ်ဖြစ်တဲ့ (The People Bank of China) က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စတင်ဝင်ရောက်ခဲ့ပြီး တရုတ်ငွေယွမ်က အမေရိကန်တစ်ဒေါ်လာကို ၆.၃၈၄၅ ယွမ်နဲ့လဲလှယ်ခဲ့တဲ့အတွက်ယွမ်ငွေတန်ဖိုးကို ကျဆင်းစေခဲ့ပါတယ်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်မှာတော့ တရုတ်နိုင်ငံရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာတဲ့အတွက် ယွမ်ငွေတန်ဖိုးကျဆင်းမှုအပေါ် ထိန်းချုပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ တည်ငြိမ်မှုမရှိတဲ့ တရုတ်သုံးငွေယွမ်ဟာ ဇန်နဝါရီလနောက်ဆုံးအပတ်မှာ အမေရိကန်တစ်ဒေါ်လာနဲ့လဲလှယ်ရာမှာ ၆.၅၈၅၃ ယွမ် အထိကျဆင်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံသုံး ယွမ်ငွေဟာ လွန်ခဲ့တဲ့ကိုးနှစ်ကာလမှာ အနိမ့်ဆုံးအဆင့်ကိုကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ ငွေကြေးတိုက်ပွဲအတွက် စိုးရိမ်ပူပန်ခြင်းမရှိခဲ့ပါဘူး။ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်လဲလှယ်နေတဲ့ တရုတ်သုံးငွေယွမ်ဟာ တန်ဖိုးအားဖြင့် ၂၅.၀ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့အတွက် တရုတ်နိုင်ငံရဲ့ပို့ကုန်တန်ဖိုးတွေ ပိုမိုမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းခဲ့တဲ့အတွက် တရုတ်ယွမ်ငွေတန်ဖိုးများတဖန်မြင့်တက်ခဲ့ပါတယ်။

ဂျပန်ယန်းငွေကြေးတိုက်ပွဲကတော့ ၂၀၁၀ ပြည့်နှစ်မှစတင်ခဲ့ပါတယ်။ ဂျပန်အစိုးရက လက်ဝယ်ရှိ ဂျပန်ယန်းငွေများကိုလွန်ခဲ့တဲ့ခြောက်နှစ်အတွင်း ပထမဦးဆုံးအကြိမ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကစတင်ပြီးတန်ဖိုးခိုင်မာလာတဲ့ ဂျပန်ယန်းငွေဟာ ၂၀၁၀ ပြည့်နှစ်မှာ ငွေလဲလှယ်နှုန်းအမြင့်ဆုံးအခြေနေကို ရောက်ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကိုကုစားနိုင်ဖို့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပို့ကုန်တင်ပို့မှုအပေါ်မှီခိုအားကြီးလို့ဖြစ်ပါတယ်။

အခြားအကြောင်းချက်ကတော့ နိုင်ငံခြားအစိုးရများအနေနဲ့ အခြားတန်ဖိုးခိုင်မာတဲ့ ငွေကြေးများနဲ့ အစားထိုးအသုံးပြုကြမှာဖြစ်ပါတယ်။ အထူးသဖြင့် Euro ငွေကြေးဟာ ဂရိနိုင်ငံရဲ့ကြွေးမြီးပြဿနာကြောင့် တန်ဖိုးကျမယ်လို့ မျော်လင့်တဲ့အတွက် လက်ဝယ်ထိန်းသိမ်းလိုမှုအားနည်းပါတယ်။ အမေရိကန်ဒေါ်လာကိုလည်းအမေရိကန်နိုင်ငံရဲ့ကြွေးမြီးစာရင်းကြောင့် လက်ဝယ်ထားရှိမှုကိုမလိုလားကြပါဘူး။

ဈေးကွက်လေ့လာနေသူများကတော့ ဂျပန်အစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက်မှုမရှိဘူးဆိုရင် ဂျပန်ယန်းငွေတန်ဖိုး ဆက်လက်မြင့်တက်ဖို့အကြောင်းတွေရှိနေပါတယ်။ ဒီလိုအခြေအနေကလည်း ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းလိုအား ဝယ်လိုအားတို့နဲ့ သက်ဆိုင်ပါတယ်။ လွှမ်းမိုးနိုင်တဲ့ငွေကြေးကတော့ ဂျပန်ယန်း၊ အမေရိကန်ဒေါ်လာနဲ့ Euro ငွေကြေးတို့ပဲဖြစ်ပါတယ်။ ဂျပန်အနေနဲ့ ငွေကြေးဈေးကွက်အားလုံးမှာ ဂျပန်ယန်းငွေနဲ့လွှမ်းမိုးနိုင်တဲ့အင်အားရှိပါတယ်။ ဒါပေမဲ့ နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားသူများအနေနဲ့ ဂျပန်ယန်းငွေတန်ဖိုးတိုးတက်လာခြင်းမှ အကျိုးမြတ်ရရှိတယ်ဆိုရင် ဂျပန်ယန်းငွေကိုလက်ဝယ်ထားလိုမှုနဲ့ ပိုမိုလဲလှယ်လာ ကြမှာဖြစ်ပါတယ်။

ငွေရေးကြေးရေးပဋိပက္ခတွေမတိုင်မှီ နိုင်ငံခြား ငွေရောင်းဝယ်ဖောက်ကားသူများအနေနဲ့ ဈေးကွက်ရဲ့ဆန့်ကျင်ဘက်ပြဿနာတွေဖန်တီးပြီး ဂျပန်ယန်းငွေကို ကုန်သွယ်မှုမှာအားသာချက်ရှိအောင်ဖန်တီးကြပါတယ်။ သဘောကတော့ဂျပန်ယန်းငွေကို သုံညအတိုးနဲ့ချေးယူပြီး အတိုးနှုန်းမြင့်မားတဲ့ အမေရိကန်ဒေါ်လာမှာ ရင်းနှီးမြှုပ်နှံကြခြင်းပါ။ ဒါပေမဲ့အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေကို သုံညအထိလျော့ချလိုက်တဲ့အခါမှာတော့ ဂျပန်ယန်းငွေနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ ကျဆုံးခဲ့ရပါတယ်။

ဥရောပဘုံဈေးအဖွဲ့ဝင်နိုင်ငံများ (EU) ကတော့ ငွေကြေးတိုက်ပွဲအတွင်း ၂၀၀၁ ခုနှစ်ကဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာ ဥရောပဗဟိုဘဏ်ကအတိုးနှုန်းကို ဝ.၂၅ ရာခိုင်းနှုန်းထက်လျော့ချခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့်အမေရိကန်ဒေါ်လာနဲ့ ငွေလဲလှယ်နှုန်းထားဟာ တစ်ယူရို Euro ကိုအမေရိကန်ဒေါ်လာ ၁.၃၃၆၆ သို့ကျဆင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာအမေရိကန်ဒေါ်လာ ၁.၀၅ နဲ့ လဲလှယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို Euro လဲလှယ်နှုန်းကျဆင်းရခြင်းဟာ ဂရိနိုင်ငံရဲ့ကြွေးမြီး ပြဿနာကြောင့်လည်းဖြစ်ပါတယ်။ ရင်နှီးမြှုပ်နှံသူအများစုကတော့ Euro နဲ့ ကြာရှည်ရပ်တည်နိုင်ပါ့မလားလို့ထင်ကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ Euro ငွေကြေးဟာတန်ဖိုးအလွန်ကျဆင်းရခြင်းမှာ ဗြိတိန်နိုင်ငံက EU မှနုတ်တွက်ခြင်းအကြောင်း Brexit ကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းလာချိန် မှာတော့ Euro ငွေကြေးတန်ဖိုး ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းထားများအကြောင်း ဗဟုသုတရစေရန် တင်ပြလိုက်ပါတယ်။