အောင်မြင်မှုကို နည်းလမ်းအမျိုးမျိုးနဲ့တိုင်းတာလို့ရပါတယ်။ စိတ်ချမ်းသာမှု၊ ကျန်းမာရေး၊ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းအလုပ်၊ ပုဂ္ဂိုလ်ရေးစွမ်းဆောင်မှုတွေနဲ့ သင်နှိုင်းယှဉ်တိုင်းတာတာဖြစ်စေ၊ အတိအကျသတ်မှတ်လို့ရတဲ့ နည်းလမ်းတစ်မျိုးတည်း မရှိပါဘူး။
အောင်မြင်သူအများစုဟာ ဘဝအတွက် ဘယ်လိုရည်မှန်းချက်ပန်းတိုင်တွေပဲထားထား၊ သူတို့ရွေးချယ်တဲ့ လုပ်ငန်းနယ်ပယ်မှာ ထိပ်ဆုံးရောက်စေတဲ့ ဆင်တူလက္ခဏာတွေရှိကြပါတယ်။ အဲဒီကျွမ်းကျင်မှုတွေဟာ မွေးရာပါလို့ သင်ယူဆကောင်းယူဆနိုင်ပေမယ့် အဲဒါအများစုကိုတော့ တကယ်ဆည်းပူး လေ့လာလို့ရနိုင်ပါတယ်။ သင်အောင်မြင်မှုရရှိပြီး သင့်ရဲ့အလုပ်အကိုင်တိုးတက်စေမယ့် ကျွမ်းကျင်မှုနဲ့ အစွမ်းအစတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
၁။ ပြောဆိုဆက်သွယ်မှုကျွမ်းကျင်ခြင်း
အောင်မြင်သူတွေဟာ တခြားသူတွေနဲ့ ဘယ်လိုလက်တွဲလုပ်ကိုင်ရမလဲသိကြလို့ ထိရောက်မှုရှိတဲ့ပြောဆိုဆက်သွယ် သူတွေဖြစ်ကြတယ်။ ဘွဲ့ရပြီးသူတွေရောအချိန်ပြည့်အမှုထမ်းတွေမှာပါ အများဆုံးမရှိတဲ့ ကျွမ်းကျင်မှုအနက် တစ်မျိုးက အဲဒါဖြစ်ကြောင်း ဝန်ထမ်းငှားရမ်းရေးမန်နေဂျာတွေ က ပြောပါတယ်။
၂။ Network တည်ဆောက်ပြီး ထိရောက်စွာလုပ်ကိုင်နိုင်ခြင်း
Network တည်ဆောက်ခြင်းဟာ သင့်အလုပ်ကိုမြှင့်တင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုတွေဟာ များသောအားဖြင့် ထိရောက်မှုမရှိကြပါဘူး။ Twitter နဲ့ LinkedIn တို့မှာ ကျွန်ုပ်တို့ တက်ကြွလှုပ်ရှားမှုရှိခြင်းဟာ အထောက်အကူပြုတာမှန်တယ်။ ဒါပေမဲ့ အဲဒီလမ်းကြောင်းတွေကတစ်ဆင့် အလုပ်အကိုင်၊ ဒါမှမဟုတ် အခွင့်အလမ်းတွေ တကယ်ရတဲ့လူက ဘယ်နှဦးရှိမလဲဆိုရင် တချို့တလေပဲရှိတယ်လို့ ဖြေရပါလိမ့်မယ်။ ဒါကြောင့် ပြင်ပလောကမှာ Network တည်ဆောက်ပြီး လုပ်ငန်းတိုးတက်အောင် စွမ်းဆောင် နိုင်ဖို့ လိုပါတယ်။
၃။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်း
ဝေဖန်ပိုင်းခြားပြီးစဉ်းစားနိုင်ကာ လိုအပ်ရင်ထင်မြင်ချက်တွေကို စိန်ခေါ်နိုင်စွမ်းရှိတာဟာ လွတ်လပ်စွာတွေးခေါ်တတ်သူနဲ့ သန်မာတဲ့ခေါင်းဆောင်ရဲ့ အမှတ်အသားဖြစ်တယ်။ ဒီကျွမ်းကျင်မှုဟာ တန်ဖိုးအလွန်ရှိပြီး လွယ်လွယ်ကူကူဆည်းပူးလို့ရနိုင်ပါတယ်။ တွေးခေါ်မှုဖြစ်စဉ်တွေမှာ ချွတ်ယွင်းချက်တွေကို သင်မြင်တတ်အောင်သင်ဖို့လိုပြီး သင့်ရဲ့နိစ္စဓူဝဘ၀မှာ အလိမ်ခံရခြင်း၊ လှည့်စားခံရခြင်းတို့ကို ရှောင်ရှားဖို့ အထောက်အကူပြုပါလိမ့်မယ်။
၄။ လေ့လာဆည်းပူးနိုင်စွမ်းရှိခြင်း
အောင်မြင်သူတွေဟာ အသစ်အဆန်းတွေကို စပ်စုတတ်ပြီး ဆည်းပူးလေ့လာရတာကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့အများစုဟာ ဘယ်လိုကျကျနန ဆည်းပူးလေ့လာရမှန်းမသိကြပါဘူး။ လူဦးရေအများစုအတွက် ကျွန်ုပ်တို့ဖတ်ရှုလေ့လာဆည်းပူးသမျကို မှတ်ထားနိုင်မှာမဟုတ်ဘူး။ ဒါမှမဟုတ် မှတ်ယူနိုင်ဖို့အချိန်ကြာမယ်။ ဒီအတွက် စနစ်တကျလေ့လာသင်ယူဖို့ လိုပါတယ်။
၅။ ခေါင်းဆောင် (ဦးဆောင်သူ) ဖြစ်ခြင်း
မန်နေဂျာကောင်းတစ်ယောက်ဖြစ်ချင်ရင် သင့်အဖွဲ့ဝင်တွေရဲ့ ယုံကြည်မှုနဲ့ သစ္စာခံမှုရရှိအောင် သင်တည်ဆောက် နိုင်စွမ်းရှိဖို့ လိုပါတယ်။ တကယ်တော့ အဲဒီလူတွေမပါရင် သင့်ကုမ္ပဏီဟာ အလကားပါပဲ။ ဒါကြောင့် သင့်အမှုထမ်းတွေကို ကြည်လင်တဲ့အမြင် ပေးထားပါ။ ယုံကြည်မှု ရှိပါစေ။ သူတို့ကို ထိရောက်စွာဘယ်လိုစီမံကွပ်ကဲမလဲ သင်သိထားပါ။
၆။ အခြေခံစာရင်းစစ်ပညာကျွမ်းကျင်မှုရှိခြင်း
သင်ဟာ စာရင်းစစ်တစ်ဦးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဒါမှမဟုတ် စာရင်းစစ်တစ်ဦး သင့်ဆီမှာ ရှိသည်ဖြစ်စေ လူတိုင်းဟာ စာရင်းစစ်ပညာအခြေခံကိုတော့ ပိုင်နိုင်စွာ သိထားဖို့လိုတယ်။ သင့်လုပ်ငန်းမှာ အောင်မြင်ပြီး ငွေတချို့တလေရရှိဖို့အတွက် သင့်ငွေတွေကို ဘယ်လိုသုံးမလဲ၊ ဘယ်မှာ ဘယ်လိုထိရောက်စွာ ရင်းနှီးမြှုပ်နှံမလဲဆိုတာ သင်သိဖို့လိုအပ်ပါတယ်။
၇။ အချိန်စီမံခန့်ခွဲကျွမ်းကျင်ခြင်း
အောင်မြင်သူတွေဟာ အချိန်ရဲ့တန်ဖိုးကိုသိပြီး အကျိုးအရှိဆုံးဖြစ်အောင်သုံးကြပါတယ်။ ညဉ့်သန်းခေါင်ကျော်အထိ မနားမနေအလုပ်လုပ်ဖို့ ပြောနေတာ မဟုတ်ဘူး။ မိမိတို့ ခြေကုန်လက်ပန်းကျအောင် အလုပ်လုပ်တာက သုံးစားလို့မရမှန်းအောင်မြင်သူတွေသိကြပါတယ်။ ဒါကြောင့် သူတို့အလုပ်တာဝန်တွေကို တစ်နေ့တာအတွင်းအကုန်ပြီးစီးအောင်လုပ်ဖို့ အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲတာဖြစ်တယ်။ ဒါအပြင်သူတို့မြတ်နိုးတဲ့ အလုပ်တွေအတွက်လည်း အချိန်ပေးနိုင်တယ်။
၈။ Team နဲ့အတူ လုပ်နိုင်စွမ်းရှိခြင်း
အောင်မြင်သူတွေဟာ Team နဲ့ ထိရောက်စွာ ဘယ်လိုလုပ်ကိုင်ရမလဲဆိုတာသိကြတယ်။ အဲဒါက သူများပြောတာကို နားထောင်နိုင်ပြီး စိတ်ကူးတွေကိုပိုကောင်းအောင်လုပ်၊ ကိုယ့်အဖွဲ့ဝင်တွေ ထုတ်လုပ်စွမ်းတိုးပွားဖို့အတွက် လှုံ့ဆော်နိုင်ခြင်းတို့ပါပဲ။ ဒါတွေအားလုံးကို မန်နေဂျာရဲ့ စည်းမကျော်ဘဲသင်လုပ်ရမှာပါ။ အဲဒါကို သင့်သူဌေး၊ အလုပ်ရှင်က သဘောကျလိမ့်မယ်ဆိုတာယုံပါ။
၉။ စိတ်ဖိစီးမှုကို စီမံခန့်ခွဲတတ်ခြင်း
အောင်မြင်ဖို့ကြိုးစားသူတွေအတွက် စိတ်ဖိစီးမှုဟာ ဘ၀မှာ ရှောင်လို့မရတဲ့ ကိစ္စတစ်ခုပါ။ ဖိအားကြောင့် သင်ဘုန်းဘုန်းမလဲရအောင် အဲဒါကိုရင်ဆိုင်းဖြေရှင်းဖို့ နည်းလမ်းရှာတတ်ရပါမယ်။
နိုင်သီဟ
Ref: businessinsider.com