''တစ်နှစ်မှာကျွန်တော်ဟာစားစရာသောက်စရာလေးဝယ်ဖို့ လမ်းလျှောက်သွားရင်း မော်တော်ဆိုင်ကယ်ကလေးနဲ့ တိုဟူးရောင်းနေတဲ့လူတစ်ယောက်ကို တွေ့တယ်။အဲဒီမှာသူ့ရဲ့ Scooter လို့ခေါ်တဲ့ဘီးသေးသေးကိုယ်ထည်သေးသေး မော်တော်ဆိုင်ကယ်ကိုကြည့်လိုက်တော့၁၉၆၄ခုနှစ် မော်ဒယ်ဖြစ်နေတာ တွေ့ရတယ်''။ဒါကတော့၁၉၈၈ခုနှစ်တုန်းကသူစပြီးသဘောကျခဲ့တဲ့မော်တော်ဆိုင်ကယ်အကြောင်း ပြန်ပြောနေတဲ့ထိုင်းနိုင်ငံက Gin ဆိုသူဖြစ်တယ်။သူဟာအခုအခါ Vintage Vespa Thai လို့ခေါ်တဲ့ မော်တော်ဆိုင်ကယ်ပြင်လုပ်ငန်းကိုပူးတွဲပိုင်ဆိုင်ထားသူဖြစ်တယ်။သူဟာအဲဒီ Vespa လို့ခေါ်တဲ့ မော်တော်ဆိုင်ကယ်ကိုစတွေ့ပြီးစွဲလမ်းသွားတဲ့အခါတုန်းကသူ့အသက်၁၈နှစ်ပဲရှိသေးတယ်။
သူဟာအဲဒီဆိုင်ကယ်ကိုသဘောကျနေလို့ အဲဒီတိုဟူးဆိုင်ကိုပဲ နေ့တိုင်းသွားပြီးသူတိုဟူးမကြိုက်ပေမဲ့သူ့မိသားစုအတွက်ဝယ်တယ်။တစ်နေ့မှာသူဆိုင်ကယ်ကိုဝယ်ချင်တဲ့အကြောင်း ပြောပြတော့အဲဒီတိုဟူးသည်က ''ရပါတယ်ဗျာ နေ့စဉ်လုပ်ငန်းကိစ္စနဲ့ ဟိုဟိုဒီဒီသွားတဲ့အခါသုံးလို့ရမယ့်ဟာလေးသာအစားရမယ်ဆိုရင် ရောင်းမှာပေါ့'' တဲ့။ဒါနဲ့ Gin ဟာစိတ်ကူးတစ်ခုရပြီး၁၉၇၈ခုနှစ်မော်ဒယ်ဆိုင်ကယ်အဟောင်းလေးကိုသင့်တင့်တဲ့ဈေးဖြစ်တဲ့ဘတ်ငွေ၁၃,၈၀၀နဲ့ဝယ်ပြီး စောစောကပြောခဲ့တဲ့သူကြိုက်နေတဲ့၁၉၆၄ မော်ဒယ်ဆိုင်ကယ်လေးနဲ့လည်းလိုက်ပါတယ်။
''မောင်းပုံလည်း ပြောကြပါဦး'' လို့ Gin က မေးတော့တိုဟူးသည်က ''ဘယ်လက်မှာ 'ကလပ်' နဲ့ 'ဂီယာ' ရှိတယ်။ညာဘက်က ''ဘရိတ်'' လို့ ပြောတယ်။သူဟာဒီဆိုင်ကယ်လေးကိုတဖုတ်ဖုတ်နဲ့ စီးသွားရတာသဘောကျနေတဲ့အပြင်ဒါလေးကိုမူလကလိုအသစ်တိုင်း ပြန်ဖြစ်အောင် ပြင်ချင်ပါတယ်။ဒါနဲ့ ပြင်ဖို့ စပါတော့တယ်။
''စစချင်းသန့်ရှင်းအောင် ဆေးကြောပါတယ်။အဲဒီနောက်ဒီဆိုင်ကယ်လေးရဲ့ကက်တလောက်မှာပါတဲ့ပုံတွေကြည့်ပြီးဘယ်အပိုင်းတွေက (အော်ရီဂျနယ်) မူလပစ္စည်းဘယ်ဟာတွေက နောက်မှထပ်ထည့်ထားတာကိုကြည့်တယ်။ အော်ရီဂျနယ်မဟုတ်နိုင်တဲ့ဝက်အူတွေကိုဖြုတ်ပြီးတူတဲ့ဝက်အူအသစ်တွေနဲ့ လဲထည့်တယ်'' လို့ Gin က ပြောပြတယ်။ဘီးတွေလည်းသူလဲပစ်တယ်။အင်ဂျင်ဘေးဘက်ကအဖုံးတွေလည်းလဲတယ်။မူလက ခြစ်ရာတွေနဲ့ ကွဲကျနေတဲ့ဆေးအစားမှုတ်ဆေးနဲ့ ပြန်မှုတ်တယ်။ဒါပေမဲ့အင်ဂျင်စက်ကို ပြင်ဖို့ကိစ္စမှာကျတော့ဂီယာလေးမျိုးထဲကတစ်မျိုးပဲအလုပ်လုပ်နိုင်တာဖြစ်နေတဲ့အတွက် Ting Montri ဆိုတဲ့လူရဲ့စက်ပြင်ဆိုင်ကိုသွားရပါတယ်။အဲဒီတုန်းကအသက်၄၁နှစ်ရှိ Mr Ting ဟာ Gin မသိဖူးသေးတဲ့စက်ပြင်ဆရာဖြစ်တယ်။သူဟာ Vespa မော်တော်ဆိုင်ကယ်တွေကို ပြုပြင်ရာမှာဆရာကြီးတစ်ဆူဖြစ်တယ်။
Mr Ting ဟာ၁၂နှစ်သားအရွယ်မှာသူ့ဦးလေးနဲ့အတူဘန်ကောက်မြို့ကိုအသိတစ်ယောက်ဆီမှာအလုပ်လုပ်ဖို့ တက်လာခဲ့တယ်။အသိရဲ့နာမည်က Mr Nam တဲ့။ဒီလူက၁၉၆၇ခုနှစ်ထဲမှာအီတလီထုတ်Vespa မော်တော်ဆိုင်ကယ်လေးတွေကိုကိုယ်စားလှယ်မှာယူတင်သွင်းပြီးအရောင်းဆိုင်တွေကိုတစ်ဆင့် ဖြန့်ချိခဲ့တယ်။ Mr Ting က ''အစကတော့ကျွန်တော့်ဦးလေးက Mr Nam ဆီမှာလုပ်ဖို့ဆိုပြီး ခေါ်လာတာပါ။ဒါပေမဲ့ဦးလေးကအဲဒီ Mr Nam နဲ့ ညီအစ်ကိုတော်တဲ့ Mr Jil ဆီမှာပဲလုပ်စေချင်တယ်'' လို့ ပြောတယ်။ ''အဲဒီဆရာ Mr Jil က Vespa တွေ ပြင်တဲ့နေရာမှာ တော်တော်တော်တဲ့ပုဂ္ဂိုလ်ပါပဲ။ Tuk Tuk လို့ခေါ်တဲ့သုံးဘီး မော်တော်ဆိုင်ကယ်ပြင်နည်းလည်းသူကသိထားပြီးသားပါ'' လို့ Mr Ting က ပြောတယ်။ ''Tuk Tuk တွေနဲ့ Vespa တွေဟာစက်အထိုင်ချင်းအတူတူပါပဲ။အီတလီမှာလုပ်တာတွေချည်းပဲ'' တဲ့။ Mr Ting ဟာအဲဒီဆရာနဲ့တခြားလုပ်သားငါးယောက်နဲ့အတူကလပ်၊ဘရိတ်၊မီးလုံးကအစအင်ဂျင်နဲ့ ဘော်ဒီအဆုံးအကုန်လုံးပြင်တတ်သွားတယ်''။ ''အဲဒီတုန်းကကျွန်တော်အသက်ငယ်ငယ်လေးရှိသေးတယ်။ဒါပေမဲ့ကျွန်တော်ကအဲဒီအလုပ်ကိုသိပ်သဘောကျနေတာ။ Vespa ကိုကျွန်တော်တည်ဆောက်ချင်နေတာပါ'' တဲ့။သူကဆက်လက်ပြီး ''Vespa ကိုလုပ်ပြီးပြီဆိုရင်ကျွန်တော်စမ်းမောင်းကြည့်တယ်။ ပျော်စရာကောင်းတယ်ဗျာ။ မောင်းရင်းနဲ့ ရှေ့ဘီးကို မြှောက်မြှောက်ကြည့်လေ့ရှိတယ်။ငါသိပ်ဟုတ်ပါလားလို့ ခံစားမိပါတယ်'' လို့ ပြောတယ်။
အထက်က ပြောခဲ့တဲ့အတိုင်း Gin ဟာသူ့ရဲ့ Vespa ကို Mr Ting ဆီမှာသွားပြင်တဲ့နှစ်မှာပဲတက္ကသိုလ်မှာ Marketing နဲ့ပတ်သက်တဲ့ဝိဇ္ဇာဘွဲ့ရဖို့ သင်ယူတယ်။ Vespa နဲ့ ဆက်စပ်မှုမရှိတဲ့ဘာသာရပ်ကိုသင်ယူနေရပေမယ့် Vespa ကိုသူသံယောဇဉ်မပြတ်ဘူး။ ''ကျွန်တော်ကစနေ၊တနင်္ဂနွေအားလပ်ရက်တွေမှာအရက်ဆိုင်တွေဘာတွေမသွားဘူး၊အိမ်မှာနေပြီး Vespa ကိုလေ့လာခြင်းသုတေသနလုပ်ခြင်း ပြုတယ်။တတ်သိနားလည်ခြင်းစိတ်ကများများလာတယ်'' လို့ Gin က ပြောတယ်။သူဟာပညာသင်ကြားရင်းတစ်ဖက်နဲ့မကြာခဏဆိုသလို Ting ရဲ့စက်ပြင်အလုပ်ရုံကိုသွားပြီးလုပ်ငန်းလေ့လာတယ်။ ''ဆရာကြီး Ting ကို Vespa ပြင်နည်းမမေးရဲဘူးဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော့်လိုလူတိုင်းလျှောက်သင်ပေးနေရင်လူတိုင်းပြင်တတ်သွားပြီးသူ့ဆီဘယ်သူမှလာပြင်ကြတော့မှာတော့မဟုတ်ဘူး။ဒါကြောင့်ကျွန်တော်ကအဲဒီလိုအသင်မခိုင်းရဲတာပါ။ဒီတော့အသာလေးပဲသူတို့ပြင်တာ ဘေးကကြည့်ပြီးပညာယူရတာပါပဲ''တဲ့။တစ်ခါတစ်ရံတော့သူပြင်နေတုန်းနည်းနည်းပါးပါးကူလုပ်ပေးခိုင်းတာမျိုးတော့ရှိတယ်။၁၉၆၉ မော်ဒယ်ကနေ၁၉၇၅ မော်ဒယ်တွေအထိ တော်တော်စုံပါတယ်'' တဲ့။
Gin ဟာစနေ၊တနင်္ဂနွေနေ့တွေနဲ့ ကျောင်းဆင်းပြီးချိန်တွေမှာ Ting ဆီပဲသွားလေ့လာတယ်။ဒီလိုနဲ့သူ့အသက်၂၄နှစ်မှာ Marketing ဘွဲ့ရပြီး နောက်ထပ်၅၈ခုနှစ်နဲ့ ၅၉ခုနှစ် မော်ဒယ်နှစ်စီးထပ်ဝယ်လိုက်ပါတယ်။အဲဒီနောက်သူဟာ Ting ရဲ့သဘောတူညီချက်အရ Gin ဟာသူ့ရဲ့၅၈ မော်ဒယ်ကို Ting စက်ရုံယူသွားပြီး ''ဒီလိုဖြစ်သွားရင်ဘယ်လိုပြင်ရပါသလဲ။ဟိုလိုဖြစ်သွားရင်ဘယ်လိုလုပ်ရမလဲခင်ဗျာဆိုပြီးတပည့်ခံပါတယ်။ညနေဘက်စက်ရုံပိတ်လို့ အိမ်ပြန်ရောက်တော့၅၉ မော်ဒယ်ကိုအဲဒီလိုရရှိခဲ့တဲ့အသိပညာတွေကိုသုံးပြီး ပြင်တော့တာပါပဲ။
ဘွဲ့ရပြီး Marketing ကုမ္ပဏီမှာအချိန်ပြည့်ဝင်လုပ်ရတဲ့အခါသူမြတ်နိုးတဲ့ Vespa ပြင်တဲ့အလုပ်အတွက်အချိန်မရသလောက် ဖြစ်သွားတယ်။
နောက်နှစ်နှစ်တာကာလအတွင်း Gin နဲ့ သူ့ သူငယ်ချင်းနှစ်ယောက်တို့ဟာ Vespa အတော်များများကိုမူလအတိုင်းအသစ်ပြန်ဖြစ်အောင် ပြင်ကြတယ်။ Ting ဆီကိုခါတိုင်းလိုပဲပညာယူဖို့ ဆက်သွားနေတယ်။သူ့လုပ်ငန်းအတွက်လိုအပ်တဲ့ငွေကတော့မိဘကတက္ကသိုလ်စရိတ်အဖြစ် ပေးထားတဲ့အထဲကစုထားတာကိုသုံးတယ်။သူ၁၂နှစ်သားတုန်းကသူ့ဘကြီးရဲ့ ကြွေထည်ဆိုင်မှာအလုပ်လုပ်တုန်းကရတဲ့ငွေထဲကစုထားတာတွေလည်းထည့်သုံးတယ်။ ''ကျွန်တော်က ငွေစုတာဝါသနာရှိပြီးသားပါ'' တဲ့။ Gin နဲ့အဖွဲ့ဟာ ပြန်လည်မွမ်းမံပြင်ဆင်တာတွေအားလုံးလုပ်နိုင်ပေမယ့် ပြုပြင်ထားတဲ့ဆိုင်ကယ်ဘော်ဒီကို Hydrochloric Acid သုံးပြီးလုပ်ရတဲ့အလုပ်နဲ့ ဆေးသုတ်ရတဲ့အလုပ်ကိုတော့တခြားကုမ္ပဏီတစ်ခုဆီကိုသွားအပ်ရတယ်။ဒီလိုနဲ့ Gin တို့ဟာနှစ်လမှာဆိုင်ကယ်တစ်စီးကျ ပြန်လည်ပြုပြင်နိုင်ကြတယ်။
''လူတွေက Vespa တွေမရောင်းဘူးလား၊မရောင်းဘူးလားနဲ့ လာမေးကြတယ်။ကျွန်တော်တို့ကအသစ်တွေပဲ ရောင်းပြီးအဲဒီနေရာတွေမှာရှာလို့ရသမျှ အဟောင်းတွေနဲ့ ပြည့်သွားပါတယ်'' လို့ Gin က ပြောတယ်။
တစ်ချိန်မှာတော့သူ့မှာအဲဒီလိုဆိုင်ကယ်အစီးပေါင်းဆယ်စီးကျော်လက်ထဲမှာရှိတယ်။အားလုံး၁၉၅၀ ပြည့်လွန် မော်ဒယ်တွေချည်းပဲ။အဲဒါတွေနဲ့ မခွဲနိုင်မခွာရက်စွဲစွဲလမ်းလမ်းဖြစ်နေတော့မရောင်းချင်တော့ဘူး ဖြစ်နေတယ်။ ''အဲဒီလူတွေကိုမရောင်းတော့ပေမဲ့တခြားလူတွေအတွက်ပြင်ဆင်မွမ်းမံပေးပါတယ်။ကျွန်တော်ကကားပွဲစားလည်းလုပ်တယ်။ Vespa ရောင်းချင်တဲ့သူတွေလာရင်ကျွန်တော်ကဝယ်ချင်တဲ့သူရှာပေးပါတယ်။အဲဒီလိုနဲ့ ဝယ်တဲ့သူကဝယ်လိုက်တဲ့ Vespa တွေကျွန်တော့်ဆီလာပြီး ပြုပြင်မွမ်းမံခိုင်းတော့တာပေါ့ဗျာ'' တဲ့။ဒီလိုနဲ့ပဲ Gin ဟာ Vintage Vespa Thai ဆိုတဲ့အခုအခါလူသိများတဲ့လုပ်ငန်းကိုစတင်တည်ထောင်လိုက်ပါတယ်။အခုအခါမှာတော့သင်္ဘောတင်ကွန်တိန်နာသေတ္တာကြီးနှစ်လုံးကိုဝပ်ရှော့အဖြစ်အသုံးပြုပြီး Vespa အဟောင်းတွေကိုသန့်စင်ဆေးကြောတာကအစအားလုံးအပြီးအစီးပြန်လည်တတ်ဆင်တာအထိလုပ်ကိုင်နေတယ်။အချို့လုပ်ငန်းတွေကျတော့သူ့အိမ်မှာပဲလုပ်တယ်။
ပြီးခဲ့တဲ့သီတင်းပတ်နှစ်ပတ်လောက်ကပဲ Gin ဟာ Ting ကိုသူ့လုပ်ငန်းမှာစက်ပြင်ဆရာကြီးအဖြစ်လစာချီးမြှင့်ပြီးခန့်ထားလိုက်တယ်။ Ting ဟာအခုအခါ၅၉နှစ်ရှိပြီးဒီအရင်ငါးနှစ်လောက်တုန်းကသူဟာသွက်ချာပါဒရောဂါခံစားရလို့ ဆိုင်ကိုပိတ်ပစ်ခဲ့ရတယ်။ ''ဒီလူငယ်တွေကိုကျွန်တော်ငယ်ငယ်တုန်းကလိုတတ်အောင်သင်ပေးရတာသိပ်ဝမ်းသာပါတယ်'' လို့ Ting က ပြောတယ်။ခုလိုဝေဒနာခံစားနေရတဲ့အချိန် Gin ကကူညီလို့လည်း ကျေးဇူးတင်ကြောင်း ပြောတယ်။ပြီးခဲ့တဲ့ဆယ်နှစ်လောက်တုန်းက Gin ကိုဘာကြောင့်ဒီပညာတွေသင်ပေးခဲ့ရသလဲလို့ မေးတဲ့အခါသူက ''Gin ကလူကောင်းလေးတစ်ယောက်ဆိုတာကျွန်တော်တွေ့ရတယ်။ကျွန်တော့်ကိုသူကူညီချင်တယ်ဆိုတာလည်းသိရလို့ပါ'' လို့ Ting ကဆိုတယ်။''ဒီကလေးကိုကြည့်လိုက်တာနဲ့ ချစ်မိတယ်'' တဲ့။ကျွန်တော့်မှာသမီးမိန်းကလေးတစ်ယောက်ပဲရှိတယ်။သားယောကျ်ားမရှိဘူး။ဒီလိုလူမျိုးကိုကျွန်တော်ပညာသင်ပေးချင်ခဲ့တာပေါ့'' တဲ့။
အခုအခါမှာတော့ Gin ရဲ့ Vintage Vespa Thai ဟာ၁၉၄၆ခုနှစ်မော်ဒယ်ကအစ၂၀၀၀ ပြည့်နှစ် မော်ဒယ်တွေအထိ Vespa တွေကို ပြုပြင်မွမ်းမံပေးနေပါတယ်။စီးရေတစ်ရာလောက်ပြုပြင်ပြီးပါပြီ။တစ်လတစ်စီးပြင်နိုင်နေတယ်။ ပြည်ပကလူတွေအတွက်အဲဒီလိုပြုပြင်မွမ်းမံပေးချင်ပေမယ့် Vespa မော်ဒယ်အဟောင်းတွေပြည်တွင်းသွင်းဖို့ကျတော့စည်းမျဉ်းကန့်သတ်မှုတွေရှိနေပါတယ်။ Gin က ''Vespa မော်ဒယ်အဟောင်းတွေ ပြန်စီးနေကြတာကိုကျွန်တော်တို့ တွေ့မြင်ချင်ပါတယ်'' လို့ ပြောတယ်။ ''အဲဒီမော်ဒယ်တွေထဲကတချို့ဟာအနှစ်၂၀၊၃၀ လောက်စီးပြီးသားတွေပါ။လူတချို့ကအဲဒါတွေကိုမသုံးတော့ဘူးဆိုပြီးလွှင့်ပစ်ကြတယ်။တချို့ကအဲဒါတွေရဲ့တန်ဖိုးကိုနားမလည်ကြဘူး။သံတိုသံစအဖြစ် ရောင်းပစ်နေကြတယ်'' လို့ Gin ကဆိုတယ်။ ''အဲဒီဆိုင်ကယ်လေးတွေကိုလှပသွားအောင်ကျွန်တော်တို့လုပ်ချင်တယ်၊ ပြန်စီးလို့ရအောင်လုပ်ချင်ပါတယ်'' တဲ့။
ညွန့်သောင်း