ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ အခြေစိုက်ပြီး ၂၀၀၈ ခုနှစ်၊ သြဂုတ်လမှာ တည်ထောင်ခဲ့တဲ့ Airbnb ဟာ အွန်လိုင်းပေါ်ကပဲဖြစ်ဖြစ်၊ လက်ကိုင်ဖုန်း၊ ဒါမှမဟုတ် တက်ဘလက်ပေါ်ကပဲဖြစ်ဖြစ် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပြိုင်ဘက်ကင်းတဲ့ တည်းခိုစရာနေရာတွေကို ရှာဖွေတွေ့ရှိဖို့၊ စာရင်းပေးဖို့နဲ့ ဘွတ်ကင်လုပ်ဖို့အတွက် လူအများက ယုံကြည်စိတ်ချနေကြတဲ့ ဈေးကွက်ကြီးတစ်ခုဖြစ်ပါတယ်။ တစ်ညတာအတွက် တိုက်ခန်းတစ်ခန်းပဲဖြစ်ဖြစ်၊ တစ်ပတ်စာအတွက်ရဲ့ တိုက်ဟိုတယ်တစ်ခုပဲဖြစ်ဖြစ်၊ တစ်လစာအတွက် အိမ်ကျယ်ကြီးတစ်လုံးပဲဖြစ်ဖြစ်၊ ဘယ်ဈေးနှုန်းနဲ့ပဲဖြစ်ဖြစ် နိုင်ငံပေါင်း ၁၉၀ က မြို့ကြီးပေါင်း ၃၄,၀၀၀ ကျော်မှာရှိတဲ့ ပြိုင်ဘက်ကင်းတဲ့ ခရီးသွားအတွေ့အကြုံတွေကို Airbnb က လူအများနဲ့ ချိတ်ဆက်ပေးနေပါတယ်။ ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုကိုပေးပြီး သုံးစွဲသူတွေရဲ့ အသိုက်အဝန်းကြီးတစ်ခုအဖြစ် ကြီးထွားလာတဲ့ Airbnb ဟာ နေရာထိုင်ခင်းအပိုရှိနေတဲ့လူတွေအတွက် သူတို့မှာ ပိုလျှံနေတဲ့နေစရာနေရာကို သန်းနဲ့ချီနေတဲ့ ပရိသတ်တွေကသိသွားပြီး ငွေဖြစ်လာအောင်လုပ်ဖို့ အလွယ်ကူဆုံး နည်းလမ်းဖြစ်နေပါတယ်။ Airbnb ကို Brian Chesky ၊ Joe Gebbia နဲ့ Nathan Blecharczyk တို့သုံးဦးက ပူးတွဲတည်ထောင်ခဲ့တာဖြစ်ပါတယ်။
Brian Chesky နဲ့ Joe Gebbia တို့နှစ်ယောက်ဟာ ဆန်ဖရန်စစ္စကိုမြို့ကို ပြောင်းလာခဲ့တဲ့အချိန်မှာ အခန်းဖော်တွေ ဖြစ်လာခဲ့ကြပါတယ်။ သူတို့နှစ်ယောက်စလုံး အလုပ်မရှိဘဲ ငွေလိုနေတဲ့အချိန်မှာ အမေရိကန် စက်မှုဒီဇိုင်းအသင်းကြီးကကျင်းပတဲ့ စက်မှုဒီဇိုင်းညီလာခံကြီးပေါ်လာခဲ့ပြီး ဟိုတယ်တွေတော်တော်များမှာ ဘွတ်ကင်လုပ်တဲ့လူတွေနဲ့ ပြည့်သွားပါတယ်။ အဲဒီအချိန်မှာ သူတို့နေတဲ့နေရာကလေးကို ပြန်ငှားပြီး ဝင်ငွေနည်းနည်းပါးပါးရှာလို့ရလိမ့်မယ်လို့ သူတို့နှစ်ယောက်က ယုံကြည်ခဲ့ပါတယ်။ သူတို့ဟာ လေထိုးအိပ်ရာ သုံးခုကိုဝယ်ခဲ့ပြီး အဲဒီစိတ်ကူးကို လူသိများအောင်လုပ်ဖို့အတွက် ''Air Bed and Breakfast'' ဆိုတဲ့ ဝက်ဘ်ဆိုက်ဒ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီလို လုပ်လိုက်တာဟာ Airbnb အတွက် အခြေခံအုပ်မြစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ Harvard တက္ကသိုလ်က ဘွဲ့ရလာတဲ့ နည်းပညာဆိုင်ရာ ဗိသုကာ Nathan Blecharczyk ဟာ သူတို့နဲ့အတူ ပူးပေါင်းပြီး တတိယပူးတွဲရင်းနှီးမြှုပ်နံှသူ ဖြစ်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ Airbnb ကို စလုပ်ခဲ့တဲ့အချိန်က Customer ဆိုလို့ နှစ်ယောက်ပဲရှိခဲ့ပြီး အဲဒီထဲကတစ်ယောက်က Chesky ကိုယ်တိုင်ပဲဖြစ်ပါတယ်။ စလုပ်တဲ့အချိန်မှာ ကုမ္ပဏီရဲ့နောက်ကွယ်က စိတ်ကူးဟာ အမှန်တကယ် ဆွဲဆောင်မှုမရှိခဲ့တဲ့အတွက် ကုမ္ပဏီအနေနဲ့ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ သူတို့ဟာ ဒီလိုချိနဲ့နေတဲ့ ကုမ္ပဏီကို ငွေကြေးဖြည့်ဆည်းဖို့အတွက် အဲဒီအချိန်က သမ္မတလောင်းတွေဖြစ်ကြတဲ့ Barack Obama နဲ့ John McCain တို့ရဲ့ပုံတွေကိုထည့်သုံးပြီး ''Obama O's'' နဲ့ ''Cap'n McCains'' ဆိုတဲ့ အသင့်စားနံနက်စာဘူးတွေကို တီထွင်ဖန်တီးခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့ရတာဟာ သူရဲ့ အဆိုးဆုံးအခြေအနေပါပဲလို့ Chesky က ဖော်ပြခဲ့ပါတယ်။ Y.Combinator ငွေကြေးမတည် ရင်းနှီးမှုကုမ္ပဏီကြီးက အဲဒီအသင့်စား နံနက်စာဘူးတွေကိုမြင်ပြီး သဘောကျသွားခဲ့ပါတယ်။ အဲဒါကြောင့် Y.Combinator က Airbnb ကို သူတို့ရဲ့ ရင်းနှီးမတည် ငွေထောက်ပံ့ရေး အစီအစဉ်ထဲမှာ ထည့်သွင်းလက်ခံလိုက်ပါတယ်။
လုပ်ငန်းသစ်နှစ်ခုကို စလုပ်ပြီးတဲ့ နောက်ဆုံးမှာတော့ ကုမ္ပဏီဟာ အခုလိုဒီနေ့မြင်တွေ့ရတဲ့ ကုမ္ပဏီကြီးကို စပြီးလုပ်ခဲ့ပါတယ်။ သူ့ရဲ့ကုမ္ပဏီဟာ SXSW ပွဲတော်တစ်ခုစီမှာ အများကြီးတိုးတက်ကြီးထွားလာခဲ့ပါတယ်လို့ ၂၀၁၃ ခုနှစ်ရဲ့ SXSW ရုပ်ရှင်ဂီတပွဲတော်မှာ Chesky က ပြောပါတယ်။ SXSW ပွဲတော်ကာလအတွင်းမှာ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက Texas ပြည်နယ် Austin မြို့မှာ Airbnb ကို အသုံးပြုတဲ့လူ ၁,၀၀၀ ရှိ ခဲ့ပြီး 2013 SXSW အတွက်တော့ Airbnb ကို အသုံးပြုတဲ့ လူ ၈,၀၀၀ ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် Airbnb ကို အသုံးပြုနေတဲ့လူတွေဟာ တစ်နေ့ကို ၅၀,၀၀၀ က ၆၀,၀၀၀ အထိ ရှိပါတယ်။ Airbnb ဟာ Y.Combinator ကုမ္ပဏီကြီးရဲ့စောင့်ရှောက်မှုအောက်မှာ ရှင်သန်ကြီးထွားခဲ့ပါတယ်။ ကုမ္ပဏီဟာ ပထမတစ်နှစ်အတွင်းမှာပဲ နိုင်ငံတကာကိုဝင်ဖို့အတွက် ဥရောပမှာ ရုံးသစ်တွေတော်တော်များ ဖွင့်ခဲ့ပါတယ်။
ဒီဝန်ဆောင်မှုလုပ်ငန်းကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ကတည်းက သူတို့ရဲ့ဝန်ဆောင်မှုကို သုံးစွဲတဲ့ ဧည့်သည်ပေါင်းဟာ သန်း ၃၀ ရှိခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို အလားအလာလည်းကောင်းတဲ့ အရာတစ်ခုကတော့ ၂၀၁၄ ခုနှစ် တစ်နှစ်ထဲမှာပဲ ဧည့်သည်ပေါင်း သန်း ၂၀ ရှိခဲ့တာပါပဲ။ ဒါဟာ ကုမ္ပဏီရဲ့ တန်ဖိုးကိုတွက်တဲ့အထဲမှာ အကောင်းဘက်က သက်ရောက်မှုရှိခဲ့တာအမှန်ပါပဲ။ ၂၀၁၄ ခုနှစ် ဧပြီလမှာ ဝန်ထမ်းတွေရဲ့စတော့တွေကို ရောင်းချခဲ့ပြီးတဲ့နောက် ကုမ္ပဏီရဲ့တန်ဖိုးကို ဒေါ်လာဘီလီယံ ၂၀ နဲ့ တွက်ခဲ့ပါတယ်။
Airbnb ၏ အငြင်းပွားစရာဖြစ်ရပ်များ
ဆန်ဖရန်စစ္စကိုမှာ နေထိုင်ပြီး သူ့ကိုယ်သူ ''EJ'' လို့ နာမည်ပေးထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ တိုက်ခန်းနဲ့ပတ်သက်ပြီး သူတို့ရဲ့ ကိုင်တွယ်ခဲ့မှုအတွက် Chesky က တောင်းပန်ခဲ့ပါတယ်။ Airbnb က တစ်ဆင့် သူ့ရဲ့တိုက်ခန်းမှာငှားနေခဲ့တဲ့သူက သူ့ရဲ့အိမ်ကို ပစ်စလက်ခတ်ထားပစ်ခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ EJ က ဒီကိစ္စကို ကုမ္ပဏီရဲ့အရေးပေါ်ဖုန်းလိုင်းကတစ်ဆင့် တိုင်ကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး EJ က သူ့ရဲ့ Blog ပေါ်မှာ တင်လိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ Airbnb ရဲ့ တခြားဖောက်သည်တွေဆီမှာလည်း သူတို့ ငှားနေခဲ့တဲ့အိမ်တွေမှာ ခိုးယူဖျက်ဆီးမှုတွေရှိခဲ့တယ်ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Chesky က သူ့ရဲ့ Blog ပေါ်မှာ Post တစ်ခုကို တင်ပြီး အဲဒီအခြေအနေကို ရှင်းပြဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ထပ်ပြဿနာတစ်ခုကတော့ Craigslist ဆိုတဲ့ တခြားဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီတစ်ခုနဲ့ ပတ်သက်နေပါတယ်။ ဖြစ်ရပ်ကတော့ အားလပ်ရက်တွေမှာ ငှားပြီးနေမယ့်တိုက်ခန်းတွေအတွက် Craigslist အစား Airbnb မှာပဲ စာရင်းပေးဖို့ Email ကတစ်ဆင့် လူတွေကို မမှန်ကန်တဲ့နည်းလမ်းနဲ့ တိုက်တွန်းနေတဲ့ Airbnb ရဲ့ဝန်ထမ်းတွေကို ဖမ်းမိခဲ့တာပဲ ဖြစ်ပါတယ်။ Gawker ဆိုတဲ့ သတင်းဝက်ဘ်ဆိုက်ဒ်ကတော့ ဒီလိုရိုက်စားလုပ်တာဟာ ၂၀၀၃ ခုနှစ် CAN-SPAM အက်ဥပဒေကို ချိုးဖောက်ခဲ့တာဖြစ်နိုင်တယ်လို့ ယူဆကြောင်းပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Chesky က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ ကန်ထရိုက်တာတွေအပေါ်မှာ အပြစ်ဖို့ခဲ့ပါတယ်။
Airbnb ကို ပူးတွဲတည်ထောင်ခဲ့သူများ
Joe Gebbia ဟာ Airbnb ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့တစ်သက်တာကာလပတ်လုံး အနုပညာနဲ့ ဒီဇိုင်းအပေါ်မှာ ရသခံစားတန်ဖိုးထားခဲ့မှုက သူ့ကို Rhode Island ဒီဇိုင်းပညာတက္ကသိုလ် (RISD) ကို ရောက်အောင်ပို့လိုက်ပါတယ်။ သူဟာ Rhode Island ပြည်နယ် Providence မြို့မှာရှိတဲ့ အဲဒီတက္ကသိုလ်ကပဲ Graphic Design ဘာသာ၊ Industrial Design ဘာသာတွေနဲ့ အနုပညာဘွဲ့ရခဲ့ပါတယ်။ ငယ်စဉ်ကတည်းက စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ခဲ့တဲ့ Joe ရဲ့ Airbnb မှာ အသစ်အဆန်းတွေကို ရှာဖွေဖော်ထုတ်သုံးစွဲတဲ့လုပ်ငန်းဟာ ဆန်ဖရန်စစ္စကိုက သူ့ရဲ့တိုက်ခန်းမှာစခဲ့ပြီး နိုင်ငံပေါင်း ၁၉၀ ကျော်မှာ စာရင်းသွင်းမှုပေါင်း ၂ သန်းအထိ ပျံ့နှံ့သွားပြီး ကမ္ဘာတစ်ဝန်းက ထောင်နဲ့ချီတဲ့ လူတွေအတွက် စီးပွားရေးလုပ်ကွက်သစ်တစ်ခုကို ဖန်တီးပေးနေပါတယ်။ သူဟာ ဒီဇိုင်းတွေကို အလှအပနဲ့ ရသပြည့်ဝအောင် ပုံဖော်ပေးသလို အနာဂတ်တိုးတက်မှု အခွင့်အလမ်းတွေကို ဆန်းသစ်တီထွင်ပေးတဲ့ကုမ္ပဏီရဲ့ယဉ်ကျေးမှုကို ဖန်တီးရာမှာလည်း ပါဝင်လုပ်ကိုင်နေပါတယ်။ Joe ဟာ စွန့်ဦးတီထွင်လုပ်ကိုင်မှုနဲ့ ဒီဇိုင်းပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို တစ်ကမ္ဘာလုံးမှာပြောခဲ့ပါတယ်။ သူဟာ Inc မဂ္ဂဇင်းကြီးရဲ့ အသက် ၃၀ အောက် အတော်ဆုံးစွန့်ဦးတီထွင်လုပ်ငန်းရှင် ၃၀ စာရင်း၊ Fortune မဂ္ဂဇင်းကြီးရဲ့ အသက် ၄၀ အောက် ကမ္ဘာ့သြဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၄၀ စာရင်းတွေထဲမှာ ထည့်သွင်းရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
တာဝန်ယူမှုအပိုင်း
Airbnb ကို ပူးတွဲတည်ထောင်ခဲ့တဲ့ Gebbia ဟာ Airbnb မှာ CPO ရာထူးကို ယူထားပါတယ်။ သူဟာ Product နဲ့ ပတ်သက်တဲ့အဖွဲ့ကိုဦးဆောင်ပြီး Airbnb ရဲ့ Brand နဲ့ Product ဖွံ့ဖြိုးရေးကို ကြီးကြပ်ကွပ်ကဲပါတယ်။ ဒီအလုပ်ထဲကို မဝင်ခင်က သူဟာ Chronicle Books ကုမ္ပဏီမှာ ဒီဇိုင်နာတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး Green Design Site တစ်ခုနဲ့ စားသုံးပစ္စည်းတချို့ကို ဖော်ထုတ်ခဲ့ပါတယ်။ သူဘွဲ့နှစ်ခုရခဲ့တဲ့ Rhode Island ဒီဇိုင်းပညာတက္ကသိုလ် (RISD) မှာပဲ Airbnb ကို ပူးတွဲတည်ထောင်သူ Brian Chesky နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ Joe ဟာ Brian Chesky နဲ့အတူ Peer-to-peer ကွန်ပျူတာစနစ်နဲ့ အိမ်နဲ့တိုက်ခန်း အငှားကုမ္ပဏီကို စိတ်ကူးကိုရခဲ့ပြီး အဲဒီကုမ္ပဏီဟာ နောင်အခါမှာ Airbnb ဖြစ်လာခဲ့ပါတယ်။
Joe ဟာ တခြားတည်ထောင်သူနှစ်ယောက်နဲ့အတူ ကုမ္ပဏီရဲ့အစုရှယ်ယာတွေရဲ့ ၁၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီအတွက် Joe ဟာ သူ့အသက် ၃၀ ကျော်ခါစမှာပဲ ဘီလီယံနာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Joe ရဲ့အောင်မြင်မှုဟာ နေ့ချင်းညချင်းရခဲ့တာမဟုတ်တဲ့အတွက် ဒဏ္ဍာရီတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလီယံနာတစ်ယောက် ဖြစ်လာတယ်ဆိုတာကတော့ ထူးခြားလှပြီး အောင်မြင်မှုပေါင်းတစ်ဘီလီယံမှာ ဒီလိုအောင်မြင်မှုမျိုးတစ်ခုပဲရှိတယ်လို့ ပြောလို့ရပါတယ်။
ပရဟိတလုုပ်ငန်း
Gebbia ဟာ သူ့ရဲ့မိခင်တက္ကသိုလ်ဖြစ်တဲ့ Rhode Island ဒီဇိုင်းပညာတက္ကသိုလ် (RISD) ရဲ့ အုပ်ထိန်းမှုအဖွဲ့မှာ ဝင်ရောက်လုပ်ကိုင်နေပါတယ်။ ၂၀၁၄ ခုနှစ်မှာ သူဟာ တစ်နှစ်ကို ဒေါ်လာ ၅၀,၀၀၀ ပေးတဲ့ ပညာသင်ဆုငွေပဒေသာပင် တစ်ခုတည်ထောင်ဖို့အတွက် RISD ကို ဒေါ်လာ ၃၀၀,၀၀၀ လှူဒါန်းခဲ့ပါတယ်။
Brian Chesky ဟာ အမေရိကန်အင်တာနက်လုပ်ငန်း စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပြီး ဧည့်ဝတ်ကျေပွန်မှု လဲလှယ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Airbnb ရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO အဖြစ်နဲ့ သူ့ကို လူသိအများဆုံး ဖြစ်ပါတယ်။ သူ့ရဲ့မိဘတွေဟာ လူမှုဝန်ထမ်းအလုပ်သမားတွေ ဖြစ်ကြပါတယ်။ Chesky ဟာ Rhode Island ဒီဇိုင်းပညာတက္ကသိုလ် (RISD) ကို တက်ခဲ့ပြီး နောင်အခါ Airbnb ရဲ့ပူးတွဲတည်ထောင်သူနဲ့ Chief Production Officer ဖြစ်လာမယ့် Joe Gebbia နဲ့ အဲဒီတက္ကသိုလ်မှာပဲ ဆုံခဲ့ပါတယ်။ သူ့ရဲ့ Industrial Design ပိုင်းဆိုင်ရာ B.F.A ဘွဲ့ကိုရခဲ့တဲ့ အဲဒီ RISD တက္ကသိုလ်မှာ တက်နေချိန်မှာ သူနဲ့သူ့သူငယ်ချင်းနှစ်ယောက်ဟာ NADS ဟော့ကီအသင်းမှာ ပါဝင်ခဲ့ကြပါတယ်။ အသင်းဟာ ဖျက်သိမ်းခံရလုနီးပါး ဖြစ်ခဲ့တဲ့အတွက် သူတို့ဟာ အသင်းကို Brand တစ်ခုဖြစ်အောင် ပြောင်းလဲပစ်ဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။ အသင်းကို Brand အသစ်ပြန်လုပ်ပြီး NADS ဟော့ကီအသင်းအတွက် ကိုယ်ပိုင်အမှတ်အသားအဖြစ် Scrotie ဆိုတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ RISD လာဘ်ကောင်ကို စိတ်ကူးရခဲ့ပါတယ်။ ''အဲဒါဟာ ကျွန်တော့်ရဲ့ အကြီးကျယ်ဆုံး ဖန်တီးမှုပါပဲ'' လို့ Chesky က ပြောပါတယ်။ Scrotie စီမံကိန်းဟာ စွန့်ဦးတီထွင်မှုထဲကို သူ့ရဲ့ချင်းနင်းဝင်ရောက်မှုတစ်ခုဖြစ်တယ်လို့လည်း သူက လက်ခံယုံကြည်ထားပါတယ်။ သူ့ရဲ့လုပ်ငန်းဆောင်ရွက်မှုကို တိုးတက်အောင်လုပ်ဖို့ အကောင်းဆုံးနည်းကတော့ ''ကိုယ်ဖော်တဲ့ဆေးကိုယ်ပြန်စားတဲ့'' နည်းကို သုံးဖို့ဖြစ်တယ်လို့ Chesky က ယုံကြည်ထားပါတယ်။ ဒါက သူ့ရဲ့ Airbnb ကို သူပြန်ပြီးသုံးတာကို ဆိုလိုတာဖြစ်ပါတယ်။ လူတွေကိုခရီးသွားဖို့နဲ့ ကုမ္ပဏီအသိုက်အဝန်းက လူတွေရဲ့ဘဝတွေကို ပြောင်းလဲဖို့ စိတ်ဝင်စားစရာကောင်းပြီး ပြိုင်ဘက်ကင်းတဲ့ နည်းလမ်းတွေကို ကုမ္ပဏီကပေးဖို့အတွက် Chesky ဟာ ကုမ္ပဏီရဲ့ရည်မှန်းချက်၊ မဟာဗျူဟာနဲ့ ဖွံ့ဖြိုးမှုတွေကို တွန်းအားပေးနေပါတယ်။ Chesky ရဲ့ ဦးဆောင်မှုအောက်မှာ Airbnb ဟာ မျှဝေခံစားတဲ့ စီးပွားရေးအဆောက်အအုံကြီးရဲ့ ရှေ့တန်းမှာ ရပ်တည်နေပြီး နိုင်ငံပေါင်း ၁၉၀ ကျော်မှာ စာရင်းပေးမှုပေါင်း ၂ သန်းကျော်အထိ တိုးချဲ့လာခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်ကတည်းက Chesky မှာ ကိုယ်ပိုင်အိမ်ရယ်လို့ တစ်လုံးမှ မရှိခဲ့ပါဘူး။
Nathan ဟာ Airbnb ကုမ္ပဏီရဲ့နောက်ကွယ်က နည်းပညာပိုင်းဆိုင်ရာ ဗိသုကာတစ်ယောက်ဖြစ်ပြီး Harvard တက္ကသိုလ်က ကွန်ပျူတာသိပ္ပံဘွဲ့ကို ရခဲ့သူဖြစ်ပါတယ်။ သူဟာ ကုမ္ပဏီရဲ့နည်းပညာပိုင်းဆိုင်ရာ မဟာဗျူဟာကို ကြီးကြပ်ကွပ်ကဲပြီး Airbnb ကို ဒီလုပ်ငန်းအမျိုးအစားရဲ့ ရှေ့တန်းမှာပဲရှိနေအောင် ထိန်းထားဖို့အတွက် ကမ္ဘာ့အဆင့်မီအင်ဂျင်နီယာတွေပါတဲ့ အဖွဲ့တစ်ဖွဲ့တည်ဆောက်ရေးကို ခြေစုံပစ်ပြီး လုပ်ကိုင်နေပါတယ်။ ရည်မှန်းချက်နဲ့ဒီဇိုင်းကို မြန်မြန်ဆန်ဆန် ထပ်တလဲလဲလုပ်တဲ့နည်းနဲ့ လက်တွေ့ကျတဲ့ Product ဖြစ်လာအောင်ပြောင်းလဲပေးတဲ့ လက်တွေ့သမားတစ်ယောက်ဖြစ်တဲ့ Nathan ဟာ တိုးတက်မှုမြင့်မားတဲ့ အခွင့်အလမ်းတွေကို ဖော်ထုတ်ပြီး အဲဒီနောက်ကလိုက်ဖို့ Data တွေကို အသုံးပြုပါတယ်။ သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ အင်ဂျင်နီယာအဖွဲ့ဟာ ကြီးမားပြီးလုံခြုံစိတ်ချရတဲ့ ဈေးကွက်ကြီးတစ်ခုကို ဖော်ထုတ်ခဲ့ပြီး အခုဆိုရင် အဲဒီဈေးကွက်ကြီးဟာ ဧရာမအရောင်းအဝယ်ကြီးတွေ ဖြစ်လာအောင် နေ့စဉ်ဖန်တီးပေးနေပါပြီ။ Nathan ဟာ သူအထက်တန်းကျောင်းကို တက်နေတဲ့အချိန်ကတည်းက အွန်လိုင်းမားကက်တင်း ကုမ္ပဏီတစ်ခုကိုတည်ထောင်ပြီး စီးပွားရေးနဲ့နည်းပညာကို အစောကြီးစလုပ်ခဲ့ပါတယ်။ သူဟာ အဲဒီအချိန်ကစပြီး Microsoft ကုမ္ပဏီမှာ ပရောဂျက်မန်နေဂျာ၊ OPNET Technologies ကုမ္ပဏီမှာ အင်ဂျင်နီယာ၊ Batiq ကုမ္ပဏီမှာ တီထွင်ဖော်ထုတ်ရေးမှူးဆိုတဲ့အလုပ်တွေကို လုပ်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၂၀ ကျော်မှာရှိတဲ့ ဖောက်သည်တွေဆီကို ရောင်းချရင်း လုပ်ငန်းတစ်ခုကို စီမံကွပ်ကဲရေးမှာ စွန့်ဦးတီထွင်သူတစ်ယောက် စောစောစီးစီး ဖြစ်လာခဲ့ပါတယ်။ Nathan ဟာ ဟားဗတ်တက္ကသိုလ်က ကွန်ပျူတာသိပ္ပံဘွဲ့ကို ရခဲ့ပါတယ်။ ကျောင်းပြီးသွားတဲ့အခါ ပြင်ပက စွန့်စားမှုတွေကို သူမျှော်ကြည့်ခဲ့ပါတယ်။ နည်းပညာရှင်စစ်စစ်တစ်ယောက်ဖြစ်တဲ့ Nathan ဟာ တစ်နေ့မှာ Airbnb ရဲ့စာမျက်နှာတွေပေါ်မှာ လုပ်ငန်းရှင်သူဌေးကြီး Bill Gates ရဲ့နေအိမ်ကို ထည့်သွင်းဖော်ပြနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဇော်ဝင်းကြူ(ပျဉ်းမနား)