Condominium Law ၊ စုပေါင်းပိုင်အဆောက်အအုံ လုပ်ငန်းဥပဒေကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်မှာ ပြဌာန်းခဲ့ပါတယ်။ ဒီဥပဒေထွက်လာတာကို မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းက ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုပါတယ်။ ဒီဥပဒေကြောင့် စုပေါင်းပိုင်အိမ်ရာခေါ် ကွန်ဒိုတိုက်ခန်းတွေတည်ဆောက်ရာမှာ ဝန်ကြီးဌာနအနေနဲ့ စုပေါင်းပိုင်အဆောက်အအုံတစ်ခုဖြစ်ဖို့ သတ်မှတ်ထားတဲ့အထပ်အရေအတွက်၊ အိမ်ခန်းအရေအတွက်၊ လုံလောက်တဲ့ယာဉ်ရပ်နားဖို့နေရာနဲ့ စုပေါင်းပိုင်အသုံးပြုသူများ အသုံးပြုဖို့စီမံထားရှိရမယ့် စုပေါင်းပိုင်ပစ္စည်းတွေ လုံခြုံရေးနဲ့ဘေးအန္တရယ် ကင်းရှင်းရေးဆိုင်ရာ စံချိန်စံညွှန်းတွေကို သတ်မှတ်ပေးထားပါတယ်။ ဒါအပြင် ကွန်ဒိုခန်းပိုင်ရှင်တွေအနေနဲ့ ကိုယ်ပိုင်ဆိုင်တဲ့ တိုက်ခန်းတွေကို လွှဲပြောင်းရောင်းချခွင့်၊ ငှားရမ်းခွင့်တွေအပြင် ဘဏ်မှာပေါင်နှံခွင့်ရထားသလို တစိတ်တပိုင်း မြေပိုင်ဆိုင်ခွင့်ပါရမှာဖြစ်တဲ့အပြင် နိုင်ငံခြားသားတွေကိုလည်း ကွန်ဒိုတိုက်ခန်းဝယ်ယူခွင့်ပေးထားတာကို တွေ့ရပါတယ်။
အရင်က ကွန်ဒိုမီနီယံဆောက်မယ့် မြေဧရိယာက တစ်ဧက (၄၃,၅၆၀ စတုန်းပေ) ရှိရမှာဖြစ်ပေမဲ့ အခုတော့ အနည်းဆုံးဧကဝက် (၂၁,၇၈၀ စတုရန်းပေ) ရှိတဲ့ မြေမှာတင် ဆောက်နိုင်ပြီဖြစ်ပါတယ်။ ကွန်ဒိုဥပဒေ ထွက်လာတဲ့အတွက် ကွန်ဒိုဈေးကွက်အနေအထား ပြန်ကောင်းလာနိုင်ပါတယ်။ ဒီဥပဒေမှာ ထူးခြားချက်အနေနဲ့ နိုင်ငံခြားသားတွေကို အဆောက်အအုံတစ်ခုရဲ့ အခန်းတွေထဲက ၄၀ ရာခိုင်နှုန်းကို ရောင်းချနိုင်တယ်ဆိုတာ ပါရှိပါတယ်။ ဒါကြောင့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေထဲကို ပြည်ပရင်းနှီးမြှုပ်နှံငွေတွေ ရောက်လာစေနိုင်ပါတယ်။ ကွန်ဒိုတိုက်ခန်းတွေ ဝယ်လိုအားတက်လာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံမှုလည်း တက်လာနိုင်ပါတယ်။ ဒီဥပဒေဟာ အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးလိုက်သလို ဖြစ်စေပါတယ်။ လောလောဆယ်မှာတော့ စုပေါင်းပိုင်ဥပဒေထုတ်ပြန်ပြီး ဖြစ်ပေမယ့် နည်းဥပဒေမထွက်သေးတဲ့အတွက် အရောင်းအဝယ်အနေအထားကိုတော့ သိသိသာသာ မလှုပ်ခတ်သေးပါဘူး။ ဒီဥပဒေကို စင်္ကာပူ၊ ထိုင်း၊ မလေးရှားစတဲ့ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာမှာလည်း ရှိသလို နိုင်ငံခြားသားတွေကိုလည်း ဒီဥပဒေအရ ဝယ်ယူနေထိုင်ခွင့်ပေးထားတာ ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီဥပဒေကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုအနေအထား ပိုမိုအားကောင်းလာစေသလို နိုင်ငံခြားသားတွေ ဝယ်ယူနေထိုင်တာကြောင့် နိုင်ငံမှာ အခွန်ဝင်ငွေတွေ တိုးလာစေတယ်။ နိုင်ငံခြားသားတွေအနေနဲ့လည်း ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူနေထိုင်ဖို့ စိတ်အားထက်သန်မှုရှိတယ်လို့ သိရပါတယ်။ နည်းဥပဒေထွက်လာရင်တော့ အရောင်းအဝယ်ကောင်းလာမယ်လို့ မြင်ပါတယ်။ စုပေါင်းပိုင်အဆောက်အအုံ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူမယ့်သူတွေအနေနဲ့ ကွန်ဒိုတိုက်ခန်းပိုင် မြေပိုင်စနစ်နဲ့ စုပေါင်းစီမံခန့်ခွဲမှု အခွင့်အလမ်းတွေကို စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားဖို့လိုပါတယ်။ နိုင်ငံခြားသားတွေကတော့ ကွန်ဒိုတိုက်ခန်းကိုသာ ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ မြေပိုင်ဆိုင်ခွင့်ကိုတော့ရမှာမဟုတ်ပါဘူး။
ဆောက်လုပ်ပြီးစီးမယ့် ကွန်ဒိုအခန်းပေါင်းကတော့ ၂၀၁၆ ခုနှစ် အကုန်ပိုင်းနဲ့ ၂၀၁၇ ခုနှစ်ထဲမှာ စုစုပေါင်း နှစ်သောင်းစွန်းစွန်းလောက် ရှိမယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ တစ်စတုရန်းပေကို အမေရိကန်ဒေါ်လာ ၂.၅၀ ကနေ ၆.၀ ကြားထိ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ကွန်ဒိုအခန်းတွေ ရောင်းအား ကောင်းလာနိုင်တယ်လို့ ပြောထားပေမယ့် တကယ်တမ်းဝယ်လိုအားက ရောင်းလိုအားထက် နည်းနေဦးမယ်လို့ ခန့်မှန်းမိပါတယ်။ အဓိကအနေနဲ့ ကွန်ဒိုအခန်း ဝယ်ယူမှုမှာ ပြည်တွင်းနိုင်ငံသားတွေရဲ့ ဝယ်လိုအားနဲ့ နိုင်ငံခြားသားဝယ်လိုအားတွေက စုပေါင်းပိုင်ကွန်ဒိုတိုက်ခန်းဈေးကွက်ကို အားကောင်းစေနိုင်မယ်လို့ ခန့်မှန်းမိပါတယ်။
ဦးခင်မောင်သန်း၊ ဥက္ကဌ၊
မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းရှင်များအသင်း